Saturday, 13 December 2014

လက်ပံတောင်း ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့၊ သေနတ် ပစ်ခတ်မှုကြောင့် နှစ်ဦးဒဏ်ရာရ

Photo: လက်ပံတောင်း ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့၊ သေနတ် ပစ်ခတ်မှုကြောင့် နှစ်ဦးဒဏ်ရာရ
Saturday, December 13, 2014

လက်ပံတောင်းဒေသမှာ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဒီကနေ့ နံနက်ပိုင်းက ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသားနှစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

လယ်ယာမြေလျော်ကြေး မယူထားတဲ့ လိပ်ခွံတောင်ကျေးရွာ အရှေ့ဘက် ခြံစည်းရိုးကာရံမယ့် နေရာသို့ ဒေသခံတွေက ဒီနေ့နံနက် ရှစ်နာရီဝန်းကျင်မှာ သွားရောက် တားဆီးရာကနေ ရဲတပ်ဖွဲ့နဲ့ အခြေအတင် ဖြစ်ခဲ့ကြပါတယ်။

အပြန်အလှန် လောက်လေးခွတွေနဲ့ ပစ်ခတ်ခဲ့ရာကနေ ပဋိပက္ခ စတင်ခဲ့တာဖြစ်တယ်လို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသခံတစ်ဦးက ပြောပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုမှာ မိုးကြိုးပြင်မြောက်ရွာ၊ မိုးကြိုးပြင်တောင်ရွာ၊ မိုးကြိုးပြင်အရှေ့ရွာနဲ့ ဆည်တည်းကျေး ရွာတွေက ဒေသခံတစ်ရာကျော် ပါဝင်ပြီး ရဲတပ်ဖွဲ့ဝင် အင်အား၂၀၀ ကနေ ၃၀၀ ကြားမှာရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အဖွဲ့တွေ ပြန်မရောက်သေးတာကြောင့် ဖြစ်စဉ် အသေးစိတ်ကို မသိရသေးဘူးလို့ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေထွန်းက ဒီနေ့ မွန်းလွဲ တစ်နာရီဝန်းကျင်မှာ The Voice သို့ ပြောဆိုပါတယ်။

ဒဏ်ရာရရှိသူတွေဖြစ်တဲ့ မိုးကြိုးပြင် အရှေ့ရွာက ဦးဇော်ထွန်းမှာ လက်မောင်းကို သေနတ်ထိမှန်ခဲ့တာ ဖြစ်ပြီး ဦးပေါဌေးဆိုသူမှာတော့ ပေါင်မှာ ဒဏ်ရာရရှိခဲ့တာလို့ မိုးကြိုးပြင် အရှေ့ရွာမှ ဦးသန်းထွန်းက ပြောပါတယ်။

The Voice Weekly
လက်ပံတောင်းဒေသမှာ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဒီကနေ့ နံနက်ပိုင်းက ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီက နေ သိရှိရပါတယ်။

ထိုင်းအိမ်ရှေ့မင်းသား၏ ကြင်ရာတော် တော်ဝင်အသိုက်အဝန်းမှ ဖယ်ရှားခံရ

Photo: ထိုင်းအိမ်ရှေ့မင်းသား၏ ကြင်ရာတော် တော်ဝင်အသိုက်အဝန်းမှ ဖယ်ရှားခံရ
Saturday, December 13, 2014

ထိုင်းနိုင်ငံ၏ အိမ်ရှေ့မင်းသား၏ ကြင်ရာတော်သည် တော်ဝင်မိသားစု အသိုက်အဝန်းမှ ဖယ်ရှားခံလိုက်ရကြောင်း သတင်းရရှိသည်။
 
အိမ်ရှေ့မင်းသား မဟာဗာဂျာရာလွန်ကွန်၏ ကြင်ရာတော် ဆရီရက်စ်မီ မင်းသမီးသည် သူမ၏ တော်ဝင် အဆောင်အယောင်များကို ပြန်လည် အပ်နှင်းခဲ့ပြီးဖြစ်ကြောင်း ထိုင်းတော်ဝင်နန်းတော်က ကြေညာခဲ့သည်။
 
ထိုင်းနိုင်ငံ၏ သက်တော်ရှည် ဘုရင်မင်းမြတ် ဘူမိဘော အဒူလိုင်ဒက်ဂ်ျ၏ ကျန်းမာရေး အခြေအနေ ဆုတ်ယုတ် ဆိုးရွားနေကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင် တော်ဝင်မိသားစု၌ ယခုကဲ့သို့ အပြောင်းအလဲတစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
 
