Tuesday 13 August 2013

ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့် မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ (ယာယီ) တို့ တွေ့ဆုံမှုတွင် အငြင်းပွား မီဒီယာ ဥပဒေများနှင့် ပတ်သက်၍ တိကျသော အဖြေထွက်ပေါ် ခဲ့ခြင်းမရှိ

8.1.1
စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် တွေ့ဆုံပြီးနောက် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက် တစ်ဦးက မေးခွန်းမေးမြန်းနေစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ တွေ့ဆုံမှုတွင် အငြင်းပွားနေသော မီဒီယာ ဥပဒေများနှင့် ပတ်သက်၍ တိကျသော အဖြေများ ထွက်ပေါ်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ ဒုတိယ၀န်ကြီး ဦးရဲထွဋ် ဦးဆောင်သော ပြန်ကြားရေး ၀န်ကြီး ဌာနနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)တို့သည် သြဂုတ် ၁၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ထိုသို့ မတွေ့ဆုံမီ အချိန်က မည်သည့် အကြောင်းအရာ များ ဆွေးနွေးမည် ဆိုသည်ကို မသိရှိရဘဲ ဟိုတယ်သို့ ရောက်ရှိချိန်တွင် မြန်မာနိုင်ငံ၏ မီဒီယာ ဖွံ့ဖြိုး တိုးတက်မှု ဆွေးနွေးပွဲ ခေါင်းစဉ်အောက်၌ မီဒီယာအပေါ် ပြန်ကြားရေး ၀န်ကြီးဌာန၏ သဘောထားများ ကို ပြော ကြား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် အမေရိကန်နိုင်ငံ တွင် ကျင့်သုံးနေပြီး မီဒီယာ ထိန်းချုပ်မှုနည်းသော လုံးဝလွတ်လပ်သည့် အယူအဆ နည်းဖြင့် မဟုတ်ဘဲ ဂျပန်နှင့် အီးယူတွင် အသုံးပြုနေသော လူမှုတာဝန်သိမှု မီဒီယာပုံစံအဖြစ် တည်ဆောက်ရန် မျှော်မှန်းထားချက်ကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

''မီဒီယာနဲ့ဆိုင်တဲ့ ဥပဒေတွေအတွက် ညှိနှိုင်းတဲ့ပွဲ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ၏ မီဒီယာဖွံ့ဖြိုး တိုးတက်မှု ဆွေးနွေးပွဲ ခေါင်းစဉ်အောက်မှာ ပြန်ကြားရေး ၀န်ကြီးဌာနက စာနယ်ဇင်း ကောင်စီကို Lecture ပေးတဲ့ သဘောနဲ့ အစိုးရက ဘာလုပ်ချင်တယ် ဆိုတာကို ရှင်းပြတဲ့ပွဲပါ။ Social Responsibility ရှိသော မီဒီယာဆိုတဲ့ ခေါင်းစဉ်လှလှ တပ်ထားပေမယ့် မီဒီယာကို ထိန်းချုပ်မယ်ဆိုပြီး ရှင်းပြတာပါ။ ဂျပန်နဲ့အီးယူမှာ ကျင့်သုံးတယ်ဆိုတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံကို ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) နဲ့ ဥရောပအခြေစိုက် ကမ္ဘာ့သတင်းစာများနဲ့ သတင်းစာ ထုတ်ဝေသူများ အစည်းအရုံး (WAN-IFRA) က ဘယ်လိုသုံးသပ် သလဲဆိုတာ ပြန်ကြားရေးဝန်ကြီး သိရောသိရဲ့လား မသိဘူး။ အစိုးရက မီဒီယာကို နည်းမျိုးစုံ (အနုနည်း အပါအ၀င်) ထိန်းချုပ်တာကို လွှတ်တော် အပါအ၀င် လူထုတစ်ရပ်လုံးက ဆန့်ကျင်ကြဖို့ လိုပါတယ်'' ဟု ဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သော Eleven Media Group ၏ မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာသိန်းမြင့်က ပြောကြားသည်။


ပြန်ကြားရေး ၀န်ကြီးဌာနမှ မျှော်မှန်းထားသော လူမှုတာဝန်သိမှု မီဒီယာပုံစံတွင် စာနယ်ဇင်းသည် စိတ်ထင်တိုင်း လွတ်လပ်ခွင့် မရှိကြောင်းနှင့် အများပြည်သူ အကျိုးစီးပွား အလို့ငှာ အစိုးရသည် စာနယ်ဇင်းဆိုင်ရာ စည်းမျဉ်းဥပဒေများ ရေးဆွဲနိုင်ကြောင်း အချက်များ ပါရှိသည်...

ပြန်ကြားရေး ၀န်ကြီးဌာနမှ မျှော်မှန်းထားသော လူမှုတာဝန်သိမှု မီဒီယာပုံစံတွင် စာနယ်ဇင်းသည် စိတ်ထင် တိုင်း လွတ်လပ်ခွင့် မရှိကြောင်းနှင့် အများပြည်သူ အကျိုးစီးပွား အလို့ငှာ အစိုးရသည် စာနယ်ဇင်းဆိုင်ရာ စည်းမျဉ်းဥပဒေများ ရေးဆွဲနိုင်ကြောင်း အချက်များ ပါရှိသည်။

ပြန်ကြားရေး ၀န်ကြီးဌာန၏ မျှော်မှန်းချက်ကို လက်ခံခြင်း၊ လက်မခံခြင်းအား စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်များ ညှိနှိုင်းပြီးအသေးစိတ် အကြောင်းပြန်မည်ဟု စာနယ်ဇင်းကောင်စီ (ယာယီ) ၏ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြားသည်။

ဆွေးနွေးပွဲ အပြီးတွင် ပြန်ကြားရေး ၀န်ကြီးဌာန၏ စီစဉ်မှုဖြင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းတွင် (မှတ်ပုံတင် အရာရှိကိစ္စ အပါအ၀င်) အချက် (၁၆) ချက်ကို ပြင်ဆင် ပယ်ဖျက်ပေးရန် စာနယ်ဇင်းကောင်စီက တင်ပြထားမှု၊ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲထားသော သတင်းမီဒီယာ ဥပဒေကြမ်းမှ အချက်(၁၇) ချက်ကို ပြင် ဆင်ပေးရန် ပြန်ကြားရေး ၀န်ကြီးဌာန၏ တောင်းဆိုချက်ကို ပြင်မပေး နိုင်တော့ဟု စာနယ်ဇင်းကောင်စီ (ယာယီ) က အကြောင်းပြန်ထား မှုတို့ကို ပြန်ကြားရေး ၀န်ကြီးဌာနမှ လက်ခံခြင်း ရှိ၊ မရှိနှင့် ပြန်ကြားရေး ၀န်ကြီးဌာန၏ သဘောထားကို မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က တိကျသော အဖြေများ ပေးခဲ့ခြင်း မရှိပေ။

''ပထမဦးဆုံး အနေနဲ့ ကျွန်တော်တို့ compromise လုပ်တာဖြစ်ပါတယ်။ compromise လုပ်တာ ဖြစ်တဲ့ အတွက် ကျွန်တော်တို့ဘက်က လျှော့ပေးသင့်သလောက် လျှော့ပေးဖို့ ရည်ရွယ်ထားသလို စာနယ်ဇင်း ကောင်စီဘက်ကလည်း လျှော့ပေးသင့်သလောက် လျော့ပေးဖို့ ရည်ရွယ်ထားပါတယ်။ ရည်ရွယ်ချက်ကတော့ အပြုသဘော ပူးပေါင်း ဆောင်ရွက်မယ့် သဘောပဲ ဖြစ်ပါတယ်။ အဲဒီတော့ အမျိုးသား လွှတ်တော်မှာ ဆွေးနွေးတာနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ အပိုင်းက မူကြမ်းတင်ခွင့် သာလျှင် ၀န်ကြီးဌာနက ရှိပါတယ်။ ဥပဒေပြုခွင့် မရှိပါဘူး။ ကျွန်တော်တို့က ဥပဒေပြုတဲ့သူ မဟုတ်ပါဘူး။ ဥပဒေပြုတဲ့ သူတွေသာလျှင် စဉ်းစားဆွေးနွေးရမယ့် အပိုင်းဖြစ်တော့ ကျွန်တော့်ဘက်က ဖြေကြားနိုင်ခြင်း မရှိကြောင်း တောင်းပန်အပ်ပါတယ်'' ဟု ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်က ပြောကြားခဲ့သည်။

ထို့အပြင် ရရှိထားသော မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ The Daily Eleven သတင်းစာက မေးမြန်း ခဲ့သော ''အခုရထားတဲ့ မီဒီယာ လွတ်လပ်ခွင့်က ဘယ်သူကပေးလို့ ရထားတာလဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းက Messenger မှာ ဖတ်လိုက်ရတာတော့ သမ္မတကြီးက ပေးထားလို့ ရတယ်ဆိုတဲ့ သဘောမျိုးပါ။ ကျွန်တော် တို့ ရထားတဲ့ မီဒီယာလွတ်လပ်ခွင့်ကို ဘယ်သူက ပေးထားတာလဲ။ သမ္မတ ပေးထားတာလား သို့တည်း မဟုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေးထားတာလား။ ရှင်းရှင်းလင်းလင်း သိချင်ပါတယ်'' ဟု မေးခွန်းကို ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြန်လည် ဖြေကြားခဲ့သည်။

''ကျွန်တော်ပဲ ဖြေပါ့မယ်။ ကျွန်တော်ကပြောတဲ့ စကားမို့ပါ။ အမှန်က Messenger က အပြည့်အစုံ မရေးလို့ပါ။ ကျွန်တော်တို့ ဖြေတဲ့အထဲမှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လွတ်လပ် စွာ ရေးသားပြောဆိုခွင့်ကို ပေးထားတယ်။ သမ္မတကြီးကလည်း လူတိုင်းရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို အကောင်အထည် ဖော်တဲ့နေရာမှာ မီဒီယာသည် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါတဲ့အတွက်ကြောင့်မို့လို့ မီဒီယာက စာနယ်ဇင်း လွတ်လပ်ခွင့်ကို စတုတ္ထမဏ္ဍိုင်ကြီး ပီပြင်အောင် လုပ်ဖို့ဆိုပြီး ပြောတယ်။ အဲဒီပြောတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ပြန်ကြားရေး ၀န်ကြီးဌာနက အဲဒါကို အကောင် အထည် ဖော်ပေး ခဲ့ တာဖြစ်တယ်။ ကျွန်တော်တို့သည် တစ်စုံတစ်ယောက်က တိုက်တွန်းလို့၊ ဖိအားပေးလို့ လုပ်ခဲ့တာ မဟုတ်ဘူး။ ဒါက ကျွန်တော့် ဆိုလိုရင်းရဲ့ အဓိပ္ပာယ် အတိအကျပါ'' ဟု ဦးရဲထွဋ် က ပြန်လည် ဖြေကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို အာမခံထားပြီး ထိုအာမခံချက်ကို သမ္မတကြီးက အကောင်အထည် ပေါ်စေလိုကြောင်း ဦးရဲထွဋ်က ဆက်လက် ပြောကြားသည်။

8.1.1
ဦးခင်မောင်အေး (မြန်မာနိုင်င စာနယ်ဇင်းကောင်စီ (ယာယီ)ဥက္ကဋ္ဌ)၊ ဦးအောင်ကြည် (ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး)၊ ဦးခင်မောင်လေး (ဖိုးသောကြာ) (ဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)) နှင့် ဦးရဲထွဋ် (ဒုတိယ၀န်ကြီး၊ ပြန်ကြားရေး ၀န်ကြီးဌာန)တို့ကို သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ်
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ပတ်သက်ပြီး နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ (က) တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာရေး သို့ မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများကို မဆန့်ကျင်လျှင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် ရှိကြောင်း ပြဋ္ဌာန်းထားသည်။

ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် စာနယ်ဇင်းကောင်စီ (ယာယီ) တို့သည် စာနယ်ဇင်းကောင်စီ (ယာယီ) ဖွဲ့စည်းပြီးချိန်၌ တစ်ကြိမ်၊ ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲပြီး လွှတ်တော် သို့ တင်ပြခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ဂျာနယ်လစ် အဖွဲ့အစည်း များက ပြင်းထန်စွာ ကန့်ကွက်ပြီးချိန်၌ တစ်ကြိမ်၊ ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဝင်များ နေပြည်တော်သို့ သွားရောက်စဉ်က တစ်ကြိမ် တွေ့ဆုံခဲ့ဖူးသည်။

ပထမအကြိမ် တွေ့ဆုံစဉ်က ပုံနှိပ်မီဒီယာ ဥပဒေအား စာနယ်ဇင်းကောင်စီ (ယာယီ) အား လွတ်လပ် စွာ ရေး ဆွဲခွင့် ပြုမည်ဟု ကတိစကား ပြောဆိုခဲ့ပြီး ဒုတိယအကြိမ် တွေ့ဆုံချိန်တွင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို စာနယ်ဇင်းကောင်စီ (ယာယီ)မှ စိတ်ကြိုက်ပြင်ဆင် နိုင်ကြောင်းနှင့် ပုံနှိပ်မီဒီယာ ဥပဒေကိုလည်း စိတ်ကြိုက်ရေးဆွဲနိုင်ကြောင်း ကတိစကား ပြောဆိုခဲ့ပါသည်။ တတိယအကြိမ် တွေ့ဆုံမှုတွင် မည်သည့် ဆွေးနွေးမှုမျှ မရှိခဲ့ကြောင်း သိရသည်။

ပြန်ကြားရေး ၀န်ကြီးနှင့် ဒုတိယအကြိမ် တွေ့ဆုံမှုရလဒ်အရ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်း ကို စာနယ်ဇင်းကောင်စီ (ယာယီ) မှ ပြင်ဆင် ပေးခဲ့သော်လည်း ထိုဥပဒေကြမ်း ကို ပြည်သူ့ လွှတ်တော်၌ အတည်ပြုပြီးချိန်တွင် စာနယ်ဇင်းကောင်စီ (ယာယီ) မှ ပြင်ဆင်ခဲ့သော အချက်များ ပါဝင်ခဲ့ခြင်း မရှိပေ။ ထို့အပြင် စာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲသော ပုံနှိပ်မီဒီယာ ဥပဒေကြမ်းကို ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့်အတူ လွှတ်တော်သို့ တင်သွင်းပေးမည်ဆိုသော ကတိကိုလည်း ပြန်ကြားရေး ၀န်ကြီးဌာန က ချိုးဖောက်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် လူကြီးလူကောင်းကတိ ချိုးဖောက်ခြင်းများ ရှိသည့်နည်းတူ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲသော ပုံနှိပ်မီဒီယာ ဥပဒေကြမ်းတွင် လက်မခံနိုင်သော အချက်များ ပါဝင်သည်ဟုဆိုကာ ပြင်ဆင်ခိုင်းခြင်းများ ရှိခဲ့ပြီး အချက် (၁၇) ချက်ကို စာနယ်ဇင်းကောင်စီ (ယာယီ) က မပြင်ပေးသဖြင့် လွှတ်တော်သို့ မတင်သွင်း ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် စာနယ်ဇင်းကောင်စီ (ယာယီ)က ၎င်းတို့ ရေးဆွဲထားသော ပုံနှိပ်မီဒီယာ ဥပဒေကြမ်းကို လွှတ်တော် ကိုယ်စားလှယ် တစ်ဦးမှတစ်ဆင့် လွှတ်တော်သို့ တိုက်ရိုက်တင်သွင်းရန် ဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သည် သြဂုတ် ၁၃ ရက် (ယနေ့) တွင် နေပြည်တော် ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment