Wednesday 5 June 2013

မဲခေါင်မြစ် တစ်လျှောက်တွင် မြန်မာနိုင်ငံ ပါဝင်သည့် လေးနိုင်ငံ မူးယစ်နှိမ်နင်းရေး တပ်ဖွဲ့များ စစ်ဆင်ရေးဆင်နွှဲ

မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့မှ မူးယစ်ဆေးဝါးနှင့် လူသတ်မှု ကျူးလွန်သူ လေးဦးကို သတ်ဖြတ် ခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ လုံခြုံရေး တပ်ဖွဲ့များသည် မဲခေါင်မြစ်တစ်လျှောက်မှ နိုင်ငံများနှင့် ပူးပေါင်းကာ မူးယစ်တိုက်ဖျက်ရေး စစ်ပွဲအား တိုးချဲ့ဆင်နွှဲနေပြီ ဖြစ်သည်ဟု China Daily သတင်းစာက ဆိုပါသည်။

ဧပြီ ၁၉ ရက်က စတင်ခဲ့သော စစ်ဆင်ရေးမှ လက်ရှိအချိန်အထိ မူးယစ်ဆေး ကြွယ်ဝသော ရွှေတြိဂံဒေသမှ သံသယရှိသူ ၈၁၂ ဦးကိုလည်း ဖမ်းဆီးထားပြီဖြစ်ပြီး စစ်ဆင်ရေးသည် ဇွန် ၂၀ ရက်တွင် ပြီးဆုံးမည် ဖြစ် သည်။ အဆိုပါ စစ်ဆင်ရေးတွင် မဲခေါင်မြစ်အတွင်း သွားလာနေသော ကုန်တင်သင်္ဘောများ၊ ခရီးသည်တင် သင်္ဘောများကို ပြောက်ကျားများ၊ ပြန်ပေးသမားများနှင့် ဓားပြများရန်မှ အကာအကွယ် ပေးခြင်းလည်း ပါဝင်သည်။

စစ်ဆင်ရေးအတွင်း တရုတ်၊ ထိုင်း၊ မြန်မာနှင့် လာအိုနိုင်ငံများမှ ကာကွယ်ရေး တပ်ဖွဲ့များသည် လက်နက် ခဲယမ်းများ အပါအ၀င် မူးယစ်ဆေးဝါး ၂ တန်ကျော် ဖမ်းဆီးရမိ ထားသည်ဟု ဆိုပါသည်။ ဖမ်းဆီးထားသော သံသယရှိသူ ၈၁၂ ဦးတွင် တရုတ်၊ ထိုင်း၊ မြန်မာနှင့် လာအိုနိုင်ငံသားများ အပြင် ဗီယက်နမ် နိုင်ငံသား များလည်း ပါဝင်သည်ဟု တရုတ်နိုင်ငံ ယစ်မျိုးအရာရှိ Lan Weihong က ဆိုပါသည်။

Mr. Lan က ယခုကြေညာချက်ကို ယူနန်ပြည်နယ် တောင်ပိုင်းရှိ မဲခေါင်မြစ်ဆိပ်ကမ်း ဂျင်ဟောင်း (Jinghong) တွင်ရှိသော လေးနိုင်ငံမှ မူးယစ်နှိမ်နှင်းရေး တပ်ဖွဲ့များ ရုံးချုပ်တွင် မေ ၂၁ ရက်က ပြောဆို ခဲ့ခြင်း ဖြစ်သည်။ ထိုဌာနချုပ်တွင် ပူးပေါင်းဆောင်ရွက်နေသည့် လေးနိုင်ငံမှ အရာရှိများသည် အခန်း တစ်ခန်းထဲတွင် စကားပြန်များမှတစ်ဆင့် တိုက်ရိုက်ဆွေးနွေး ပြောဆိုနေကြခြင်း ဖြစ် သည်။ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ယခင်က လုပ်ငန်းများကို နှေးကွေးစေခဲ့သည့် ကြိုးနီစနစ်ကို လျှော့ချနိုင်ပြီး လုပ်ငန်းများ ပိုမိုလျင်မြန် လာသည်ဟုလည်း Mr. Lan က ဆိုပါသည်။

လွန်ခဲ့သော လများအတွင်း အမှုပေါင်း ၅၆၀ ဖြင့် ဖမ်းဆီးခဲ့သည့် အဆိုပါ သံသယရှိသူ ၈၁၂ ဦးအား မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုမူ ပြောဆိုခဲ့ခြင်း မရှိခဲ့ချေ။ ထိုသူများကို မည်သည့်နိုင်ငံတွင် တရားစွဲဆိုမည် ဖြစ်ကြောင်းနှင့် ပတ်သက်၍လည်း ရှင်းလင်းစွာ မသိရသေးချေ။ ယခုစစ်ဆေးရေးကို တရုတ်နိုင်ငံမှ ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မဲခေါင်မြစ်သည် တရုတ်နိုင်ငံ တိဘက်ဒေသမှ ရေခဲမြစ် များ အရည်ပျော်ခြင်းဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး မိုင်ပေါင်း ၂၇၀၀ ရှည်လျားကာ တောင်တရုတ် ပင်လယ်ထဲသို့ စီးဝင်သော မြစ်တစ်ခု ဖြစ်သည်။

ထိုမြစ်သည် ရွှေတြိဂံဒေသကို ဖြတ်သန်းစီးဆင်းသည့် မြစ်တစ်ခုလည်း ဖြစ်သည်။ ရွှေတြိဂံ ဒေသသည် မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံ သုံးနိုင်ငံဆုံသည့် ဒေသတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ တောင်ပိုင်းနှင့်လည်း ထိစပ်လျက် ရှိသည်။ ယခု စစ်ဆင်ရေးသည် တရုတ်နိုင်ငံမှ ဦးဆောင်ပြီး မြန်မာ၊ ထိုင်း၊ လာအိုနိုင်ငံမှ မူးယစ်နှိမ်နင်းရေး တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်သည့် ပထမဆုံးအကြိမ် စစ်ဆင်ရေးလည်း ဖြစ်သည်။
ELEVEN

No comments:

Post a Comment