ဘုရင်မင်းမြတ် ဘူမိဘောက မင်းသမီး ဆရီရက်စ်မီ အနေဖြင့် သူမ၏ တော်ဝင် အဆောင်အယောင်များကို စွန့်လွှတ်ရန် ခွင့်ပြုမိန့်ကို လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့ကြောင်း နန်းတော်က တိုတိုတောင်းတောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
 
အဆိုပါ အခြေအနေက အိမ်ရှေ့မင်းသား အနေဖြင့် ကြင်ရာတော်ကို ကွာရှင်းရန် စီစဉ်နေကြောင်း ကောလာဟလများကို ပိုမိုခိုင်မာလာစေသည်။ မင်းသမီး ဆရီရက်စ်မီ၏ ဆွေမျိုးတော်စပ်သူ (၇)ဦးတို့သည် ရဲတပ်ဖွဲ့အတွင်း ခြစားနေမှုများနှင့် ပတ်သက်သည့် အမှုတစ်ခုတွင် ပါဝင်ဆက်နွှယ်ခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိပြီးနောက် တော်ဝင် မိသားစုအတွက် သိက္ခာကျစရာ ဖြစ်ခဲ့သည်။
 
အိမ်ရှေ့မင်းသားက မိမိကြင်ရာတော်၏ တော်ဝင်ဂုဏ်ပုဒ်များကို ရုပ်သိမ်းပေးပါရန် အစိုးရထံ တောင်းဆိုခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး၏ (၁၃)နှစ်ကြာ အိမ်ထောင်ရေးမှာ ဆုံးခန်းတိုင်ရန် အကြောင်းဖန်လာခဲ့သည်။ အိမ်ရှေ့မင်းသား ဇနီးမောင်နှံတို့သည် ၂၀၀၁ ခုနှစ်က လက်ထပ် ထိမ်းမြားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့တွင် သားတစ်ဦး ဖွားမြင်ထားသည်။
 
_Ref: Channelnewsasia
7Day DAILY
ထိုင်းနိုင်ငံ၏ အိမ်ရှေ့မင်းသား၏ ကြင်ရာတော်သည် တော်ဝင်မိသားစု အသိုက်အဝန်းမှ ဖယ်ရှားခံလိုက် ရကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်သို့ မဟာဓာတ်အားလိုင်း ရောက်ရှိမှု ပျော်ပွဲရွှင်ပွဲဖြင့် ဂုဏ်ပြုမည်

Photo: ရခိုင်ပြည်နယ်သို့ မဟာဓာတ်အားလိုင်း ရောက်ရှိမှု ပျော်ပွဲရွှင်ပွဲဖြင့် ဂုဏ်ပြုမည်
Saturday, December 13, 2014

သဘာဝဓာတ်ငွေ့နှင့် ကမ်းလွန်ရေနံထွက်ရှိသော ရခိုင်ပြည်နယ်သို့ မဟာဓာတ်အားလိုင်း ရောက်သည့် အထိမ်းအမှတ်အဖြစ် ရိုးရာပျော်ပွဲရွှင်ပွဲများကို ပြည်နယ်အစိုးရက ကျင်းပပေးမည်ဟု ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောသည်။

သဘာဝဓာတ်ငွေ့ ပေါများစွာထွက်ရှိသော်လည်း  ပြည်နယ်အတွင်း နေထိုင်သူ တို့ကိုမူ အစိုးရက လျှပ်စစ်ဓာတ်အား လုံလောက်စွာ မဖြန့်ဖြူးနိုင်သေးပေ။

ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်မည့် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲနှင့် အတူ မဟာဓာတ်အားလိုင်း ရောက်ရှိခြင်း ဂုဏ်ပြုပွဲကို ပူးတွဲကျင်းပမည်ဖြစ်သည်။

“ဖွံ့ဖြိုးမှုအခြေခံဖြစ်တဲ့ လျှပ်စစ်မီးရတော့ အထိမ်းအမှတ်အနေနဲ့ လုပ်တာပါ” ဟု ဆိုသည်။

မဟာဓာတ်အားလိုင်းမှ ရခိုင်ပြည်နယ်သို့ သွယ်တန်းခြင်းလုပ်ငန်းများကို နိုဝင်ဘာလကုန်တွင် အပြီးသတ်နိုင်ခဲ့ခြင်းဖြစ်ပြီး သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ကျောက်ဖြူ၊ စစ်တွေမြို့ပေါ်ဒေသအချို့ လျှပ်စစ်မီးဖြန့်ဝေပေးမည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ၂၀၀၉ ခုနှစ်က ကျောက်ဖြူ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီက စတင်ခဲ့ပြီး ၂၀၁၄ ဇူလိုင်လ ကစတင်၍ တရုတ်နိုင်ငံသို့ ပို့လွှတ်လျက်ရှိသည်။

