Wednesday 5 June 2013

ကူမင်း ကုန်စည်ပြပွဲသို့ မြန်မာစီးပွားရေး လုပ်ငန်းရှင် ၁၈၀ ကျော် သွားမည်

ဇွန်လ ၆ ရက်မှ ၁၀ ရက်နေ့အထိ ပြုလုပ်မည့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်း ကုန်စည်ပြပွဲ သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၁၈၀ ကျော် သွားရောက်မည်ဟု ကုန်သည်များနှင့် စက်မှု လုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI) မှတဆင့် သိရသည်။

“စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီးနဲ့ တာဝန်ရှိသူတွေ၊ ကုန်သည်စက်မှု အသင်း ချုပ်မှ ကိုယ်စားလှယ်အဖွဲ့၊ သမဝါယမ ဦးစီးဌာနမှ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့၊ သစ်လုပ်ငန်းရှင်များ အသင်းနဲ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးအသင်းတို့မှ ပြခန်းပေါင်း ၃၀ ပါဝင်ပြသမှာဖြစ်ပြီး ကိုယ်စား လှယ်အဖွဲ့ စုစုပေါင်း ၁၈၀ ကျော် တက်ရောက်မှာ ဖြစ်ပါတယ်” ဟု UMFCCI ဒု-ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က အတည်ပြု ပြောကြားသည်။

ပထမအကြိမ် တရုတ်-တောင်အာရှပြပွဲနှင့် ၂၁ ကြိမ်မြောက် ကူမင်း ပို့ကုန်/သွင်းကုန် ပြပွဲကို တောင်အာရှ
နိုင်ငံများနှင့် တရုတ်နိုင်ငံအကြား စီးပွားရေးချိတ်ဆက်မှုနှင့် ကုန်သွယ်မှု လမ်းကြောင်း ပွင့်စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီပြပွဲမှာ သွားရောက်ပြသရင် တရုတ်ကုန်သည်တွေအပြင် အခြားနိုင်ငံပေါင်း ၄၀ က စီးပွားရေး လုပ်ငန်းရှင် ၅,၀၀၀ ခန့် လာရောက်မှာ ဖြစ်တဲ့အတွက် ဈေးကွက်တွေ ပိုရလာမယ်လို့ မျှော်လင့်ရ ပါတယ်။ ပြပွဲမှာ လက်မှုအနုပညာတွေ၊ သစ်နဲ့ ကျောက်မျက်တွေလည်း ဝင်ရောက် ပြသမှာပါ။” ဟု ကူမင်း ကုန်စည်ပြပွဲကော်မတီ၏ အတွင်းရေးမှူး ဦးမျိုးသန့် က ပြောသည်။

ကူမင်းကုန်စည်ပြပွဲသို့ ၁၉၉၅ ခုမှ စတင်၍ မြန်မာနိုင်ငံက ပါဝင်ပြသခဲ့သည်။ ၂၀၁၀ ခုနှစ် တွင် ပြခန်ပေါင်း ၃၆ ခန်းဖြင့် ကုမ္ပဏီ ၂၅ ခုမှ စီးပွားရေး လုပ်ငန်းရှင် ၁၄၆ ဦး တက်ရောက်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ပြ ခန်းပေါင်း ၃၀ ဖြင့် ကုမ္ပဏီ ၁၆ ခုမှ လုပ်ငန်းရှင် ၁၄၅ ဦး တက်ရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ကုမ္ပဏီ ၂၈ ခုမှ ပြခန်းပေါင်း ၃၀ ဖြင့် လုပ်ငန်းရှင် ၁၄၄ ဦး တက်ရောက်ခဲ့ကြသည်။

“ဒီပြပွဲမှာ ဘယ်လောက်ရောင်းရမလဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားတဲ့သူက နည်းပါတယ်။ မြန်မာ ထွက်ကုန်တွေကို အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ခဲ့တုန်းက အိမ်နီးချင်း နိုင်ငံတွေကိုပဲ အားကိုးပြီး ကုန်သွယ်ခဲ့ရ တာပါ။ တရုတ်နိုင်ငံနဲ့က နယ်စပ်ကုန်သွယ်ရေးရော၊ ပုံမှန် ကုန်သွယ်ရေးရော နှစ်ခုလုံး ရှိပြီးသားပါ။ ဖောက်သည် ရှိပြီးသားတွေပါ။ ဒီပွဲမှာ စာချုပ် ချုပ်ရင်လည်း ချုပ်ရမယ်။ ဒါမှမဟုတ် ပွဲတွေ ပြီးမှ မေးလ် အဆက်အသွယ်နဲ့ ပစ္စည်းရောင်းချရမှုတွေလည်း ရှိလာနိုင်ပါတယ်” ဟု ဦးမျိုးသန့် က ဆက်လက် ပြောကြားသည်။

Mizzima News

No comments:

Post a Comment