Tuesday 19 March 2013

ရှမ်းနှင့် ကယား တိုင်းရင်းသား ညီလာခံ ကျင်းပတော့မည်



ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အထောက်အကူပြုရန်အတွက် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အတွင်းရှိ လက်နက်ကိုင် အဖွဲ့ အစည်းများနှင့် နိုင်ငံရေးပါတီ အများအပြား ပါဝင်သည့် ညီလာခံ တရပ်ကို လားရှိုးမြို့တွင် ကျင်းပကြမည် ဖြစ်သည်။
မတ်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ထိ သုံးရက်တာ ကျင်းပမည့် ညီလာခံသို့ တိုင်းရင်းသား အဖွဲ့အစည်းပေါင်း ၂၅ ဖွဲ့အား ဖိတ်ခေါ် ထားရာမှ ၁၇ ဖွဲ့ တက်ရောက်ရန် စာရင်း လက်ခံထားပြီး ဖြစ်ကြောင်း ဦးဆောင် စီစသ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က ပြောသည်။

“အဓိက ဆွေးနွေးမှုမှာက ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့အတွက် ဘာတွေများ ဖြည့်စွက်ပြီး
တော့ ကူညီပံ့ပိုးနိုင်မလဲ၊ အဖွဲ့အစည်း အသီးသီးကနေ သူ့အမြင်၊ ကိုယ့်အမြင် လာရောက် တင်ပြ ဆွေးနွေးကြဖို့ပါ” ဟု မဇ္ဈိမကို ပြောသည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ရှမ်း နိုင်ငံရေးပါတီနှင့် လက်နက်ကိုင် အဖွဲ့အစည်းများသာ ပါဝင်သော ညီလာခံတရပ် ကို ရန်ကုန်မြို့တွင် “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ သည်။

ထိုညီလာခံအပြီး ဒီဇင်ဘာလအတွင်းက SNLD ပါတီမှ အဖွဲ့ဝင်များ၏ လေ့လာရေး ခရီးစဉ်တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်များ ရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံခဲ့ရာ ကယားပြည်သူလူထုနှင့် ရှမ်းပြည်သူလူထု၏ လိုအပ်ချက်နှင့် နိုင်ငံရေး ရည်မှန်းချက် ထပ်တူ ခံစားနေရသည်ကို တွေ့ရှိရသဖြင့် ယခုကဲ့သို့ အတူပူးပေါင်း၍ ညီလာခံကြီး ကျင်းပရခြင်း ဖြစ်သည်ဟု သူက မဇ္စျိမကို ပြော သည်။

“ဒုတိယအကြိမ် ညီလာခံ ကျင်းပဖို့ လေ့လာရေး ခရီးထွက်ရင်း ကယားပြည်နယ်၊ မိုးဗြဲတို့ ရောက်သွားတယ်။ အဲဒီမှာ
ရှိတဲ့ ပြည်သူလူထုရဲ့ ခံစားချက်ကလည်း ရှမ်းပြည်နယ် လူထုနဲ့ တူနေတယ်။ လိုအပ်ချက်ချင်း တူနေတယ်။ နိုင်ငံရေး ရည်မှန်း ချက်ချင်း တူနေတယ်။ အဲဒါကြောင့် စုပေါင်းပြီး လုပ်ရအောင်လို့ ကယားဘက်က ကမ်းလှမ်းလာတဲ့အတွက် ကျနော်တို့ စုပေါင်းပြီး လုပ်လိုက်ရခြင်း ဖြစ်ပါတယ်” ဟု ဦးစိုင်းလိတ် က ပြောသည်။

ဖိတ်ကြားခံ အဖွဲ့အစည်းတိုင်းမှ အနည်းဆုံး သုံးဦး တက်ရောက်ခွင့်ရှိပြီး မိမိတို့၏ အမြင် သဘောထားများကို စာတမ်းပြုစုလာပြီး ညီလာခံတွင် ဖတ်ကြားပြီးနောက် မေးမြန်းသည်များ ရှိပါက ဖြေပေးရမည် ဖြစ်ကြောင်း သူက ဆိုသည်။

ယခုညီလာခံသို့ ဝ'ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ မိုင်းလား ခေါ် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA၊ ရှမ်းပြည် တောင်ပိုင်း တပ်မတော် RCSS၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP၊ ကရင်နီ လူမျိုးပေါင်းစုံ လွတ် မြောက်ရေး တပ်(ကလလတ)၊ ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ် (ရလလဖ) စသည့် အဖွဲ့များ အပါ အဝင် နိုင်ငံရေး ပါတီများ တက်ရောက် စာရင်း ၁၇ ဖွဲ့ရှိပြီ ဖြစ်သည်။

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း၊ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုး၊ သစ်တော ဝန်ကြီး ဦးဝင်းထွန်း၊ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေတို့လည်း တက်ရောက်မည် ဟု သိရသည်။

SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး တက်ရောက်ကာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်ဆိုင်းလည်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

စာပေယဉ်ကျေးမှုအဖွဲ့၊ အမျိုးသမီးအဖွဲ့အစည်းများ၊ ရှမ်းသဘာဝ လေ့လာရေးအဖွဲ့၊ ရှမ်းကျောင်းသားလူငယ်များ အဖွဲ့များ၊ အစိုးရ အဟုတ်သော အဖွဲ့အစည်းများ၊ ပေါင်းကူးအဖွဲ့မှ ဒေါက်တာကျော်သူအောင်၊ ရှေ့နေကွန်ယက်မှ ဦးလှထွန်း စသည့် ပုဂ္ဂိုလ်များ ကို ဖိတ်ခေါ်ထားသည်ဟု ဦးစိုင်းလိတ် က ပြောသည်။

ယခုညီလာခံအပြီး ရလဒ်အဖြစ် စစ်မှန်သည့် ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရန်အတွက် တိုင်းရင်းသားနှင့် အစိုးရတို့ အကြား ဆွေးနွေးမည့် နည်းလမ်းများ ရရှိလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဦးစိုင်းလိတ်က ပြောသည်။

“ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်ဖို့ နည်းလမ်းတခု၊ နောက် တိုင်းရင်းသားအားလုံး မျော်မှန်းထားတဲ့ စစ်မှန်
တဲ့ ဖယ် ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အစိုးရနဲ့ တိုင်းရင်းသားတွေကြားမှာ ဘယ်လို ဆွေးနွေးမှု ပုံစံမျိုး တည်ဆောက် မလဲဆိုတာကို အဖြေရှာ နိုင်လိမ့်မယ်လို့ အနည်းဆုံး မျှော်လင့်ထားပါတယ်” ဟု မဇ္စျိမကို ပြောသည်။

SNLD ပါတီသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ဒုတိယ မဲဆန္ဒနယ် အများဆုံးဖြင့် အနိုင်ရရှိခဲ့ပြီး ၂၀၀၃ ခုနှစ်က စစ်အစိုးရ ကျင်းပသည့် အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့သော်လည်း တိုင်းရင်းသားတန်းတူရေးကို ဖွဲ့စည်းပုံတွင် ထည့်သွင်းထားခြင်း မရှိသဖြင့် နောက်ပိုင်းတွင် ညီလာခံအား သပိတ်မှောက်ခဲ့သည်။

မတရားအသင်း ဖွဲ့စည်းမှု၊ နိုင်ငံတော် ပုန်ကန်မှုတို့ဖြင့် စွပ်စွဲ၍ SNLD ပါတီ ဥက္ကဋ္ဌ အပါအဝင် ခေါင်းဆောင်များကို နှစ်ရှည်ထောင် ဒဏ်ချမှတ်ခဲ့သည့်အပြင် ပါတီအား ဖျက်သိမ်းခဲ့သည်။

၂၀၁၂ ခုနှစ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာပြီးနောက် SNDP မူရင်းပါတီ အမည် အတိုင်း နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြခဲ့ရာ ယမန်နှစ် ဇွန်လက ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့သည်။
 
 
ref:Mizzima

No comments:

Post a Comment