ကျောက်ဖြူ ဒေသခံ ကိုထွန်းမောင်က “ကျွန်တော်တို့ ဒေသကထွက်တဲ့ ဓာတ်ငွေ့ရဲ့အကျိုးခံစားခွင့်က ဒီထက်မကပါဘူး။ ဒါပေမယ့် ဒီလောက် လျှပ်စစ်ရဖို့တောင် ဆယ်ကြိမ်ထက် မနည်းဆန္ဒပြခဲ့ရတယ်”ဟုဆိုသည်။

ရခိုင်ပြည်နယ်တွင် သဘာဝဓာတ်ငွေ့သာမက ကမ်းလွန်ရေနံလုပ်ကွက်များ ရှိသေးသော်လည်း ဒေသခံများအနေဖြင့် ၂၀၁၄ ခုနှစ် နှောင်းပိုင်းထိ မြို့နယ်မီးလင်းရေးအဖွဲ့များ အစီအစဉ်ဖြင့် မီးစက်ကြီးများဖြင့် ဖြန့်ဝေသည့် ဓာတ်အားစနစ်ကို တစ်ယူနစ်လျင် မြန်မာ ကျပ်ငွေ ငါးရာကျပ်ဖြင့် အသုံးပြုခဲ့ရသည်။

Mizzima - News in Burmese  

ရခိုင်ပြည်နယ်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့ပို့လွှတ်ရန် တည်ထောင်ထားသည့် ကျောက်ဖြူမြို့ရှိ စက်ရုံတစ်ရုံကို တွေ့ရစဉ်။ (ဓာတ်ပုံ-ကြယ်ပြာ၊ မဇ္ဈိမ)
ရခိုင်ပြည်နယ်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့ပို့လွှတ်ရန် တည်ထောင်ထားသည့် ကျောက်ဖြူမြို့ရှိ စက်ရုံတစ်ရုံကို တွေ့ရစဉ်။ (ဓာတ်ပုံ-ကြယ်ပြာ၊ မဇ္ဈိမ)
သဘာဝဓာတ်ငွေ့နှင့် ကမ်းလွန်ရေနံထွက်ရှိသော ရခိုင်ပြည်နယ်သို့ မဟာဓာတ်အားလိုင်း ရောက်သည့် အထိမ်းအမှတ်အဖြစ် ရိုးရာပျော်ပွဲရွှင်ပွဲများကို ပြည်နယ်အစိုးရက ကျင်းပပေးမည်ဟု ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောသည်။

နိုင်ငံတကာ လူ့အခွင့်အရေး နေ့တွင် မြောက်ကိုရီးယား ပြည်ပြေး လူငယ် နှစ်ဦး က နိုင်ငံအတွင်းမှ ရက်စက်မှုများကို ဖွင့်ဟ

Photo: နိုင်ငံတကာ လူ့အခွင့်အရေး နေ့တွင် မြောက်ကိုရီးယား ပြည်ပြေး လူငယ် နှစ်ဦး က နိုင်ငံအတွင်းမှ ရက်စက်မှုများကို ဖွင့်ဟ 
Saturday, December 13, 2014

ဒီဇင်ဘာ ၁၀ ရက်နေ့က ကျရောက်ခဲ့သည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့တွင် မြောက်ကိုရီးယား နိုင်ငံမှ ပြည်ပြေး လူငယ် နှစ်ဦးဖြစ်သူ ပါ့ခ်ယီအွန်မီနှင့် ဂျိုးဇက်ကင် တို့က ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် မြောက်ကိုရီးယား နိုင်ငံ အတွင်းမှ ဆိုးရွားလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရက်စက်မှု များကို ဖွင့်ဟ ပြောပြ ခဲ့ကြသည်။

ပါ့ခ်ယီအွန်မီသည် ၂၀၀၇ ခုနှစ်တွင် မြောက်ကိုရီးယား နိုင်ငံမှ လွတ်မြောက်လာ ခဲ့ပြီး လက်ရှိတွင် တောင်ကိုရီးယား၌ နေထိုင်လျှက် ရှိသည်။

အသက် ၂၁ နှစ်သာ ရှိသေးသည့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ပါ့ခ်ယီအွန်မီက ၎င်းအသက် ကိုးနှစ် အရွယ်တွင်  သူငယ်ချင်း တစ်ယောက်၏ မိခင် ဖြစ်သူ သည် တရားမ၀င် ဒီဗီဒီများ ကြည့်သည့် ရာဇ၀တ်မှု အတွက် လူပုံ အလယ်တွင် ကွပ်မျက် ခံရပုံကို ၎င်း၏ ရွာတစ်ရွာလုံးအား အဓမ္မ ကြည့်ခိုင်း ခဲ့ကြောင်း ပြောကြား ခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံတွင် နိုင်ငံတကာမှ ဇာတ်လမ်း၊ ရုပ်ရှင်၊ သီချင်းများကို တားမြစ်ထားခဲ့ပြီး တောင်ကိုရီးယား ဇာတ်လမ်းတွဲများလည်း အပါအ၀င် ဖြစ် သည်။

အခြား ပြည်ပြေးတစ်ဦး ဖြစ်ပြီး လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးလည်း ဖြစ်သူ ဂျိုးဇက်ကင် ကလည်း ၁၉၉၀ ပြည့်လွန် နှစ်များက နိုင်ငံအတွင်း အငတ်ဘေး ဆိုက်ချိန်တွင် ဖခင်ဖြစ်သူမှာ အငတ်ဘေးကြောင့် ပိန်ချုံးချိနဲ့စွာ သေဆုံးခဲ့ရပြီး မိသားစုဘ၀ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲခဲ့ရခဲ့ကြောင်း ပြောကြား ခဲ့သည်။ အဆိုပါ လူငယ် နှစ်ဦးသည် ၀ါရှင်တန်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ပြုလုပ်သော လူ့အခွင့်ရေးနေ့ အထိမ်းမှတ် အခမ်းနားတွင် မြောက်ကိုရီးယား နိုင်ငံအတွင်း ညှင်းပန်း နှိပ်စက်ခံရမှုနှင့် ငတ်မွတ် ခေါင်ပါးမှု ဒုက္ခများ အတွင်း အသက်ရှင် နေထိုင်ခဲ့ရပုံ များကို ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ပက်ခ်သည် ဟေးဆန်တွင် မွေးဖွားခဲ့သူ တစ်ဦးဖြစ်ပြီး အစိုးရ အရာရှိတစ်ဦး၏ သမီးဖြစ်သည်။ ၎င်းတို့ မိသားစုသည် တရုတ်နိုင်ငံ အနီးတွင် နေထိုင်ရသဖြင့် အခြားသူများထက် ပြင်ပကမ္ဘာနှင့် ပိုမိုထိတွေ့ ဆက်ဆံခွင့်များကို ရရှိခဲ့သည်။ ထို့ကြောင့် ပက်ခ်သည် Titanic ကဲ့သို့သော  ဟောလီးဝုဒ် ဇာတ်ကားများ အပြင် ရုရှ၊ တရုတ်နှင့် ကမ္ဘာတစ်ဝှမ်းမှ ရုပ်ရှင်ကားများကို ကြည့်ရှုခွင့် ရခဲ့ကြောင်းနှင့် ယင်းဇာတ်ကား များကြောင့် တစ်ခြား ကမ္ဘာတွင် ဖြစ်ပျက်နေပုံများကို သိရှိခဲ့ရကြောင်း၊ သူငယ်ချင်း တစ်ယောက်၏ မိခင်ဖြစ်သူသည် တားမြစ်ထားသော ဒီဗီဒီနှင့် အတူ ဖမ်းမိခဲ့ပြီး လူပုံအလယ်တွင် ကွပ်မျက်ခံခဲ့ရသည့် အချိန်က ဘ၀သည် မရေမရာ ဖြစ်ခဲ့ရကြောင်း ပါ့ခ်က ပြောကြား ခဲ့သည်။

ငတ်မွတ် ခေါင်းပါးမှု ဖြစ်ပွားခဲ့သည့် အချိန်က ဖခင် ဖြစ်သူသည် တရုတ်သို့ ကုန်စည်များ ကုန်ကူးသည့် တရားမ၀င် စီးပွားရေး လုပ်ငန်း တစ်ရပ်ကို လုပ်ကိုင် ခဲ့ခြင်းကြောင့် အသက်ရှင်ခွင့် ရခဲ့ကြောင်း ပက်ခ်က ပြောကြားသည်။ ယခုအခါ အသက် ၂၁ နှစ်အရွယ် ရှိပြီဖြစ်သည့် ပါ့ခ်က"ဈေးကွက်ဟာ အရေးပါတဲ့ အရာတစ်ခု ဆိုတာ ကျွန်မ စဉ်းစားမိတယ်။ ဒါဟာ ဆိုရင် အာဏာရှင် စနစ်ကို အကြီးမားဆုံး ခြိမ်းခြောက်မှု တစ်ခု ဖြစ်ပါတယ်"ဟု ၀ါရှင်တန်ရှိ သံတမန် ပရိသတ်များကို ပြောကြား ခဲ့သည်။

Ref: AFP
Mizzima - News in Burmese
ဒီဇင်ဘာ ၁၀ ရက်နေ့က ကျရောက်ခဲ့သည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့တွင် မြောက်ကိုရီးယား နိုင်ငံမှ ပြည်ပြေး လူငယ် နှစ်ဦးဖြစ်သူ ပါ့ခ်ယီအွန်မီနှင့် ဂျိုးဇက်ကင် တို့က ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် မြောက်ကိုရီးယား နိုင်ငံ အတွင်းမှ ဆိုးရွားလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရက်စက်မှု များကို ဖွင့်ဟ ပြောပြ ခဲ့ကြသည်။

အစိုးရဝန်ထမ်းများ အထက်အမိန့် စောင့်ရသည့် ခေါက်ရိုးကျိုးစိတ်ဓတ် ပြင်ရန် သူရဦးရွှေမန်းသတိပေး

Photo: အစိုးရဝန်ထမ်းများ အထက်အမိန့် စောင့်ရသည့် ခေါက်ရိုးကျိုးစိတ်ဓတ် ပြင်ရန် သူရဦးရွှေမန်းသတိပေး
Saturday, December 13, 2014

အစိုးရ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ အထက်အမိန့် ညွှန်ကြားချက် စောင့်ဆိုင်းလုပ်ကိုင်တတ်သည့် ခေါက်ရိုးကျိုး စိတ်ဓတ်အား ပြင်ဆင်ရန်လိုအပ်ပြီဟု ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒီဇင်ဘာ ၁၃ ရက် လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေကော်မတီရုံးတွင် ပြုလုပ်သည့် လူထူတွေ့ဆုံပွဲတွင် သတိပေးပြောဆိုသည်။

အလုပ်သမား သမဂ္ဂအဖွဲ့များ၏ ဥပဒေတွင် ဖော်ပြထားသည့် အနည်းဆုံးလုပ်ခလစာအား မည်သည့်အချိန်တွင် ခံစားရရှိနိုင်မလဲ မေးခွန်းနှင့် ပက်သက်၍ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူ တစ်ဦး၏ ပြန်လည်ဖြေကြားမှုအပေါ် ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌက ဖြည့်စွက်ပြောဆိုသွားခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးကြီး ပြောသွားတာတွေဟာ အထက်က ပြောတာတွေကို ပြန်ပြောတာလို့ပဲယုံကြည်တယ်၊ အရင်ကဒီလိုပွဲမျိုးတွေ မရှိခဲ့သလို တင်ပြရင်လည်း နားမထောင်ခဲ့ဘူး။ အခုခေတ်ပြောင်းနေပြီ တာဝန်ရှိသူတွေရဲ့စိတ်က ခေတ်စကားအရ ခါက်ရိုးကျိုးနေတယ်။ ဒီစိတ်တွေကို ပြင်ရမယ်၊ ပြည်သူ့အသံကို နားထောင်ပြီး တင်ပြချက်တွေ ကောင်းရင် ချက်ချင်းဆောင်ရွက်ရမယ်” ဟု ဆိုသည်။

ဗဟိုအစိုးရ တာဝန်ရှိသူများ အနေဖြင့် အောက်ခြေအဆင့် တိုင်း၊ ခရိုင်ရုံများနှင့်သက်ဆိုင်သည့် ဆောင်ရွက်ဖွယ်ရာများအား အလျှင်အမြန် လုပ်ကိုင်နိုင်ရန် ဗဟိုချုပ်ကိုင်မှုစနစ် လျှော့ချရန် လိုအပ်နေပြီဟုလည်း ယင်းက ထည့်သွင်းပြောဆိုသွားသည်။

Mizzima - News in Burmese
အစိုးရ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ အထက်အမိန့် ညွှန်ကြားချက် စောင့်ဆိုင်းလုပ်ကိုင်တတ်သည့် ခေါက်ရိုးကျိုး စိတ်ဓတ်အား ပြင်ဆင်ရန်လိုအပ်ပြီဟု ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒီဇင်ဘာ ၁၃ ရက် လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေကော်မတီရုံးတွင် ပြုလုပ်သည့် လူထူတွေ့ဆုံပွဲတွင် သတိပေးပြောဆိုသည်။

