Thursday 6 September 2012

ဆရာတော် ဦးဥတ္တမနေ့ တရားဝင် ကျင်းပ ခွင့်ရ

From-  နိရဉ္စရာ


အစိုးရ တာဝန်ရှိသူများမှ နှစ်စဉ်နှစ်တိုင်း တရားဝင် ကျင်းပရန်  ခွင့်ပြုလေ့ မရှိသော ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ယခုနှစ်တွင် စစ်တွေမြို့ သက်ဆိုင်ရာ တာဝန်ရှိသူများမှ တရားဝင် ကျင်းပ ခွင့်ပြုပေး လိုက် ပြီ ဖြစ်ကြောင်း ကျောင်းသားခေါင်းဆောင် တစ်ဦးက ပြောသည်။
ထိုသို့ ခွင့်ပြုပေးလိုက်သဖြင့်  စစ်တွေမြို့ ဦးဥတ္တမပန်းခြံအတွင်းရှိ ဆရာတော် ဦးဥတ္တမရုပ်ထုအား ချီတက် ဂါရ၀ပြု ပန်းခွေချ အခမ်းအနားများကို ခန်းနား ကြီးကျယ်စွာ ပြုလုပ်သွားမည် ဟု သိရသည်။
“ စစ်တွေ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငွေစန်းက စက်တင်ဘာ ၅ရက်နေ့မှာ ဆရာတော် ဦးဥတ္တမနေ့ကို ပြုလုပ် ကျင်းပခွင့် ပေးလိုက်ပါတယ်။ ဒါပေမယ့် စစ်တွေမြို့ လမ်းမကြီး အတိုင်း လမ်းလျှောက် ချီတက်တာခွင့်ကိုတော့ ပယ်ချလိုက်ပါတယ်။ ဒါပေမယ့် ခန်းခန်းနားနားတော့ လုပ်သွားမှာပါ” စစ်တွေ တက္ကသိုလ် ကျောင်းသား သမဂ္ဂ (ယာယီ) ကော်မတီ အဖွဲ့ဝင် ကျောင်းသား တဦးက နိရဉ္စရာသို့ ပြောသည်။
စက်တင်္ဘာလ ၄ရက်နေ့  မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ပြီး ခွင့်ပြုချက် တောင်းခံရာတွင် စက်တင်္ဘာလ ၅ရက်(ဗုဒ္ဓဟူး) နေ့ မနက် ၁၀နာရီမှာ ခွင့်ပြုပေးလိုက်သည်ဟု သူက ဆိုသည်။
စစ်တွေ တက္ကသိုလ် ကျောင်းသား သမဂ္ဂမှ ဆရာတော် ဦးဥတ္တမနေ့အား ကျင်းပရန် အတွက် (၁)  ပန်းခွေချ  ပူဇော် ဂါရ၀ပြုလုပ်ခွင့် ပေးရန် (၂)  ကျောင်းသူ/ကျောင်းသားများ  တူညီ ၀တ်စုံဖြင့် စစ်တွေမြို့ လမ်းမကြီးအတိုင်း စနစ် တကျ  ဦးဥတ္တမပန်းခြံသို့  ချီတက်ခွင့် ပြုရန် (၃)  ဆရာတော် ဦးဥတ္တမ ရုပ်ထုရှေ့တွင် ဆုတောင်း ဂုဏ်ပြု စကား ပြောကြားခွင့် ပြုရန် (၄) လုံခြုံရေးကို မိမိတို့မှ တာဝန်ယူရန် နှင့် (၅) ဆုတောင်း ဂါရ၀ ပြုပြီးနောက် ငြိမ်းချမ်းစွာ လမ်းလျှောက် သွားလာရန် ခွင့်ပြုရန် စသည့် အချက်များကို တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။
စက်တင်္ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ ကျင်းပမည့်  အစီအစဉ် နှင့် ပတ်သက်ပြီးလည်း သူက ယခုလို ပြောသည်။
“ လမ်းလျှောက် ချီတက် ခွင့်မပေးတဲ့ အတွက် မြို့ထဲကနေ ဦးဥတ္တမပန်းခြံအထိ မော်တော်ကားတွေနဲ့ဘဲ သွားပါမယ်။ မနက် ၉နာရီ မထိုးခင် ပန်းခြံ အရောက် သွားပြီ  ၉နာရီ ၉ မိနစ်မှာ မြို့သူမြို့သားတွေ စု ပေါင်းပြီး ဆရာတော် ရုပ်ထုရှေ့မှာ ဆုတောင်း ဂါရ၀ ပြုကြမှာ ဖြစ်ပါတယ်။ တီရှပ်တွေကို ဆင်တူ ၀တ်ဆင်ကြမှာပါ။ တီရှပ်ရဲ့  ရှေ့ဘက်မှာတော့ အ သျှင်ဦးဥတ္တမ ထောင်ဝတ်စုံနဲ့ နောက်ဘက် မှာတော့ “ကိုယ့်စာပေကို တတ်မှ အခြားစာကိုသင်ပါ – ဆိုတဲ့ ဆရာတော် မှာကြားခဲ့ တဲ့ စာတန်းလေး ကို ရေးထိုးထားပါတယ်” ဟုပြောသည်။
စက်တင်္ဘာလ ၉ ရက်နေ့တွင် ကျရောက်သော (၇၃) နှစ်မြှောက်  မြန်မာ့ လွှတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမနေ့အား ရခိုင် နိုင်ငံရေး ပါတီများ၊ ရဟန်းတော်များ၊ ကျောင်းသား ကျောင်းသူများ၊ အလုပ်သမား လယ်သမား လူတန်းစားများက ယခုနှစ်တွင် ရခိုင်ပြည်နယ် အနှံ့တွင် စည်ကား သိုက်မြိုက်စွာကျင်းပရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment