Wednesday 6 March 2013

တန်ဖိုးနည်းအိမ်ရာ ဈေးနှုန်းများ ပြန်ပြင်မည်



ရန်ကုန်၊မတ်- ၆

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် ဧရာဝဏ်စီမံကိန်းနှင့် ရတနာအိမ်ရာစီမံကိန်းတို့၏ သတ်မှတ်ထားသော ဈေးနှုန်းများကို ပြင်ဆင်သတ်မှတ်သွားမည်ဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးကပြောသည်။
လွန်ခဲ့သော ရက်သတ္တပတ်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သံတွဲမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ၏ ဈေးနှုန်းကို အစိုးရ၀န်ထမ်းများ အမှန်တကယ် လက်လှမ်းမီသည့် ဈေးနှုန်းအဖြစ် ပြန်လည်ပြင်ဆင်သင့်ကြောင်း လွှတ်တော်အတွင်း အဆိုတစ်ရပ် တင်သွင်းခဲ့ပြီးနောက် ယခုကဲ့သို့ ဈေးနှုန်းပြင်ဆင်ရန် ဌာနမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အစိုးရမှဆောင်ရွက်မည့် အဆိုပါစီမံကိန်းတွင် အိမ်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၉၀ ကျော်မှ ၂၀၀ ကျော်အထိရှိပြီး ပထမအရစ်
ကျပ်ကိုးသိန်းကျော် ကနဦးပေးသွင်းရမည်ဖြစ်ကာ ကျန် ၉၅ ရာခိုင်နှုန်းကို တစ်လလျှင် ငါးရာခိုင်နှုန်းဖြင့် ၁၅ နှစ်မှ နှစ် ၂၀ အတွင်း ပေးသွင်းသွားရမည်ဖြစ်သည်။ တည်ဆောက်မှု ကုန်ကျစရိတ်နှင့် ခန့်မှန်းတွက်ချက်ကာ သက်သာသော ဈေးနှုန်းအဖြစ် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးက ပြောသည်။

“ဆောက်လုပ်မှုကုန်ကျစရိတ်ပေါ် မူတည်ပြီး တန်ဖိုးကို ပြန်လည်ပြင်ဆင်မှာပါ။ အသေးစိတ်ကိုတော့ ရေးဆွဲနေတုန်းပါပဲ”ဟု ၎င်းကပင်ပြောသည်။ အဆိုပါ တန်ဖိုးနည်းအိမ်ရာစီမံကိန်း သတင်းထွက်ပေါ်လာပြီးနောက် ယင်းစီမံကိန်းကို ဘက်ပေါင်းစုံမှ ပညာရှင်အချို့က ဝေဖန်ပြောဆိုမှုများလည်း ရှိခဲ့သည်။

“ကျွန်တော်ကြားထားတဲ့ ဒဂုံဆိပ်ကမ်းဘက်က တန်ဖိုးနည်းအိမ်ရာတစ်ခုက အထပ်မြင့်ကြီးဖြစ်နေတယ်။ အမှန်တော့ တန်ဖိုးနည်းအိမ်ရာဆိုတာ ၁၈ ထပ်၊ ၁၉ ထပ် ဖြစ်စရာအကြောင်း လုံးဝမရှိဘူး”ဟု မြို့ပြဗိသုကာဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာကျော်လတ်ကပြောသည်။

ယခုလက်ရှိ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်မှုအများစုတွင် အမှန်တကယ် တည်ဆောက်မှု ကုန်ကျစရိတ် များပြားနေခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များဘက်မှ အရင်းအနှီးစိုက်ထုတ်ရမှု ပမာဏပိုမိုများပြားနေကြောင်း၊ တန်ဖိုးနည်းဟု ခေါင်းစဉ်တပ်ထားသော်လည်း ဆောက်လုပ်မှု ကုန်ကျစရိတ်ကို လျှော့ချဆောက်လုပ်ပါက အန္တရာယ်ရှိသည့် လူနေတိုက်ခန်းများအဖြစ် ပေါ်ထွက်လာနိုင်ကြောင်း Three Friends ဆောက်လုပ်ရေးကုမ္ပဏီမှ ဒါရိုက်တာဦးကိုကိုလေး ကပြောသည်။

“အဓိကက တန်ဖိုးလျှော့ရောင်းဖို့ထက် ပြည်သူတွေရဲ့ဝင်ငွေကို မြင့်ပေးအောင် လုပ်မှပဲရမယ်”ဟု ၎င်းကပြောသည်။

အဆိုပါစီမံကိန်း တည်ဆောက်မည့် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ယခင်က တည်ရှိခဲ့သည့် တိုက်ခန်းများမှ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက လက်ရှိတန်ဖိုးနည်းအိမ်ရာများမှာပိုမိုကြီးမြင့်နေပြီး မြေဈေးသက်သာသည့် နေရာတွင် ရှိနေသော်လည်း တိုက်ခန်းများ ၏ ဈေးနှုန်းကြီးမြင့် မှုမှာ အလွန်များပြားနေသေးကြောင်း တော်ဝင်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးကိုကိုထွေးကပြောသည်။
 
ref:7daynews

No comments:

Post a Comment