Sunday 21 April 2013

Boston မာရသွန် ဗုံးဖောက်ခွဲခဲ့သော ညီအစ်ကို နှစ်ယောက်၏ ဖြစ်စဉ် (အပြည့်အစုံ)

မိပြီ" မာရသွန်ဗုံးဖောက်ခွဲမှု တရားခံကို ဖမ်းဆီး ထိန်းသိမ်းထားပြီဟု ဘော်စတွန် ရဲတပ်ဖွဲ့ ကြေငြာ
CNN
ဘော်စတွန် မာရသွန်ဗုံးဖောက်ခွဲမှုမှ ဒုတိယမြောက် သင်္ကာမကင်း ဖြစ်ခံရသူကို သောကြာနေ့ညက ဖမ်းဆီးရမိလိုက်ပြီ ဖြစ်သောကြောင့် မက်ဆာချူးဆက် ပြည်နယ် မြို့တော် တွင်ပြုလုပ်ခဲ့သော လူဖမ်းပွဲကြီး အဆုံးသတ် သွားပြီ ဖြစ်ကာ ထိုသူသည် လက်နက်နှင့် ပေါက်ကွဲ စေတတ်သော ပစ္စည်းများ ပါဝင်နိုင်သည်ဟု သတိပေးထားမှုကြောင့် စိုးရိမ်ထိတ်လန့်နေရမှု များလည်း ကင်းစင် သွားပြီဖြစ်သည်။ထိုသို့ ဖမ်းဆီးရမိကြောင်းကို ဘော်စတွန်ရဲတပ်ဖွဲ့က တွီတာ (Twiter ) ၀ဘ်ဆိုက်တွင် ဖော်ပြ အသိပေးခဲ့ သည်။ ‘မိပြီ ၊ လူရှာပွဲကြီး ပြီးဆုံးပြီ၊ ရှာတွေ့ပြီ၊ အကြမ်းဖက်တိုက်ခိုက်မှု ပြီးဆုံးပြီ၊ တရားဥပဒေက အနိုင်ရရှိလိုက်ပြီ၊ မသင်္ကာသူအား ဖမ်းဆီးထားပြီ ’ ဟုရေးသားဖော်ပြ ထားသည်။

အသက် ၁၉နှစ်အရွယ် ဇိုကာဆာနက်ဗ်( Dzhokar Tsarnaev) ကိုဖမ်းဆီးရမိထားပြီ ဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြု ပြောဆိုသည်။ ရဲတပ်ဖွဲ့က အလိုရှိနေသူ နောက်တဦးဖြစ်သော သူ့အကို တမာလန်းဆာနက်ဗ်( Tamerlan Tsarnaev) မှာ ယမန်နေ့က ရဲများနှင့် ပစ်ခတ်မှု ဖြစ်ပွားရာတွင် သေဆုံး ခဲ့ပြီးနောက် ဇိုကာမှာ ထွက်ပြေးလွတ်မြောက်နေခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဖမ်းဆီးရမိသူ ညီဖြစ်သူ ဇိုကာဆာနက်ဗ်မှာ ဒေသတွင်းဆေးရုံတခုတွင် ဒဏ်ရာပြင်းထန် စွာဖြင့်ရောက်ရှိနေသည်ဟု ဘော်စတွန်ပုလိပ်မင်းကြီး အက်ဒ်ဒေးဗီးစ်( Ed Davis) က သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြားသည်။

ဘော်စတွန်မြို့ပြင် ၀ါးတားတောင်း (Watertown) တွင် အိမ်တအိမ်၏ နောက်ဖေး လှေတစင်းအတွင်း ဇိုကာဆာနက်ဗ် ပုန်းအောင်းနေစဉ် ရဲများက ၎င်းကို ချောင်ပိတ်ဖမ်းဆီး ရရှိခဲ့ခြင်း ဖြစ်သည်။

လူရှာပွဲ လူဖမ်းပွဲကြီး ပြုလုပ်နေစဉ် အိမ်ပြင်မထွက်ကြပါရန် တားမြစ်ချက်ကို ရဲကရုပ်သိမ်း လိုက်ပြီးနောက် သူ့ကို အိမ်ရှင်က ခြေရာခံမိခဲ့ခြင်း ဖြစ်သည်။ အိမ်နောက်ဖေးတွင် ဆိုက်ကပ် ထားသော လှေပေါ်တွင် သွေး စများကို တွေ့ရှိခဲ့ပြီးနောက် ရဲကိုအကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု ဘော်စတွန်ပုလိပ်မင်းကြီး အက်ဒ်ဒေးဗီးစ်က ပြောသည်။

