Sunday 21 April 2013

Park Royal ဟိုတယ် ရှစ်လွှာမှ ဟိုတယ်ဝန်ထမ်းတစ်ဦး ပြုတ်ကျသေဆုံး ရဲတပ်ဖွဲ့ဝင်များက ပြုတ်ကျသေဆုံးရသည့် အကြောင်းအရင်းကို သိရှိနိုင်ရေးအတွက် ဟိုတယ်၏ CCTV ကင်မရာများကို ပြန်လည်ကြည့်ရှု စစ်ဆေး

ဧပြီ ၁၉ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ Park Royal ဟိုတယ်၏ ရှစ်လွှာအမြင့်မှ ဟိုတယ်ဝန်ထမ်းတစ်ဦး ပြုတ်ကျသေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဧပြီလ ၁၉ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ဝန်းကျင်က Park Royal ဟိုတယ်၏ အင်ဂျင်နီယာဌာန ၏ အဲယားကွန်းပြင်ဌာနမှ ဝန်ထမ်းဖြစ်သူ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဟိုတယ်၏ အနောက်ဘက်ခြမ်း ရှစ်လွှာအမြင့်က ပြုတ်ကျသေဆုံးခဲ့ကြောင်းနှင့် ပြုတ်ကျသေဆုံးရသည့် အကြောင်း အရင်းကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

သေဆုံးသူသည် အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် အောက်မင်္ဂလာဒုံလမ်းတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ Park Royal ဟိုတယ် ဝန်ထမ်းတစ်ဦးက "ကျွန်တော်နဲ့ သူနဲ့က အလုပ်အတူ တွဲလုပ်နေတာ ၁ နှစ်ကျော်ပါပြီ။ သူ့မှာ စိတ်ညစ်စရာ ရှိတယ်ဆိုတာမျိုးတော့ မကြားမိပါဘူး။ သူကပျော်ပျော်နေတတ်တဲ့ ဝန်ထမ်းတစ်ဦးပါ။ သူက သင်္ကြန် ၃ ရက် နားထားပါတယ်။ ရုံးချိန်က ၉ နာရီ ဆိုပေမယ့် ဒီနေ့ရုံးကို စောစောလာပြီး အခုလိုမျိုးဖြစ်သွားတာကို စိတ်မကောင်းပါဘူး" ဟု ပြောကြားခဲ့ သည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ပြုတ်ကျသေဆုံးရသည့် အကြောင်းအရင်းကို သိရှိနိုင်ရေးအတွက် ဟိုတယ်၏ CCTV ကင်မရာများကို ပြန်လည်ကြည့်ရှု စစ်ဆေးလျက်ရှိကြောင်း သိရသည်
 
Eleven Media Group

No comments:

Post a Comment