လူ ၄၀ ကျော် သတ်ခဲ့သူက ထောင်မှလွတ်လျှင် ထပ်သတ်ဦးမည် ဟုဆို

Photo: လူ ၄၀ ကျော် သတ်ခဲ့သူက ထောင်မှလွတ်လျှင် ထပ်သတ်ဦးမည် ဟုဆို
Saturday, December 13, 2014

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုး မြို့တွင် လူသတ်မှုဖြင့် ရဲများ ဖမ်းမိထားသူ တစ်ဦးက ၎င်းသည် ပြီးခဲ့သည့် ဆယ်နှစ် အတွင်း လူပေါင်း ၄၂ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံလိုက်ပြီး သူ၏ အပြုအမူ အတွက် နောင်တမရဘဲ ထောင်မှ လွတ်လျှင် လူများကို ထပ်သတ် ဦးမည်ဟု ဆိုသောကြောင့် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။ ဘရာဇီးတွင် သေဒဏ် မရှိသဖြင့် အဆိုပါ လူသတ်သမား မှာ ထောင်ဒဏ်သာ ကျခံရမည် ဖြစ်ပြီး သေဒဏ်ပေးခြင်းကို အသုံးပြုရမည်လားဟု မေးခွန်းများလည်း ထွက်ပေါ် လာစေ ခဲ့သည်။

မြို့ ဆင်ခြေဖုံး အရပ် တစ်နေရာတွင် ဒီဇင်ဘာ ၁၀ ရက်က အမျိုးသမီးတစ်ဦးအား ဓားဖြင့် ထိုးသတ်ခဲ့သည့် ဟိုဆေးဂရာကာ့စ်ကို ရဲများက ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ဖမ်းခံခဲ့ရသည့် ဟိုဆေးက ၎င်းသည် အမျိုးသမီး ၃၇ ဦး၊ အမျိုးသား သုံးဦးနှင့် နှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး တို့ ကို သတ်ခဲ့ကြောင်း ရဲထံ ဝန်ခံခဲ့ခြင်း ဖြစ်သည်။ ဟိုဆေး၏ သားကောင် ဖြစ်ခဲ့သူများကို ရဲများက ရှာဖွေလျက်ရှိပြီး လေးဦးကို အထောက်အထား တွေ့ ထားပြီ ဖြစ်ကြောင်း ပြောသည်။
       
သတ်ဖြတ်ရန် ရွေးချယ်ထားသူများ နောက်သို့ အမဲလိုက် သကဲ့သို့ လိုက်ခဲ့ကြောင်း၊ စိတ်ဓာတ် တက်ကြွမှု၊ ကြောက်ရွံ့ မှုများ ခံစားရ၍ ယင်းသို့ လူများကို သတ်ဖြတ်ခြင်း ဖြစ်ကြောင်း ဟိုဆေးက ပြောသည်။ ထို့ ပြင် ထောင်ဒဏ်ကျရာမှ ပြန်လွတ်လာ ခဲ့လျှင်လည်း ထပ်ပြီး လူသတ်ဦးမည် ဖြစ်သည်ဟု ဟိုဆေးက ရဲများကို ပြောခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် သေဒဏ်ကို အသုံးပြုနေသည့် နိုင်ငံပေါင်း ၅၆ နိုင်ငံ ရှိပြီး ယင်းနိုင်ငံများတွင် ဘရာဇီး နိုင်ငံ ပါဝင်ခြင်း မရှိသောကြောင့် ဟိုဆေး အနေဖြင့် အများဆုံး ပစ်ဒဏ်အဖြစ် ထောင်ဒဏ်သာ ချမှတ် ခံရမည် ဖြစ်သည်။ ဘရာဇီး နိုင်ငံတွင် ဟိုဆေး ကဲ့သို့ စိတ္တဇ လူသတ်သမားများ များစွာ ထွက်ပေါ် ခဲ့ဖူးပြီး ယင်းတို့ အားလုံးကို ထောင်ဒဏ်သာ ချမှတ် နိုင်ခဲ့သည်။
      