သွေးစကိုတွေ့ပြီး အိမ်ရှင်က လှေကိုဖုံးအုပ် ထားသည့် တာပေါ်လင်စကို လှန်လိုက်ရာ ‘ သွေးများပေကျံနေ သည့် လူတဦး ’ ကိုတွေ့ရှိခဲ့သည်ဟု သူကပြောသည်။ ထို့နောက် ရဲကို အကြောင်းကြားခဲ့ရာမှ ဘော်စတွန် မာရသွန်ပြိုင်ပွဲ ဗုံးဖောက်ခွဲမှု အပြီး တပတ်မပြည့်မီ အချိန်အတွင်း ထိုသို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဗုံးပေါက်ကွဲမှုကြောင့် ဘော်စတွန် တမြို့လုံးနှင့် တနိုင်ငံလုံး တုန်လှုပ်ချောက်ချားကာ ရင်တမမ နေမထိ ထိုင်မသာ ဖြစ်ခဲ့ကြရသည်။ “ သေနတ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူ့ကိုထိမထိတော့ ကျနော်မသိပါဘူး ” ဟု ဒေးဗီးစ်က သင်္ကာမကင်းဖြစ်ခံရသူနှင့် ပတ်သတ်၍ ပြောသည်။ အာဏာပိုင်များက အော်လံအသုံးပြုပြီး သင်္ကာမကင်း ဖြစ်ခံရသူကို လက်နက်ချခိုင်းခဲ့သည်။ “ လက်မြှောက်ပြီး အပြင်ထွက်လာပါ ” ဟု အော်ပြောခဲ့သည်။

သို့သော် အာဏာပိုင်များ၏ အပြောအရ ဆာနက်ဗ်က လက်နက်ချရန် ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။ “ လှေပေါ်မှာ တာပေါ်လင်စကို လှန်ရန် စက်ရုပ်အသုံးပြု လုပ်ဆောင်ခဲ့ပါတယ်။ ရဟတ်ယဉ်ပေါ်ကလည်း အပူအာရုံခံ ပုံရိပ်ဖော် ကင်မရာအသုံးပြုပြီး သူ့ကိုစောင့်ကြည့်နေခဲ့ပါတယ်။ သူဟာသွေးထွက် လွန်လို့ မျော့နေပါတယ်။ မနေ့ကညက ရခဲ့တဲ့ ဒဏ်ရာဖြစ်ဖို့များပါတယ် ” ဟု မက်ဆာချူးဆက ပြည်နယ် ရဲဌာနမှ ဒေးဗစ်ပရိုကိုပီရို (David Procopio) ကပြောသည်။

ရဲများလှေရှိရာသို့ အပြေးတက်စီးနင်း ခဲ့ပြီးနောက် ဆာနက်ဗ်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဒေးဗီးစ်က ဆိုသည်။

သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ လူဖမ်းပွဲကြီး ပြုလုပ်နေရာတွင် သင်္ကာမကင်းဖြစ်ခံရသူကို ရှာမတွေ့တော့ ပဲ လက်လွှတ် လိုက်ရတော့မည်ဟု အာဏာပိုင်များက ပြောကြားအပြီး မိနစ်ပိုင်း အတွင်းမှာပင် သူနှင့် ထိပ်တိုက် ရင်ဆိုင်တွေ့ကာ ဆက်လက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

သူ့အကို ဖြစ်သူက သူ့နောက်လိုက် နေသူများအား ပေါက်ကွဲ စေတတ်သော ပစ္စည်းများနှင့် ပစ်ပေါက်ကာ မက်ဆာချူးဆက် စက်မှုတက္ကသိုလ် ရဲအရာရှိ ရှောင်ကော်လီယာ (Sean Collier) ကိုသတ်ဖြတ်ခဲ့ပြီး ကားတစီးကို အဓမ္မအပိုင်စီးကာ ယမန်နေ့ညကထွက်ပြေး လွတ်မြောက်သွားခဲ့သည်။

ထို့နောက် အာဏာပိုင်များက ဘောစတွန်မြို့နှင့် ရွာနီးချုပ် စပ်ကိုဝိုင်းဝန်း ပိတ်ဆို့ကာ သင်္ကာမကင်း ခံရသူကို ကျယ်ကျယ် ပြန့်ပြန့် ၀ိုင်းဝန်း ရှာဖွေ ခဲ့ကြသည်။

`ဒီဝမ်းနည်း စိတ်မကောင်းဘွယ်ရာ အဖြစ်အပျက်ကြီးကို ပြည်ဖုံးကား ချလိုက်နိုင်ပါပြီ´ ဟု သမ္မတ အိုဘားမားက တိုင်းပြည်သို့ ပြောကြားသည့် ရုပ်သံလွှင့် မိန့်ခွန်းတွင် ပြောကြား သွားခဲ့သည်။

သို့သော် မည်သည့် အတွက်ကြောင့် ထိုသို့ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ရသည် ဆိုသည့်အချက်နှင့် အဆိုပါ သင်္ကာမကင်း ဖြစ်ခံရသူတို့သည် သူတို့အကြံအစည်ကို အကောင်အထည် ဖော်ရာ၌ ပြင်ပမှ အကူအညီ အထောက်အပံ့ ရရှိခဲ့ခြင်း ရှိမရှိကို ဆက်လက် စုံစမ်း ဖော်ထုတ်သွားမည် ဟုလည်း သူက ကတိပြု ပြောကြား ခဲ့သည်။

`ခုလိုပြီးဆုံးသွားတဲ့အတွက်ဝမ်းမြောက်ပါတယ်´

ထိုသို့ ဖမ်းဆီးရမိပြီဆိုသည့် သတင်းသည် ဆင်ခြေဖုံး ၀ါးတားတောင်းမြို့ကလေးတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

မြို့နေလူထု လမ်းများပေါ်သို့ ထွက်လာပြီး သင်္ကာမကင်း ဖြစ်ခံရသူကို ဖမ်းဆီးရမိပြီ ဆိုသည့် သတင်းကို ၀မ်းမြောက်ဝမ်းသာ ကြိုဆို သြဘာပေးခဲ့ကြသည်။

`ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျနော်တို့ကလဲ ၀မ်းမြောက်ပါတယ်´ ဟု ဘော်စတွန် အကြမ်းဖက်သမား နှိမ်နင်းရေး ကွန်မန်ဒို တပ်ဖွဲ့ SWAT အဖွဲ့ဝင်များက အသံ ချဲ့စက်များဖြင့် အော်ဟစ်
ပြောကြားခဲ့ကြသည်။

သူမတို့ ရပ်ကွက်တွင် သောကြာနေ့ညက သေနတ်သံများ ကြားရချိန်၌ မေရီဆူလီဗန် (Mary Sullivan) တယောက် သူမ၏ အနက်ရောင် လာဗရာဒို ခွေးကလေးနှင့် လမ်းလျှောက်နေချိန် ဖြစ်သည်။

`ခုလို ပြီးဆုံး အောင်မြင်သွားတာ အတွက် အလွန်ဝမ်းသာပါတယ်။ ဒီလူငယ်နှစ်ယောက် ရဲ့ ခုလိုမဆင်မခြင် လုပ်ရပ်ကြောင့် တမြို့လုံးနဲ့ မြို့လူထုအားလုံး အလွန်နာကျင်ကြေကွဲ ရပါတယ်´ ဟု သူမက ပြောကြားခဲ့ သည်။

ဗုံးခွဲမှုနောက်ခံအဆက်အသွယ်

ဗဟိုထောက်လှမ်းရေးအဖွဲ့ (FBI) က ဘော်စတွန် မာရသွန် ဗုံးဖောက်ခွဲမှုကို ပြုလုပ်ခဲ့သည် ဟု သင်္ကာမကင်း ဖြစ်ခံရသူနှစ်ဦး၏ ဓါတ်ပုံများကို ထုတ်ပြန်ခဲ့ပြီး နာရီပိုင်း အကြာတွင်ပင် လူရှာ လူဖမ်းပွဲကြီးကို ကြာသပတေးနေ့ နှောင်းပိုင်းက စတင်ပြုလုပ်ခဲ့ ကြခြင်းဖြစ်သည်။

အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွါးခဲ့သည့် နေရာမှ `လက်လုပ် ပေါက်ကွဲ စေတတ်သော ပစ္စည်း အများအပြားကို စုံစမ်းစစ်ဆေးသူများကရှာဖွေတွေ့ရှိခဲ့သည်´ ဟု ပရိုကိုပီရို က စီအန်အန် သတင်းဌာန ကိုပြောသည်။

မည်သည့် ပေါက်ကွဲ စေတတ်သော ပစ္စည်းများ ဖြစ်ကြောင်းကို ယခုမသိရသေးပါ။

သို့သော် ထိုသို့ တွေ့ရှိပြီးနောက် တမြို့လုံးတုန်လှုပ်ချောက်ချားသွားခဲ့ကြသည်။

ရဲကလည်း ထိုညီအကိုသည် သူတို့ နောက်လိုက်နေသူများကို အဆိုပါ ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့် ပစ်ပေါက်ခဲ့ပြီး ရဲအရာရှိတဦးသေဆုံးကာ ကားတစီးကို အဓမ္မတား ဆီးမောင်းနှင် သွားသည်ဟု ပြောခဲ့သည်။

သေဆုံးချိန်၌ အကိုဖြစ်သူ တမာလင်းဆာနက်ဗ် မှာ ကိုယ်ပေါ်တွင်ပေါက်ကွဲစေတတ် သောပစ္စည်းများ ကိုဝတ်ဆင်ကာ ယင်းတို့ကို မောင်းခလုပ် ဖြုတ်မည့် ပစ္စည်းကိုလည်း ကိုင် ဆောင်ထားသည်ကို တွေ့ခဲ့ ရကြောင်း စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည့် သတင်းရပ်ကွက် တခုက စီအန်အန်ကို အမည်မဖော်ဘဲ ပြောကြားခဲ့သည်။

ထိုလူရှာ လူဖမ်းပွဲကြီးကြောင့် ဘော်စတွန် တမြို့လုံးနီးပါးလုပ်ငန်းများရပ်ဆိုင်းလုမတတ် ဖြစ်သွားခဲ့သည်။

`ဥပဒေ ဘက်တော်သား အရာရှိများ၏ ကြိုးပမ်း လုပ်ဆောင်မှု များကို ကူညီနိုင်ရန်အတွက်´ သောကြာနေ့ ညတွင် Kansas City Royals နှင့်ကစားမည့် ပွဲကိုရွှေ့ဆိုင်းထားလိုက်ကြောင်းဖြင့် Boston Red Sox အသင်းကကြေငြာခဲ့သည်။

Pittsburgh Penguins အသင်းနှင့်ကစားမည့်သူတို့ပွဲကိုအလားတူရွှေ့ဆိုင်းထားမည့် အကြောင်း NHL’s Boston Bruins ကကြေငြာခဲ့သည်။

အလားတူပင် မြို့တော် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ဖြစ်သော မြေအောက်ရထား၊ ဘတ်စ်ကား၊ Amtrak အဝေးပြေးရထားလိုင်းများ၊ Greyhound အဝေးပြေးကားလိုင်းများ၊ ဒေသတွင်းပြေး Bolt Bus တို့ကိုရပ်ဆိုင်းထားခဲ့သည်။

လူဖမ်းပွဲကြီး ပြုလုပ်နေစဉ် အတွင်း မြို့တွင်း အငှါးကားလုပ်ငန်း ကိုလည်း ရပ်ဆိုင်းထားခဲ့ သည်။ ဘော်စတွန် ဧရိယာတွင်းရှိ ကျောင်းအားလုံး ကိုလည်းပိတ်ထားခဲ့သည်။

ဘော်စတွန်မြို့တွင်း သယ်ယူပို့ဆောင်ရေး ဌာနအာဏာပိုင် ကလည်း ၀ါးတားတောင်းမှ မြို့နေလူထုကို ကယ်ထုတ်ရန် မြို့တွင်း ပြေးဘတ်စ်ကားများ ပို့ပေးခဲ့သည်။

ဗုံးပါရဂူများက ထိုအချိန်အတွင်း အနီးဝန်းကျင်တွင် ပေါက်ကွဲ စေတတ်သော ပစ္စည်းများကို ပိုက်စိတ် တိုက်ရှာဖွေခဲ့ကြသည်။

အဆိုပါ ညီအကိုနှစ်ဦးသည် အနီးရှိ စတိုးဆိုင်တခုကို ၀င်ရောက် လုယက်ခြင်းဖြင့် သူတို့၏ သောင်းကျန်း ထကြွမှုကို စတင်ခဲ့ကြခြင်း ဖြစ်သည်ဟု အာဏာပိုင်များက ပြောသည်။

ဆဲဗင်း အလဲဗင်း စတိုးဆိုင်ကို ၀င်ရောက် လုယက်ခဲ့မှုသည် ယခုအမှုနှင့်ဆက်စပ်မှု မရှိဟု ပြောဆိုခဲ့ခြင်းအား မစ်ဒဲလ်ဆက်စ်ခရိုင်ဥပဒေအရာရှိရုံး (Middlesex District Attorney’s Office) က သောကြာနေ့နှောင်းပိုင်းက ပြန်လည်ရုပ်သိမ်းခဲ့သည်။

