Thursday, 6 September 2012

အရေးကြီးပုဂ္ဂိုလ်နှင့် အရေးပေးခံရသူ

From- 7Day News Journal
ရေးသားသူ- မြင့်မိုရ်ဆွေ

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို လက်နက်မပါဘဲ ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ဖျက်ဆီးနေသော ရန်သူမှာ အခြားမဟုတ်၊ လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေသည်။ လာဘ်ပေးလာဘ်ယူမှုသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမျက်နှာစာအားလုံးကို ဆူနာမီထက် အင်အားကြီးမားစွာ ဖျက်ဆီးပစ်နိုင်စွမ်းရှိ၏။ လောကပါလတရားကို ဖျက်ဆီးရာတွင်လည်း အဖျက်အင်အား အကြီးမားဆုံး ဖြစ်ပေသည်။ မျက်မှောက်ကာလ စာရေးသူတို့နိုင်ငံတွင် သန့်ရှင်းသော အစိုးရနှင့် ကောင်းမြတ်သော အုပ်ချုပ်မှုကတစ်ဖက် လာဘ်ပေးလာဘ်ယူကတစ်ဖက်၊ အားပြိုင်လျက်ရှိပြီး လာဘ်ပေးလာဘ်ယူက အားသာမှာကို ပြည်သူတို့ အလွန်စိုးရိမ်လျက် ရှိပေသည်။ လာဘ်ပေးလာဘ်ယူနှင့် ပတ်သက်၍ အလွန်မှတ်သားဖွယ်ကောင်းသော ပုံပြင်တစ်ပုဒ်ကို ပြန်ပြောင်း သတိရမိပါသည်။ ရှေးအခါက တိုင်းပြည်တစ်ပြည်တွင် ပြည့်ဘဏ္ဍာကို ခိုးယူသော နာမည်ကြီး သူခိုးကြီးတစ်ဦးအား လက်ရဖမ်းဆီးမိ၏။ ဘုရင်ကိုယ်တိုင် မှူးကြီးမတ်ရာနှင့် စစ်သူကြီးများ ရှေ့မှောက်၌ စစ်မေးရာ သူခိုးကြီးက အပြစ်ကိုဝန်ခံ၏။ ပြည့်ဘဏ္ဍာကို ခိုးယူသည်မှာ အပြစ်ကြီးလေးသည့်အလျောက် သားစဉ်မြေးအညွန့် မှတ်သားလောက်အောင် သေဒဏ်ကျခံစေဟု ဘုရင်ကအမိန့်ချ၏။ သူခိုးကြီး အား နောက်ဆုံးအနေဖြင့် မောင်မင်း ဘာများ လျှောက်တင်လိုသနည်းဟု မေးရာ သူခိုးကြီးက သူမသေမီ နောက်ဆုံး အခွင့်အရေးတစ်ရပ် တောင်းဆိုလိုပါကြောင်း၊ သူသည် အနယ်နယ်အရပ်ရပ်မှ ပစ္စည်းများ ခိုးဝှက်ရင်း ပဒေသာပင် မျိုးစေ့တစ်စေ့ကို ကံအားလျော်စွာ ခိုးယူရရှိထားပြီး ကိုယ်နှင့်မကွာ အမြဲသိမ်းဆည်းထားပါကြောင်း၊ မိမိ မကွယ်လွန်မီ တိုင်းပြည်အတွက် ပဒေသာပင် စိုက်သည်ကို တွေ့မြင်သွားလိုကြောင်း၊ ပဒေသာပင် သီးပွင့်လာသောအခါ တိုင်းပြည်ကြီး ချမ်းသာလာ မည်ဖြစ်ကြောင်း၊ အကျင့်သီလမရှိဘဲ ရှိဟန်ဆောင်ပြီး စိုက်ပျိုးပါကလည်း အပင်မပေါက်သည့်အပြင် စိုက်ပျိုးသူပါ သွေးပွက်ပွက်အန်ပြီးသေမှာ ဖြစ်ကြောင်းနှင့် အရှင်မင်းကြီးကိုယ်တိုင် မှူးကြီးမတ်ရာများထဲမှ သင့်လျော်သူကို ရွေးချယ်စိုက်ပျိုးစေပါမည့်အကြောင်း အခွင့်တောင်းလေ၏။ ဘုရင်ကြီးက ဤအခွင့်အရေးမှာ ခဲရာခဲဆစ်မဟုတ်၊ တိုင်းပြည်လည်း ချမ်းသာမည်ဖြစ်ပြီး သူ၏ထံပါး၌ အကျင့်သီလရှိသော အမတ်က၀ိန်များ များစွာရှိ၍ ယခုပင် စိုက်ပျိုးစေအံ့ဟု လိုက်လျောသမှု ပြုလေ၏။