လူဖြူ အမျိုးသမီးများကို သတ်ရသည်က ပို၍ နှစ်သက်စရာ ကောင်းကြောင်း၊ လူဖြူ အမျိုးသမီးများကို လည်ပင်းညှစ်ကာ သတ်ပစ် ခဲ့ခြင်း ဖြစ်ကြောင်း ဟိုဆေးက ပြောခဲ့သည်။ "ကျွန်တော်က သတ်ဖြတ်မယ့် သူတွေကို လနဲ့ ချီပြီး စောင့်ကြည့်တယ်။ ပြီးတော့မှ အခွင့်အရေးကို ချောင်းနေပြီး သတ်ပစ်ခဲ့တာ ဖြစ်တယ်"ဟု ဟိုဆေးက ထပ်လောင်း ပြောခဲ့သည်။
       
ဟိုဆေးသည် မီဒီယာများတွင် အထူးဖော်ပြ ခံရခြင်းကို နှစ်လိုသည့် စိတ်ရောဂါတစ်ရပ် ခံစားနေရသူ ဖြစ်နိုင်ကြောင်း၊ စစ်ဆေးကြည့် သင့်ကြောင်း ပညာရှင်များက ပြောသည်။

Ref: BBC
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုး မြို့တွင် လူသတ်မှုဖြင့် ရဲများဖမ်းမိထားသူတစ်ဦးက ၎င်းသည် ပြီးခဲ့သည့် ဆယ်နှစ်အတွင်း လူပေါင်း ၄၂ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံလိုက်ပြီး သူ၏အပြုအမူ အတွက် နောင်တမရဘဲ ထောင်မှ လွတ်လျှင် လူများကို ထပ်သတ် ဦးမည်ဟု ဆိုသောကြောင့် အုတ်အော် သောင်းနင်း ဖြစ်သွားခဲ့သည်။ ဘရာဇီးတွင် သေဒဏ် မရှိသဖြင့် အဆိုပါ လူသတ်သမား မှာ ထောင်ဒဏ် သာ ကျခံရမည် ဖြစ်ပြီး သေဒဏ်ပေးခြင်းကို အသုံးပြုရမည်လားဟု မေးခွန်းများလည်း ထွက်ပေါ် လာစေ ခဲ့သည်။

မဲစာရင်း များကို အွန်လိုင်းမှ တိုက်ရိုက် ကြည့်နိုင်မည့် စနစ် ရန်ကုန်တိုင်းဒေသကြီးတွင် စတင် စမ်းသပ်နေ

Photo: မဲစာရင်း များကို အွန်လိုင်းမှ တိုက်ရိုက် ကြည့်နိုင်မည့် စနစ် ရန်ကုန်တိုင်းဒေသကြီးတွင် စတင် စမ်းသပ်နေ
Saturday, December 13, 2014

မဲဆန္ဒရှင်များ အွန်လိုင်းမှ မဲစာရင်း ကြည့်ရှု နိုင်ရေး အတွက် ရန်ကုန်တိုင်း ဒေသကြီးတွင် စတင် စမ်းသပ် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ  ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည် က ပြောသည်။ လတ်တလောမှာ ရွေးကောက်ပွဲ  ကလည်း မကျင်းပသေးတော့ ကျယ် ကျယ် ပြန့်ပြန့်တော့ မလုပ် ဖြစ်သေးဘူး။ အခု စပြီးတော့ လုပ်ဆောင်နေ ပါပြီ။ ရွေးကောက်ပွဲ စပြီ ဆိုတာနဲ့ ဒါတွေက အဆင်သင့် ဖြစ်နေပါပြီ ဟု ဦးဝင်းကြည် က ပြောသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး အတွင်း စမ်းသပ် လုပ်ဆောင်ရန် ရွေးချယ် ထားသည့် ဆယ်မြို့နယ်မှာ ဒဂုံ ဆိပ်ကမ်း မြို့နယ်၊ ဒဂုံ၊ လသာ၊ ဆိပ်ကြီး ခနောင်တို၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ လမ်းမတော်၊ ဒေါပုံနှင့် ကမာရွတ် မြို့နယ် ဖြစ်ပြီး အွန်လိုင်းမှ ကြည့်ရှု နိုင်မည့် စနစ်ကို ဒဂုံ ဆိပ်ကမ်း မြို့နယ်တွင် စတင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်း အခြေခံ မဲဆန္ဒရှင်များ စာရင်း ပြုစုခြင်းနှင့် စာရင်း များကို ကွန်ပျူတာတွင်း  ထည့်သွင်းခြင်း စနစ် တို့ကို ဆောင်ရွက် သွားမည် ဖြစ်သည့် အပြင် အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင်လည်း အဆိုပါ စနစ်ကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ထံမှ သိရသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် နိုင်ငံရေး ပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ မီဒီယာ များနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပြီး၊ နိုင်ငံတကာမှ လေ့လာသူများ ကိုလည်း ခေါ် ယူ သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

