Wednesday 6 March 2013

NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ် အဖြစ်မှ ရပ်စဲခံရမှုအပေါ် ဦးခင်မောင်ရှိန် ပြန်လည်ရှင်းလင်း


Wednesday, March 6, 2013
ဦးခင်မောင်ရှိန်က မီဒီယာများအား ရှင်းလင်းပြောကြားနေစဉ်

NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခံရမှုနှင့် စပ်လျဉ်း၍ ရပ်စဲခံရသူ တစ်ဦးဖြစ်သူ ဦးခင်မောင်ရှိန်က ရန်ကုန်မြို့တွင် မတ် ၆ ရက်က ပြန်လည်ရှင်းလင်းခဲ့သည်။

ဦးခင်မောင်ရှိန်က ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင်၏ စွပ်စွဲမှုများမှာ မှန်ကန်မှုမရှိကြောင်း မီဒီယာများ သို့ ပြောကြားခဲ့သည်။
အဖွဲ့ချုပ်အတွင်း ညီညွတ်ရေးကို ပြိုကွဲပျက်စီးစေမည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုများ ပြုလုပ်သည် ဟု ခိုင်လုံသောသတင်း ရရှိထားသဖြင့် ဦးခင်မောင်ရှိန် အပါအ၀င် ကိုယ်စားလှယ်လေးဦးအား နိုင်ငံလုံး ဆိုင်ရာ ညီလာခံကိုယ်စားလှယ်အဖြစ်မှ ရပ်စဲလိုက်ကြောင်း NLD ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင်က မတ် ၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဦးခင်မောင်ရှိန်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင် ဥက္ကဋ္ဌ (ဗဟိုညီလာခံကိုယ်စားလှယ်) ဖြစ်ပြီး တရားလွှတ်တော်ရှေ့နေလည်း ဖြစ်သည်။

ဦးခင်မောင်ရှိန်က ၎င်းနှင့်အတူ ရပ်စဲခံခဲ့ရသော ရန်ကုန်တိုင်းဒေသကြီးမှ ကိုယ်စားလှယ်စ်ဦးကို လုံးဝမ သိကြောင်း၊ယင်းကိုယ်စားလှယ် နှစ်ဦးကိုစွပ်စွဲထားသည့်အဖွဲ့ချုပ်စီအီးစီရယူရေး၊၂၀၁၅ တွင် ဥက္က ဋ္ဌ ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်လာပါက ပါတီဥက္ကဋ္ဌမှ ဖယ်ရှားရေးကို စီမံနေကြောင်း သတင်းကြောင့် ဟု ထင်ကြောင်း၊ ရန်ကုန်မြောက်ပိုင်းခရိုင် ကိုယ်စားလှယ် ၁၀ ဦးကို မတ် ၂ ရက်က သမိုင်းလမ်းဆုံရှိ စီးတီးမတ်တွင် တွေ့ဆုံခဲ့ခြင်းမှာလည်း ဗဟိုညီလာခံတွင် မည်သည့်ကိုယ်စားလှယ်များ အရွေးခံမည်၊ အရွေးမခံမည်ကို ဆန္ဒယူခြင်းသာဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

ဦးခင်မောင်ရှိန်နှင့်အတူ ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခံရသူများမှာ ရန်ကုန်တိုင်းဒေသကြီး လမ်း မတော်မြို့နယ် မှ ဦးခင်မောင်ဝင်း၊ ရွှေပြည်သာမြို့နယ်မှ ဦးသန့်ဇင်နှင့် စစ်ကိုင်းတိုင်းဒေ သကြီး ကော လင်းမြို့နယ် မှ ဒေါ်မိမိကြီးတို့ဖြစ်သည်။

စွပ်စွဲချက်များသည် မှားယွင်းကြောင်း ညီလာခံကျင်းပရေး ဗဟိုကော်မရှင်က မိမိကို တောင်းပန်စေ လိုကြောင်းနှင့် တောင်းပန်သည်ဖြစ်စေ၊ မတောင်းပန်သည်ဖြစ်စေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် အဖြစ် ဆက်လက်ရပ်တည်တော့မည် မဟုတ်ကြောင်း၊ ယင်းအတွက် စီးပွားရေးအတွက် အချိန် ပိုမိုပေးနိုင်သွားကြောင်းနှင့် နိုင်ငံရေးကိုမူ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

၎င်း၏ နိုင်ငံရေးဂုဏ်သိက္ခာကို ထိခိုက်စေခြင်းနှင့် ပါတီ၏အနာဂတ်၊ တိုင်းပြည်၏ အနာဂတ်အတွက်လည်း နစ်နာသည်ဟု ယုံကြည်သည့်အတွက် ယခုကဲ့သို့ ဖြေရှင်းချက် ထုတ်ရခြင်းဖြစ်ပြီး ဥက္ကဋ္ဌ ဒေါ်အောင် ဆန်း စုကြည် ထံသို့လည်း တင်ပြသွားမည်ဖြစ်ကြောင်း ဦးခင်မောင်ရှိန်က ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ညီလာခံ ကျင်းပရေးဗဟိုကော်မရှင်က "ညီလာခံ ကိုယ်စားလှယ်များသည် ညီလာခံ၏ ရွေးချယ်မှု အဆင့်ဆင့်တွင် အခြားသူများအား မည်သူ့ကို ဆန္ဒမဲပေးရန် သို့မဟုတ် မဲမပေးရန် စည်း ရုံးခြင်း မပြုရ။ ထိုသို့ စည်းရုံးမှုမျိုးကို တိုက်တွန်းခြင်း၊ အားပေးခြင်း၊ ကူညီခြင်း မပြုရ။ ညီလာခံ ကိုယ်စား လှယ်၏ လွတ်လပ်စွာ ဆန္ဒမဲပေး ပိုင်ခွင့်ကို ထိခိုက်စေမည့် အပြုအမူ၊ အပြောအဆိုမျိုးကို မပြုလုပ်ရ" ဟု ဖေဖော်ဝါရီ ၂၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်သော ညီလာခံ ကိုယ်စားလှယ်များ လိုက်နာရန် စည်းကမ်းချက်များတွင် ထည့်သွင်း ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၅ နှစ်အတွင်း ပထမဆုံး နိုင်ငံလုံးဆိုင်ရာ ညီလာခံကို မတ် ၈ ရက်မှ ၁၀ ရက်နေ့အထိ ရန်ကုန်မြို့၌ ပြုလုပ် သွားမည်ဖြစ်ကာ ကိုယ်စားလှယ် ၁၅၀၀ ခန့် တက်ရောက်မည်ဖြစ်သည်။
ref:EMG

No comments:

Post a Comment