ဘုရင်ကြီးက ရှေးဦးစွာ စိုက်ပျိုးရေးအမတ်ကြီးအား တာဝန်ပေးရာ အမတ်ကြီးက သူ့ထက်ပို၍ သီလပြည့်စုံသူ ပြည်ထဲရေးအမတ်ကြီးကို တာဝန်ပေးသင့်ပါကြောင်း လျှောက်တင်၏။ ပြည်ထဲရေး အမတ်ကြီးကလည်း တိုင်းပြည်တွင် လက်ရုံးရည်၊ နှလုံးရည် အပြည့်အ၀ဆုံးဖြစ်သည့် စစ်သူကြီးနှင့် ပိုမိုသင့်လျော်ကြောင်း လျှောက်ထားပြန်၏။ စစ်သူကြီးကလည်း တိုင်းပြည်ရန်ကို လက်ရုံးရည်ဖြင့် နှိမ်နင်း ရာ၌ သီလကျိုးပေါက်မှုများ ရှိနိုင်ပါ၍ လွှတ်တော်အမတ်ကြီးနှင့်သာ သင့်လျော်ကြောင်း လျှောက်ထား၏။ လွှတ်တော်အမတ်ကြီးကလည်း သာသနာရေးအမတ်ကြီးနှင့် ပိုမိုသင့်လျော်ကြောင်း
လျှောက်ပြန်၏။ သာသနာရေးအမတ်ကြီးကလည်း မျက်လုံးပြူး မျက်ဆန်ပြူးနှင့် စိုက်ပျိုးရေးအလုပ်ဖြစ်၍ စိုက်ပျိုးရေးအမတ်ကိုသာ တာဝန်ပေးသင့်ပါကြောင်း အလျင်အမြန် လျှောက်ထားပြန်၏။ ထိုအခါ ဘုရင်ကြီးက အမတ်ကြီးများ ဘော်လီဘောပုတ်နေသည့် အခြေအနေကို ရိပ်စားမိကာ အမျက်ဒေါသထွက်၍ မိမိထံပါးမှာ အကျင့်သီလရှိသည့်အမတ် လုံးဝမရှိမှန်းကိုလည်းကောင်း၊ မိမိသည် သီလသမာဓိရှိဟန် လိမ်ညာပြီး ခစားနေသည့် အမတ်ကလိမ်များ၏ အလိမ်အညာခံ ဘုရင်ဖြစ်နေသည်ကိုလည်းကောင်း ယခုမှသိရှိရကြောင်း မိန့်ကြားလေ၏။

ထိုအခါ အမတ်များအားလုံးညှိပြီး မင်းကျင့်တရား (၁၀)ပါး၊ အပရိဟာနိယတရား (၇)ပါး၊ နာယကဂုဏ် (၆)ပါးနှင့် ပြည့်စုံတော်မူသော အရှင်မင်းကြီးသာလျှင် ပဒေသာပင်စိုက်ပျိုးရန် အသင့်တော်ဆုံးပါ ဘုရားဟု ချွန်တွန်းလုပ်၍ လျှောက်ထားပြန်လေ၏။ ဘုရင်ကြီးကလည်း အပင်မပေါက်ဘဲ သွေးအန်မည့် အရေး ကြောက်တွေးတွေးရင်း “တစ်တိုင်းပြည်လုံးမှာ အကျင့်သီလ ပြည့်စုံသူမရှိလို့ ငါဘုရင်ကိုယ်တိုင် မြေပဒေသာပင် စိုက်ရသည့်ဆိုခြင်းမှာ အတိုင်းတိုင်းပြည်ပြည် ကြားလို့မလျော်၊ သင်တို့အမတ်တွေကို လုံးဝအားမကိုး၊ သင့်လျော်သူကို ပြည်သူတွေထဲမှာ ငါကိုယ်တိုင်ရှာတော်မူမည်၊ ယခုလောလောဆယ် ဆိုင်းငံ့ထားစေ”ဟု လိမ်မာပါးနပ်စွာ မိန့်တော်မူလေသတည်း။ ဤပုံပြင်၏ ဆိုလိုရင်းသဘောမှာ ပုထုဇဉ်လူသားမှန်သမျှ နိုင်ငံအုပ်ချုပ်ရေးတွင် ရာထူးအဆင့်မရွေး ကိုယ်ကျင့်တရား ကောင်းမွန်ရေးကို အထူးသတိပြုကြရန် လိုအပ်ကြောင်း မီးမောင်းထိုးပြခြင်းပင် ဖြစ်၏။

စာရေးသူတို့ နိုင်ငံတွင် ဒီမိုကရေစီမျိုးစေ့သည် အညွန့်အညှောက်ထွက်၍ ရှင်သန်နေပြီဖြစ်၏။ အခိုင်အမာ အမြစ်တွယ်စေရန်နှင့် လာဘ်ပေးလာဘ်ယူ လောင်းရိပ်မမိစေရန် ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်ကြ ရမည် ဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်သည် ဖွားဖက်တော်များ မဟုတ်ကြပေ။ ဈေးကွက်စီးပွားရေးစနစ်က ဒီမိုကရေစီထက် အသက်အားဖြင့် နှစ်(၂၀)ကျော် ကြီး၏။ ဆိုလိုသည်မှာ ဒီမိုကရေစီစနစ်၏ ထိန်းကွပ်မှုဖြင့် ဈေးကွက်စီးပွားရေးစနစ်က ကြီးထွားလာခြင်း မဟုတ်ပေ။ ပါလီမန်ဒီမိုကရေစီတည်းဟူသော သမားတော်ကြီးနှင့် ဆုံတွေ့သောအခါ ပွင့်လင်းမြင်သာမှု မရှိသည့် လက်ဝါးကြီးအုပ် ဈေးကွက်စီးပွားရေးစနစ်ကို အနှစ် (၂၀)ကျော် မချစ်သော်လည်း အောင့်ကာ နမ်းခဲ့ကြရသည့် ၀န်ထမ်း များအတွင်း လာဘ်ပေးလာဘ်ယူ ရောဂါက အကြီးအကျယ် ပျံ့နှံ့နေပြီဖြစ်သည်။

စီမံကိန်းများ အကောင်အထည် ဖော်ရာတွင်လည်းကောင်း၊ စွမ်းအင်သတ္တု၊ သစ်တော စသည့် သယံဇာတများ တူးဖော်ထုတ်လုပ်ခွင့် ပြုရာတွင်လည်းကောင်း၊ အခြားစီးပွားရေးလုပ်ငန်းများ လုပ်ပိုင်ခွင့်များ ပေးအပ်ရာတွင်လည်းကောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အပါအ၀င် ပုဂ္ဂလိကလုပ်ငန်းရှင် များအား လက်ဝါးရိုက် တာဝန်ပေး ခိုင်းစေမှုများသည် လာဘ်ပေးလာဘ်ယူ ရောဂါဖြစ်ပွားမှု၏ ပင်မအကြောင်းအရင်းဖြစ်၏။ ၀န်ထမ်းများ၏ လုပ်ခလစာ အလွန်အမင်း
လျော့နည်းမှုဟူသော ကိုယ်ခံအားကျဆင်းမှုကလည်း ရောဂါကူးစက်မှုကို ပိုမိုလွယ်ကူ လျင်မြန်ခဲ့၏။

(ရောဂါလက္ခဏာ (Symptoms)များမှာ အလွန်များလှစွာ၏။ ပြည်သူတို့အတွက် မိမိက တာဝန်ယူ ဆောင်ရွက်ပေးရမည့် အလုပ်ကို (ပုဒ်မ-၄)အရဟု ဆိုလေ့ရှိသော (ပေးမှလုပ်)ခြင်း၊ (အပိုင်း-၄)ဟုဆိုသော (အပေးလိုင်း)ကို အဆင့်ဆင့်ဖန်တီးခြင်းမှာ အခြေခံ ရောဂါလက္ခဏာဖြစ်၏။ ပို၍ရောဂါရင့်သူ (သို့မဟုတ်) ရာထူးကြီးသူများမှ “မာန်ယူ” အကျင့်ရှိကြ၏။ “ခင်ဗျားတို့လုပ်တာ ကျုပ်လုံးဝအားမရဘူး။ တိုင်းပြည်အပေါ် စေတနာမထားသလို မလုပ်နဲ့ ကျုပ်နဲ့တွေ့မယ်” စသည်ဖြင့် ကြိမ်းမောင်းမာန်မဲပြီးမှ လာဘ်ကိုယူလေ့ရှိ၍ “မာန်ယူ”ဟု ဆိုခြင်းဖြစ်၏။ အချို့က “ဟောက်စား”ဟုလည်း ခေါ်၏။)

အချို့ကမူ လက်အုပ်ချီကန်တော့ပြီး မုန့်ပုံးထဲ လာဘ်ငွေထည့်၍ လည်းကောင်း၊ ခြင်းတောင်း ထဲ ရောထည့်၍လည်းကောင်း၊ စာအိတ်ဖြင့်လည်းကောင်း အနန္တောအနန္တငါးပါးကဲ့သို့ ပူဇော်ဟန်ပြုရာ “ပူဇေမိ\ယူလေ၏” ဆိုသကဲ့သို့ ဆုပေးကာ ယူကြလေတော့၏။ အချို့မှာ ဆေးလိပ်တို ကဗျာထဲကအတိုင်း “မယူလိုက်က မိုက်လို့ထင်၊ ယူလိုက်ပြန်က ကြိုက်လို့ထင်၊ သောက်စေချင် ခုတင်တွင် ထောင်ခဲ့ကွဲ့ ညိုနွဲ့ရဲ့လေး ...” ဆိုသည့်အတိုင်း ကိုယ်တိုင်ကိုယ်ကျ လက်နှင့်မယူ စားပွဲထောင့်၊ အခန်းထောင့်တစ်နေရာမှာ မြင်သာအောင် ထားခဲ့လျှင် ခေါင်းညိတ်ပြရုံဖြင့် လက်ခံမှု ပြီးပြတ်စေ၏။

အချို့က ရာထူးကြီး၍ လူကိုယ်တိုင်တွေ့ဆုံပြီး လက်ရောက်ပေးရန် ခက်ခဲခြင်းကြောင့်လည်းကောင်း၊ တန်ဖိုးကြီး ပေးလိုခြင်းကြောင့်လည်းကောင်း၊ မွေးနေ့လက်ဆောင်၊ သားသမီးများ မင်္ဂလာဆောင်လက်ဖွဲ့ စသည်ဖြင့် ပေးအပ်ပြီး “လက်ဖွဲ့လက်ဆောင်၊ ၀ိနည်းရှောင်”ဟု အပြန်အလှန် နားလည်မှု တည်ဆောက်ကြ၏။ အချို့ကလည်း မိမိကတောင်းသည်မဟုတ် ၊သူ့သဘောအလျောက် စေတနာနှင့်ပေး သည့် “ပို့ဆွမ်း”ကို စားလျှင် အန္တရာယ်ကင်းသည်ဟု ဆင်ခြေပေးကြပြန်၏။ အမှန်အားဖြင့် ပို့ဆွမ်းဟူသည် စေတနာရှိဟန်ပြသည့် လာဘ်ပေးမှု နည်းပရိယာယ်တစ်ရပ်သာဖြစ်ကြောင်း သိလျက်နှင့် ၀ိပါက်ကြမ္မာငင်ခြင်း ဖြစ်၏။

တစ်ဖန်တုံ ကြုံရပြန်သေး၏။ “ပြည်သူ့ဆီက လာဘ်မစား၊ ဂိုဒေါင်ထဲက ခွဲတမ်းစား၊ အဲဒါအပြစ်လား”ဟု ဆိုသူများလည်းရှိ၏။ ပြည်သူ့ဘဏ္ဍာ၊ ပြည်သူ့ပစ္စည်းကို စာရင်းလိမ်၍ အိတ်ထဲထည့်လျှင် ရာဇ၀တ်ပြစ်မှုမြောက်ပြီး ပိုမိုအပြစ်ကြီးလေးကြောင်း သတိမူသင့်ပါပေသည်။

ရောဂါလက္ခဏာများကို ဋီကာမချဲ့တော့ဘဲ ရောဂါကုသရေးအတွက် ပထမဆုံးနှင့် အရေးကြီးဆုံး နည်းလမ်းကို ဆန်းစစ်ရှာဖွေကြည့်မိပါသည်။ စာရေးသူ ဉာဏ်မှီသမျှ ဖော်ပြရလျှင် မျက်မှောက်ခေတ် ၀န်ထမ်းများ၏ စိတ်ဓာတ် (Mind set)ကို ခေတ်နှင့်အညီ ပြုပြင်တည်ဆောက်ရေးပင် ဖြစ်ပေသည်။ ယနေ့အချိန်အခါသည် ၀န်ထမ်းများအားလုံး လာဘ်ပေးလာဘ်ယူ ရွှံ့နွံတောမှ ရုန်းထွက်၍ နိုင်ငံနှင့် လူမျိုး ကောင်းစားရေး အခမ်းအနားကို စတင်ဖွင့်လှစ်ရမည့် မင်္ဂလာအချိန် အခါ ဖြစ်လေ သည်။ နိုင်ငံခြားသားများက မြန်မာကို အလွန်ဖော်ရွေသော၊ ကူညီရိုင်းပင်းတတ်သော၊ ရိုးသားပွင့်လင်းသော လူမျိုးအဖြစ် အသိအမှတ်ပြုကြ၏။

မြန်မာဝန်ထမ်းကမူ မြန်မာပြည်သူအတွက် အဘယ်ကြောင့် ဖော်ရွေမှုကင်းသော၊ ကူညီမှုဆိတ်သုဉ်းသော၊ ရိုးသားပွင့်လင်းမှု မရှိသော ၀န်ထမ်းဖြစ်ရပါမည်နည်း။ လာဘ်လာဘ မျှော်ကိုးစိတ်က မြန်မာဝန်ထမ်း ၏ ကောင်းမြတ်သော စိတ်ထားနှင့် စရိုက်များကို ချိုးနှိမ်ထားခြင်း ဖြစ်ပါသည်။ ယနေ့ ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရာ၌ ပါဝင်ခွင့်ရသော ၀န်ထမ်းဘ၀ဟူသည် အလွန်ပင်ခက်ခဲလှ၏။ ဒီမိုကရေစီနိုင်ငံသစ်၏ ၀န်ထမ်းဘ၀ ဒုလ္လဘကို အချည်းနှီး အလဟဿ မဖြစ်ကြစေချင်ပေ။ ၀န်ထမ်းများသည် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာ၌ အရေးကြီးသော လူ့စွမ်းအားအရင်းအမြစ်(Human Resource) အမှန်ပင်ဖြစ်၍ အရေးကြီးသောပုဂ္ဂိုလ် (V.I.P)များဟု ဆိုအပ်ပေသည်။ ဒီမိုကရေစီ ရှင်သန်အောင် သမ္မာအာဇီဝ မေတ္တာရေ လောင်းပေးကြရမည့် ပုဂ္ဂိုလ်များလည်းဖြစ်၏။ ဂျပန်နိုင်ငံသည် အနုမြူပြာပုံထဲမှ ထိုးထွက်လာသော ပန်းအလှချယ်ရီဖြစ်၏။ ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ သည် ကျောက်တောင်ကိုတူး၍ နှင်းဆီပွင့်အောင် လုပ်ခဲ့၏။ စင်ကာပူသည် Pillow and Mat Diplomacy ခေါ် ခေါင်းအုံးနှင့် ဖျာပိုက်၍ စွန့်ဝင်လာသူများက ကြီးပွားအောင် တည်ထောင်ခဲ့ကြခြင်းဖြစ်၏။ မိမိတို့သည် လာဘ်ပေးလာဘ်ယူ တည်းဟူသော မစင်ပုံထဲက လောက်ဘ၀ဖြင့် ဇာတ်သိမ်းမခံနိုင်ကြပေ။

မိုင်းဆက်ကို မည်သူအရင် ပြုပြင်ရမည်နည်းဟု ဆိုလျှင် “မင်းကြီးတာကထွက်”ဆိုသကဲ့သို့ မဖြစ်စေရေးအတွက် အထက်အဆင့် (ပြန်တမ်းဝင်အရာရှိမှစ၍) တာဝန်ရှိသူများက ပထမဆုံးစံနမူနာပြ စတင်ပြောင်းလဲကြရမည် ဖြစ်၏။ မြန်မာ့ယဉ်ကျေးမှုအရ “တပည့်မကောင်း ဆရာခေါင်း” ဖြစ်၍ အောက်က တပည့်များကို လက်ညှိုးထိုး၍ မရပေ။ ကိုယ်တိုင် သန့်ရှင်းသောလက်ဖြင့် လက်အောက်ငယ်သားတို့အား သန့်စင်စေပါလော့ဟု ဆိုချင်ပါသည်။ အရေးကြီးသော ပုဂ္ဂိုလ်သာဖြစ်၍ “အရေးပေးခံရသူ” မဖြစ်ပါစေနှင့်ဟုလည်း တိုက်တွန်းလိုပါ၏။ အရေးပေးခံရသူ ဆိုသည်မှာ မှတ်ချက်ရေးတိုင်း ငွေပေး ခံရသူ ဖြစ်၏။ သူ၏ မှတ်ချက်အရေးကို လာဘ်ပေး၍ တောင်းဆိုခြင်းခံရသူဖြစ်၏။

အောက်ခြေ ၀န်ထမ်းများအနေဖြင့် လစာနည်း၍ သီလမစောင့်နိုင်ဟူသော အခက်အခဲကို ရင်ဆိုင်ကြုံတွေ့လာပါက ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများနှင့်အညီ တောင်းဆိုနိုင်ခွင့် ရှိလာပြီဖြစ်၏။ အမိန့်ပေးစနစ်ဖြင့်လျစ်လျူရှုခြင်းခံရမည့် ကမ်းနားသစ်ပင်များ မဟုတ်တော့ပေ။ ၀န်ထမ်းများ အပါအ၀င် ပြည်သူ့အသံကို နားစွင့်နေသည့် ပြည်သူ့ကိုယ်စားလှယ်များလည်း ရှိနေပြီဖြစ်၏။ တစ်ခုတော့ရှိပါ၏။ လစာနှင့် အခွင့်အရေးများ တိုးပင်တိုးငြားသော်လည်း ဦးပုည၏ ရေသည်ပြ ဇာတ်ထဲမှ ရေသည်ကြီးသည် အိမ်ရှေ့မင်းရာထူးကို ရစေကာမူ သူ၏ချွေးနည်းစာ ပဲဝက်အသပြာကို မစွန့်နိုင်သကဲ့သို့ လာဘ်လာဘကို ချွေးနည်းစာအလား ထင်မှတ်မှားပြီး မစွန့်နိုင်သည့်ဘ၀လည်း မဖြစ်စေချင်၊ ၀န်ထမ်းများသည် ဒီမိုကရေစီနိုင်ငံသစ်တွင် သက်တမ်းတစ်နှစ်ကျော်မျှသာ ရှိသေးသော မိမိတို့၏ ၀န်ထမ်းဘ၀သစ် (မိုင်းဆက်)ကို တစ်ဆင့်ထက်တစ်ဆင့် မြင့်သည် ထက်မြင့်အောင် ပြုပြင်တည်ဆောက်ကြပြီး ရေးတိုင်းပေးခြင်းခံရ၍ ပေးတိုင်းရေးသော “အရေးပေးခံရသူ” ဘ၀ကိုလည်း ဆန့်ကျင်ကျောခိုင်းနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါသတည်း။ ။

No comments:

Post a comment