Tuesday 13 August 2013

တရား စီရင်ရေး၊ ဥပဒေ စိုးမိုးရေး ယိမ်းယိုင်နေမှု တို့ကို ထောက်ပြ ထားသော ဒေါ်အောင်ဆန်း စုကြည်၏ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ ပထမဆုံး အစီရင်ခံစာ လွှတ်တော်သို့ တင်သွင်း

8.1.1
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းစဉ်
တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေး ယိမ်းယိုင်နေမှုတို့ကို ထောက်ပြ ထားသော ဒေါ်အောင်ဆန်းစုကြည်၏
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ ပထမဆုံး အစီရင်ခံစာ လွှတ်တော် သို့တင်သွင်း ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ ပထမဆုံးသော အစီရင်ခံစာကို သြဂုတ် ၁၂ ရက်က ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့သည်။ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော် မတီ အား ၂၀၁၂ ခုနှစ် သြဂုတ် ၇ ရက်တွင် စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး တစ်နှစ်နီးပါး အကြာတွင် မြန်မာနိုင်ငံ၏ တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေး တို့အပေါ် ကော်မတီ ၏ လေ့လာတွေ့ရှိချက်များ၊ သုံးသပ်ချက်များ ပါဝင်သည့် စာမျက်နှာ ခုနစ်မျက်နှာပါ အစီရင်ခံစာ ကို ပြည်သူ့ လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

အစီရင်ခံစာတွင် ကော်မတီ၏ ဆောင်ရွက်ချက်၊ တွေ့ရှိချက်၊ သုံးသပ် ချက်နှင့် ကော်မတီ ၏ ရှေ့လုပ်ငန်း စဉ်များ အကြံပြုချက်ဟူ၍ အပိုင်းလေးပိုင်း ခွဲကာ တင်ပြထားသည်။

ကော်မတီ၏ ဆောင်ရွက်ချက် အပိုင်းတွင် ကော်မတီ အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တရားရုံးများအထိ ဆင်းကာ အမှုသည်များ၊ သက်သေများ၊ တာဝန်ရှိများနှင့် ဆွေးနွေးခြင်း၊ လေ့ လာခြင်း၊ တိုင်ကြားစာများကို လက်ခံကာ တိုင်ကြားစာပါ အမှုများအား ပြည်ထောင်စု အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ကော်မတီ၊ ကော်မရှင်များနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ဖော်ပြထားသည်။

တွေ့ရှိချက် များထဲတွင် ဥပဒေအချို့၏ အားနည်းချက်များကြောင့် အများပြည် သူ နစ်နာမှုရှိခြင်း၊ ပြည်သူ့ ရဲအရာရှိများ အနေဖြင့် လူသတ်မှု၊ ဖောက် ထွင်း မှုများအား မှန်ကန်မြန်ဆန်စွာ မဖော်ထုတ်နိုင်ခြင်း၊ တရားခံကို တိတိကျကျ မဖော်ထုတ်နိုင်ခြင်း၊ တရားရုံးတွင် အမှုလိုက်ပါ ဆောင်ရွက်ကြသော ဥပဒေအရာရှိများ၊ ရှေ့နေများကလည်း မိမိတို့၏ ကျင့်ဝတ်သိက္ခာ စောင့်ထိန်းရန်လိုခြင်း၊ တရားသူကြီးများ အနေဖြင့် ယိမ်းယိုင်နေသော တရားရေး မဏ္ဍိုင်ကို ပြန်လည် တည့်မတ်ရန် အဂတိတရားလေးပါး ကင်းစွာဖြင့် လုပ်ရန်လိုခြင်း၊ ဥပဒေကျင့်ထုံးများ၊ လုပ်ထုံးလုပ်နည်းများ၏ ပျော့ကွက်၊ ဟာကွက်ကို အခွင့်ကောင်းယူပြီး လိုရာဆွဲ ဆုံးဖြတ်ခြင်း မပြုရန် လိုအပ်နေခြင်း၊ အချို့တရားရုံးများသည် အမှုစစ်ဆေးခြင်း၊ စွဲချက်တင်ခြင်း၊ စီရင်ချက်ချခြင်းတို့တွင် ဥပဒေနှင့် မညီခြင်း ကဲ့သို့သော အချက်များ အပါအ၀င် လက်ရှိတရားရေးမဏ္ဍိုင် ယိမ်းယိုင်နေသည့် အခြေအနေ များ ပေါ်လွင် သည့် အချက်များ ပါဝင်သည်။

သုံးသပ်ချက်များ အပိုင်းတွင်လည်း တွေ့ရှိချက်များအပေါ် ပြန်လည် သုံးသပ်ရာ၌ တရားဥပဒေ စိုးမိုးရေး အပေါ်တွင် အာဏာပိုင်များ၏ ဖိအားပေးမှုများ၊ ၀င်ရောက် စွက်ဖက်မှုများ၊ လွှမ်းမိုးမှုများ ရှိနေကြောင်း၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်း အောင်မြင်စေရန် ဆိုပါက အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးပိုင်းက ပူးပေါင်းဆောင်ရွက်ရန်လိုပြီး ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ် အောင်မြင်မည် မဟုတ်ကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် ဗဟိုက ပြုပြင်မှု များ၊ ဖြေလျော့မှုများ လမ်းညွှန် ပြောကြားနေသော်လည်း အဆင့်ဆင့်သော အုပ်ချုပ်ရေးပိုင်း အဖွဲ့အစည်းများတွင် ရာစုထက်ဝက်ကျော် စွဲကပ်နေသော အလေ့အကျင့် စရိုက်လက္ခဏာများ၊ အကျင့်ပျက် ခြစားမှုများ မပျောက်မပျက် ရှိနေသေးကြောင်း စသည်ဖြင့် သုံးသပ်ချက် များစွာကိုလည်း ထည့်သွင်းထားသည်။

ရှေ့လုပ်ငန်းစဉ် အကြံပြုချက် အပိုင်းတွင် အခြေအနေ၊ အချိန်အခါနှင့် မညီညွတ်သော တရားဥပဒေ စိုးမိုးရေးအတွက် အဟန့်အတား အနှောင့် အယှက် ဖြစ်စေသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတို့ကို အမြန်ဆုံး ပြင်သင့်ကပြင်၍ ပယ်ဖျက်သင့်က ပယ်ဖျက်ပြီး အသစ်ပြဋ္ဌာန်းသင့်က ပြဋ္ဌာန်းရန်၊ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ခြင်း ဆိုသည်မှာ တိုင်းရင်းသား ပြည်သူပြည် သား များ အားလုံး ဘ၀လုံခြုံမှုအတွက် စိတ်အေး ချမ်းသာစွာဖြင့် တရားဥပဒေ၏ အကာအကွယ် အောက် တွင် လက်ရည်တစ်ပြင် တည်း နေထိုင် လုပ်ကိုင် စားသောက်နိုင်ကြမည့် ငြိမ်းချမ်းရေးမျိုးဖြစ်ရန် ရည်မှန်းချက် ထားရှိရပါမည်ဟူသော အချက်များကို ထည့်သွင်း ဖော်ပြထားသည်။

တင်သွင်းလာသည့် အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းရန် အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment