Wednesday 22 February 2012

အီတလီမှချေးထားသော ကန်ဒေါ်လာ ၆သန်း ပြန်ဆပ်စရာမလိုတော့


           မြန်မာပေးရမည့် အကြွေး ကန်ဒေါ်လာ ၆သန်းကို အီတလီနိုင်ငံက လျှော်ပေးလိမ့်မည်ဟု စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။
နိုင်ငံတော်သမ္မတက စီးပွားရေး လုပ်ငန်းရှင်များနှင့် ဖေဖော်ဝါရီ ၁၉ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ၄င်းက ပြောသည်။
၎င်းက ”အီတလီက ၆ သန်းကို လျှော်ပေးမယ်လို့ သူကပြောတယ်။ ဒီ ၆ သန်းကို လျှော့လိုက်တာတော့ မဟုတ်ဘူး။ အဲဒါနဲ့ ပတ်သက်ပြီး ဘာသုံးမလဲ ဆိုတာတော့ ပြန်ပြောရတာပေါ့။ အခုက တံတားတစ်ခု ဆောက်တဲ့နေရာမှာ ပြန်သုံးမယ်လို့ ၊ဒါမျိုးပေါ့။ ၆ သန်းတော့ သူတို့ကို ပြန်ပေးစရာတော့ မလိုတော့ဘူး။ ပြည်သူ လူထုအတွက် အသုံးပြန်ပြုရတာပေါ့”ဟု ၄င်းက သမ္မတကြီးနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့မှုကို ရှင်းပြသည်။
ပြည်ပနိုင်ငံများအပေါ် တင်ရှိနေသည့် နိုင်ငံခြားကြွေးမြီများနှင့် ပတ်သက်၍ မည်မျှလျှော့ပေးမည်နည်း ဆိုသောအချက် ကိုလည်း  ပေးဆပ်ရန် ကြွေးရှိနေသည့် နိုင်ငံ များနှင့် ညှိနှိုင်းနေသည်ဟု သမ္မတကြီးက ပြောကြောင်း ၄င်းက ထပ်လောင်းဆိုသည်။
”နိုင်ငံခြားကနေ ချေးယူထားတာ ၁၁ ဘီလီယံလောက် ရှိတယ်။ အားလုံး ပြန်ဆပ်ရင်တော့ မလွယ်ဘူး။ ဘယ်လောက် လျှော့ပေးမယ်ဆိုတာတော့ ညှိနှိုင်းနေတယ်။ ဂျပန် ကိုပေးဖို့ကပဲ ၆ ဘီလီယံလောက် ရှိနေတယ်။ ၃ ဘီလီယံကို မြို့ပြ ဖွံ့ဖြိုးရေးအနေနဲ့ ဒါလေးကို ညှိနှိုင်းနေတယ်လို့ သမ္မတကြီးက ပြောတယ်” ဟု ဒေါက်တာစိုးထွန်း က ပြောသည်။
အကယ်၍ ပြည်ပနိုင်ငံများနှင့် ညှိနှိုင်းနေသည့်ကိစ္စသာ ရရှိမည်ဆိုပါက ချေးငွေသက်သာသွားမည် ဖြစ်သည့်အပြင် ၄င်းနိုင်ငံတို့မှ ချေးငွေများအား လုံးဝသုည လုပ်မည်တော့ မဟုတ်နိုင်ဟု ဒေါက်တာ စိုးထွန်းက ဆိုသည်။
မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်ပ နိုင်ငံအသီးသီးမှ နိုင်ငံခြားငွေ ကန်ဒေါ် လာ ၁၁ဝ၁၃ ဒသမ ၂၉၈ သန်း ချေးယူထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့သည်။
၎င်းနိုင်ငံခြားချေးငွေထဲ၌ ၁၉၈၈ မတိုင်ခင် ချေးယူငွေမှာ ငွေသန်း ပေါင်း ၈၄ဝဝ ကျော်နှင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း ချေးယူငွေမှာ သန်းပေါင်း ၂၆ဝဝ ကျော်ရှိသည် ဟု ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောသည်။
                                                                                                                                   Popular Myanmar

No comments:

Post a Comment