ရဲအရာရှိသေဆုံးခြင်း

ထို့နောက် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွါးခဲ့ပြီး နောက်ဆုံး ဖမ်းဆီးရရှိခဲ့မှုမှာ ဘော်စတွန်မြို့၏ ချားလ်စ် မြစ်တဘက်ကမ်း ကိန်းဘရစ်ခ်ျ တွင်စတင်ခဲ့ခြင်းဖြစ်သည်။

မက်ဆာချူးဆက် တက္ကသိုလ်ရဲအရာရှိ ကော်လီးယားမှာ သူ့ကားအတွင်းထိုင်နေစဉ် ကြာသပတေးနေ့ညက ပစ်သတ်ခံခဲ့ရသည် ဟု ဆားဖော့ကောင်းတီး ခရိုင်ဥပဒေအရာရှိ ရုံး (Suffolk County District Attorney’s Office) ကကြေငြာချက် ထုတ်ပြန် ပြောကြားခဲ့ သည်။

အာဏာပိုင်များ၏ အပြောအရ ထိုသို့ ပစ်သတ်ပြီးနောက် သင်္ကာမကင်း ဖြစ်ခံရသူ နှစ်ဦးသည် ကိန်းဘရစ်ခ်ျ မြို့တွင်းတွင် ကားတစီးကို သေနတ်နှင့် ချိန်၍ အပိုင်စီးကာ ကားမောင်းသူကို သူတို့သည် မာရသွန်ပြိုင်ပွဲတွင် ဗုံးဖောက်ခွဲ ခဲ့ကြသူများ ဖြစ်သည်ဟု ပြောဆို ခဲ့သည်ဟု ဥပဒေထိန်းသိမ်းရေး တပ်ဖွဲ့ဝင်တဦးက အမည်မဖော်ဘဲ စီအန်အန် သတင်း ဌာနကိုပြောကြားခဲ့သည်။

သို့သော် ဓါတ်ဆီဆိုင် တခုသို့ အရောက်တွင် ကားမောင်းသူမှာ ထွက်ပြေးလွတ်မြောက် သွားခဲ့ပုံ ရသည်ဟု အဆိုပါ သတင်းရပ်ကွက်က ဆက်လက်ပြောဆိုသည်။

ကားတွင် တပ်ဆင်ထားသော ဂျီပီအက်စ် ဂြိုဟ်တု သုံးတည်နေရာ ရှာစနစ်ကို အသုံးပြုကာ ရဲများက ထိုကားကို ၀ါးတားတောင်းမြို့တွင်းရောက်ရှိနေကြောင်းခြေရာခံမိခဲ့ကြသည်။

ထို့နောက် လူနေရပ်ကွက် အတွင်းသို့ လိုက်လံ ဖမ်းဆီးခဲ့ကြရာ မသင်္ကာသူများက ပေါက်ကွဲစေတတ် သော ပစ္စည်းများ ဖြင့်ရဲများကို ပစ်ပေါက် တိုက်ခိုက်ခဲ့ကြသည်။

အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွါးခဲ့ ပြီးနောက် ဗုံးခွဲသူတဦး ကားတွင်းမှ ထွက်လာရာ ရဲက ပစ်ခတ် ဖမ်းဆီးခဲ့ သည်။

ထိုသူသည် တမာလင်း ဆာနက်ဗ် ဖြစ်ကြောင်း နောက်ပိုင်းတွင် ဖော်ထုတ်သိရှိခဲ့သည်။ ညီဖြစ်သူက အကိုဖြစ်သူအပေါ် ကားဖြင့် တက်နင်းပြီး ထွက်ပြေး လွတ်မြောက်သွားခဲ့သည်ဟု အမည်မဖော်လိုဘဲ ထုတ်ဖော် ပြောဆိုသည့် သတင်းရပ် ကွက်တခု၏အပြောအရသိရသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း ယဉ်ထိန်းရဲတပ်ဖွဲ့မှ အသက် ၃၃နှစ် အရွယ်ရှိ ၀ါရင့်ရဲအရာရှိ ရစ်ချတ်အိပ်ခ်ျ ဒိုနိုဟွေး (Richard H. Donohue) မှာ သေနတ်ဒဏ်ရာနှင့် ဆေးရုံသို့ ရောက်ရှိ သွားခဲ့သည်ဟု ယဉ်ထိန်းရဲဌာန ပြောရေး ဆိုခွင့်ရှိသူက သောကြာနေ့ကပြောသည်။ အဆိုပါ ရဲအရာရှိ၏ အခြေအနေကို ချက်ချင်း မသိရှိရသေးပါ။

နောက်ထပ် ရဲအရာရှိ ၁၅ ဦးကိုလည်း ပေါက်ကွဲမှုနှင့် ပစ်ခတ်မှု ဖြစ်စဉ်များတွင် ရရှိခဲ့သော သာမန် ဒဏ်ရာများဖြင့် ဆေးဝါးကုသမှု ပေးနေရသည်ဟု စိန့်အယ်လီဇဘက်ဆေးရုံမှ ပြောရေး ဆိုခွင့်ရှိသူ အမျိုး သမီး ဂျနီဖာကိုဗားလစ်ခ်ျ (Jennifer Kovalich) ကပြောသည်။

သင်္ကာမကင်းခံရသူများ၏နောက်ကြောင်းရာဇ၀င်

အဆိုပါ ညီအကိုနှစ်ဦးသည် တနင်္လာနေ့က ဖြစ်ပွါးခဲ့သည့် လူသုံးဦး သေဆုံးပြီး ဒါဇင်ပေါင်း များစွာ ဒဏ်ရာ ရရှိစေခဲ့သည့် မာရသွန်ပြိုင်ပွဲ ဗုံးဖောက်ခွဲမှုကြီး၏ တရားခံများဟု သင်္ကာမကင်း ဖြစ် ခံရသူများအဖြစ် အက်ဖ်ဘီအိုင်က ကြာသပတေးနေ့က ထုတ်ပြန်ပေးခဲ့သော ဓါတ်ပုံပါသူများပင် ဖြစ်သည်ဟု ရဲက ယုံကြည်နေသည်။

ထိုပေါက်ကွဲ မှုကြီးကြောင့် ဒဏ်ရာ ပြင်းထန် သည့်သူ ၃ ဦး အပါအ၀င် လူပေါင်း အနည်းဆုံး ၅၈ ဦးမှာ ယခုတိုင် ဆေးရုံတွင် ရှိနေဆဲ ဖြစ်သည်ဟု စီအန်အန်၏ ရေတွက် ထားမှုအရ သိရသည်။

သူတို့ ညီအကို မာရသွန်ပြိုင်ပွဲ ပန်းတိုင်အနီးလျှောက်သွား နေကြသည်ကို အဆိုပါဓါတ်ပုံများ ထဲတွင် တွေ့မြင် ခဲ့ကြရသည်။

ပထမ သင်္ကာမကင်း ဖြစ်ခံရသူမှာ ဓါတ်ပုံထဲတွင် ဦးထုပ် အနက် ဆောင်းထားပြီး နေကာမျက်မှန် တပ်ထား ကာ ကျောပိုးအိတ်တလုံးပါသည်။

သူသည် တမာလင်းဆာနက်ဗ် ဖြစ်ပုံရသည်ဟု အာဏာပိုင်များ၏ အပြောအရ သိရသည်။ ဒုတိယ သင်္ကာမကင်း ဖြစ်ခံရသူမှာ ဦးထုပ်အဖြူကို ဆောင်းပြီး သောကြာနေ့ တနေ့လုံး လွတ်မြောက် နေသူ
ဖြစ်သည်ဟု ရဲကပြောသည်။

သူ့ကို သောကြာနေ့ ညပိုင်းတွင် ဖမ်းဆီးနိုင်ခဲ့သည်။ သို့သော် သူ့သားနှစ်ဦးမှာ မာရသွန်ဗုံး ပေါက်ကွဲမှု တွင်ပါဝင် ပတ်သက်ခဲ့ပြီး နောက်ဆက်တွဲ ဖြစ်ပွားခဲ့သော အပြန်အလှန် ပစ်ခတ်မှုများတွင် ပါဝင်ခဲ့သည် ဆိုသည်ကို သူ မယုံကြည် နိုင် ပါကြောင်းဖြင့် ဆာနက်ဗ်ညီအကို၏ မိခင်ကပြောသည်။

`ဒီလိုမျိုး သူတို့လုပ်တယ် ဆိုတာ မဖြစ်နိုင်ပါဘူးရှင်။ ဒါ သက်သက် ထောင်ချောက်ဆင် ဖမ်းတာပါ ကျမ တကယ့်ကို ပြောရဲပါတယ်´ ဟု ဒါဂျက်စတန် (Dagestan) ပြည်နယ်တွင် အစိုးရမှထုတ်ဝေသည့် ယနေ့ရုရှ (Russia Today) သတင်းစာသို့ ဇူဗီဒတ်ဆာနီးဗား (Zubeidat Tsarnaeva) ကပြောကြားခဲ့သည်။

`ကျမသားတွေက ဘာဘဲလုပ်လုပ် ကျမကိုပြောပါတယ်။ သူတို့ အပြင်ဒီအကြောင်းသိသူ ရှိတယ် ဆိုရင် ကျမဘဲ ဖြစ်ရမှာပါ။ သူတို့ ဖုံးကွယ် မထားတတ်ပါဘူး။ ဒါပေမဲ့ ခုတော့ ဒီ အကြောင်း သူတို့ တစွန်းတစမှ မပြောခဲ့ပါဘူးရှင်´ ဟုသူမက ပြောသည်။

အဆိုပါ ညီအကိုသည် ရုရှား ကော့ကေးဆပ်စ်ဒေသမှ ခါဇတ်စတန်ဒေသသို့ ငယ်ရွယ်စဉ် ကတဲက ပြောင်းရွှေ့ နေထိုင်ခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာက အမေရိကန် ပြည်ထောင်စု သို့ရောက် ရှိလာခဲ့ကြသည်။

`ကျမသား အငယ်ဆုံးက ၈ နှစ်သား ကတဲက အမေရိကန် ရောက်တာပါ။ သားအကြီးဆုံး ကိုလည်း အိမ်မှာဘဲ ကောင်းကောင်း ထိန်းသိမ်း မွေးမြူခဲ့တာပါဘဲ။ သူတို့နှစ်ယောက်လုံး အကြမ်းဖက်ဝါဒ အကြောင်း မပြောကြပါဘူး´ ဟု သူတို့၏ မိခင်ကပြောသည်။

အမေရိကန် ပြည်ထောင်စုတွင် ၁၀ နှစ်ခန့် နေထိုင် ပြီးနောက်`အိမ်လွမ်း၍´ ဟုဆိုကာ သင်္ကာမကင်းခံရသူ ၏ မိဘနှစ်ပါးလုံး မကြာသေးခင်က ကော့ကေးဆပ်စ်ဒေစ ဒါဂျက်စ တန်သို့ ပြန်လည်ခဲ့ကြ သေးကြောင်း ဖခင်ဖြစ်သူ အန်ဇာဆာနက်ဗ် Anzor Tsarnaev က ရုရှအစိုးရ Zvezda ရုပ်သံသို့ပြောကြားခဲ့သည်။

သူ့သားများကို အမှုဆင် ဖမ်းဆီးခြင်းသာဟု သူက စွပ်စွဲ ပြောကြား လိုက်သည်။ `ဘယ်သူ လုပ်တယ် ဆိုတာ ကျနော် အသေအချာ မသိပါဘူး။ ဒါပေမဲ့ တယောက်ယောက် ကတော့ လုပ်တာအမှန်ဘဲ´ ဟု သူက ပြောဆိုခဲ့သည်။

၂၀၀၀ ပြည့်နှစ်များ အစောပိုင်းက ဇိုကာဆာနက်ဗ် သည် အမေရိကန်ပြည်သို့ သူ့မိသားစုနှင့် အတူ ကမ္ဘာလှည့် ခရီးသည်အဖြစ် ၀င်ရောက် လာခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံရေးခိုလှုံ ခွင့်တောင်းခံခဲ့ကာ အမေရိကန်နိုင်ငံသားအဖြစ် ၂၀၁၂ ခုနှစ်တွင် ခံယူခဲ့သည် ဟု ပြည်ထောင်စု အရာရှိတဦးက စီအန်အန်သို့   ပြောသည်။

သို့သော် တမာလင်းဆာနက်ဗ် မှာမူ နိုင်ငံသား ခံယူထားခြင်းမရှိသေးဟု အဆိုပါအရာရှိက အမည်မဖော်ဘဲ ထုတ်ဖော်ပြော ကြားသည်။ သူသည် `နှစ်အတော်ကြာမှ´ ရောက်လာသူဖြစ်ပြီး အမေရိကန်ပြည်ထောင်စု တွင် ဂရင်းကဒ်ဖြင့် တရားဝင် နေထိုင်သူ ဖြစ်သည် ဟုဆိုသည်။

တမာလင်းဆာနက်ဗ်မှာ ဘန်ကာဟီးလ် ကွန်မြူနတီကောလိပ်တွင် စာသင်ကြားခဲ့ကာ အင်ဂျင်နီယာ တဦး ဖြစ်လိုသူ ဖြစ်သည်ဟု သူ့ကို သိသူများ၏ အပြောအရ သိရသည်။

ထို့နောက် ကျောင်းမှ တနှစ်ခွင့်ပန်ကာ လက်ဝှေ့အတတ်ကို သင်ကြား လေ့ကျင့်နေခဲ့သည်

ကျနော်တော့သူတို့ကိုနားမလည်နိုင်တော့ဘူး

အကိုဖြစ်သူ၏ အမည်ဖြင့် တင်ထားသော လူမှုကွန်ရက်တွင် `ကျနော့်မှာအမေရိကန် သူငယ်ချင်း တယောက်မှ မရှိဘူး။ ကျနော် သူတို့ကို နားမလည်ဘူး´ ဟု ရေးသားထား ကြောင်းလည်း အဆိုပါအရာရှိ ကပြောသည်။

ဇိုကာဆာနက်ဗ်မှာ Cambridge Rindge & Latin အစိုးရ အထက်တန်းကျောင်းတွင် တက်ခဲ့သည်ဟု အဆိုပါ သင်္ကာမကင်းခံရသူ ကျောင်းပြီးပြီး နောက်တနှစ်တွင် ကျောင်းပြီးခဲ့သူ အဲရစ်မာကာဒို (Eric Marcado) ကပြောသည်။

ဆာနက်ဗ်သည် ဟားဗတ်တက္ကသိုလ်တွင် ရေကူးကန် အသက်ကယ်သမား အဖြစ် လုပ်ကိုင် ခဲ့သေးသည် ဟုလည်း မာကာဒို ကပြောသည်။

`ကျနော်တို့ အတူတူ လည်ကြတယ်။ အတူတူ ပါတီတက်ကြတယ်။ အထက်တန်း ကျောင်းတုံးက တကယ့် မိတ်ဆွေကောင်း တွေပါဘဲ´ ဟု မာကာဒိုက စီအန်အန်ကိုပြောသည်။

`ကျနော် တို့လည်း အများလိုပါဘဲ။ တကယ့်ကို တုန်လှုပ်သွားတယ်။ တကယ့်ကို နားမလည်နိုင် တော့ ပါဘူး။ ဇိုကာဆီက ဒီလို လုပ်လိမ့်မယ် ဆိုတဲ့ မသင်္ကာစရာ ဘာလက္ခဏာ မှမတွေ့ခဲ့ရဘူး။ တကယ့်ကို တုန်လှုပ်စရာကြီးပါ´ ဟု သူကပြောသည်။

ဇိုကာနှင့် သူသည် တရပ်ကွက်ခြားတွင် သာနေထိုင်သူများဖြစ်ပြီး သူ့အကိုအကြောင်းမသိ ပါဟု မာကာဒို ကပြောသည်။

ဇိုကာဆာနက်ဗ်သည် လောလောဆယ်တွင် မက်ဆာချူးဆက် ဒါ့မော့သ်တက္ကသိုလ် (University of Massachusetts Dartmouth) တွင်ကျောင်းသားအဖြစ် စာရင်း ပေးသွင်း အပ်နှံထားပြီး အဆိုပါ တက္ကသိုလ်ကိုလည်း သောကြာနေ့က ကျောင်းသားနှင့်အမှုထမ်းအားလုံး ဘေးကင်းရာသို့ ထွက်ခွာ သွားရန် အမိန့်ထုတ်ခဲ့ရသည်။

အဆိုပါ တက္ကသိုလ်သည် နယူးဘက်ဖို့ဒ်၏ အနောက်ဘက် ကင်းဘရစ်ခ်ျနှင့် ၆၅ မိုင်အကွာ တောင်ဘက် တွင် ရှိ သည်။

ဇိုကာဆာနက်ဗ်၏ အိမ်နီးချင်း တဦးလည်းဖြစ်၊ သူတက်ခဲ့ရာ အထက်တန်း ကျောင်းတွင် ဆရာဟောင်း တဦးလည်း ဖြစ်ခဲ့သူ လာရီအာရုန်ဆန် (Larry Aaronson) က သူသည် `အံ့ဘွယ်တော်သည့် ကလေးတဦး´ ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။

`သူဒီမှာ ရှိနေတာ တကယ့်ကို ကျေးဇူးတင်စရာပါ။ သူက ပျော်ပျော်နေတတ်တယ်၊ ကြင်နာ တတ်တယ်၊ ဂရုဏာထားတတ်သူလဲဖြစ်ပါတယ်´ ဟု အရုန်ဆန်က စီအန်အန် ကိုပြောဆိုခဲ့သည်။

mizzima

No comments:

Post a Comment