ထို့ပြင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် တရား မျှတစွာ ကျင်းပခွင့် ရရှိနိုင်ရေး အတွက်  ဆောင်ရွက်နေပြီး၊  အဆိုပါ  ရွေးကောက်ပွဲ သည် ၎င်း၏ မှတ်တိုင် တစ်ခုအဖြစ် ကျန်ရှိမည့် ရွေးကောက်ပွဲ တစ်ခု ဖြစ်သောကြောင့် တရား မျှတမှု ရှိစေရမည် ဖြစ်ကြောင်း ဦးတင်အေးက ပြောကြား ထားသည်။

Messenger News Journal
မဲဆန္ဒရှင်များ အွန်လိုင်းမှ မဲစာရင်း ကြည့်ရှု နိုင်ရေး အတွက် ရန်ကုန်တိုင်း ဒေသကြီးတွင် စတင် စမ်းသပ် လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်က ပြောသည်။

ဗန်းပြဆွေးနွေးပွဲများကို အလိုမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: ဗန်းပြဆွေးနွေးပွဲများကို အလိုမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Saturday, December 13, 2014 

စစ်မှန်သောဆွေးနွေးပွဲသာ အမှန်တကယ်အရေးကြီးပြီး ဗန်းပြဆွေးနွေးပွဲများကို
အလိုမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က
ပါတီ၏ ပထမအကြိမ်ဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်းအဝေးတွင်
ပြောကြားလိုက်သည်။

၂၀၁၃ ခုနှစ်ကတည်းက တောင်းဆိုခဲ့သော လေးပွင့်ဆိုင် ဆွေးနွေးပွဲနှင့်
လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုသော ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ
တို့ကို သူမ ထောက်ခံကြောင်း၊ သို့သော် ထိရောက်မည့် ဆွေးနွေးပွဲများကို
မဖြစ်အောင် လမ်းလွဲရန် ပြုလုပ်နေသည့် ခြေလှမ်းများကိုမူ မထောက်ခံကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ကျွန်မဟာ ၂၀၁၃ ခုနှစ်ကတည်းက လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဆိုပြီး
တောင်းဆိုခဲ့ပါတယ်။ ဘာကြောင့်လေးပွင့်ဆိုင်ကိုတောင်းဆိုခဲ့သလဲဆိုတော့
စတင်ပြီးတော့ ဆွေးနွေးတဲ့နေရာမှာ ထိရောက်ဖို့လိုပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့
ညှိနှိုင်းတိုင်ပင်ဖို့လိုပါတယ်။ ကျွန်မတို့က နောင်မှ အကျယ်ကျယ် လုပ်သွားချင်တာ
ဟာ အစမှာ ပွင့်ပွင့်လင်းလင်းနဲ့ မဆွေးနွေးနိုင်လို့ရှိရင်၊ နောင်ဆက်ပြီးတော့
ထိရောက်ဖို့ဆိုတာဟာ မလွယ်ပါဘူး။ ပါဝင်တဲ့သူတွေများလို့ရှိရင်၊ သဘောတရား
တွေများလို့ရှိရင်၊ ကွဲလွဲမှုတွေများလို့ရှိရင်စပြီးတော့ နားလည်မှုယူဖို့က ခက်ခဲတတ်
ပါတယ်။ ဒါကြောင့် ကျွန်မတို့က လက်တွေ့ကျကျတောင်းဆိုတာဖြစ်ပါတယ်။
ကန့်သတ်ချင်လို့မဟုတ်ပါဘူး။ အများမပါဝင်တာကို မလိုလားလို့မဟုတ်ပါဘူး။
လက်တွေ့ကျကျ ထိရောက်တဲ့ ဆွေးနွေးပွဲတွေဖြစ်စေချင်လို့ ကျွန်မတို့က
လေးပွင့်ဆိုင်ကို တောင်ဆိုတာဖြစ်ပါတယ်။ လွှတ်တော်အထဲမှာ ခြောက်ပွင့်
ဆိုတဲ့သဘောနဲ့ အဆိုပြုပြီးတော့ အားလုံးက ထောက်ခံတဲ့အပေါ်မှာလည်း
ကျွန်မတို့က ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သဘောတရားအရ
မကွာပါဘူး။ ကျွန်မတို့တောင်းဆိုတဲ့ ဘေးပွင့်ဆိုင်ဆိုတဲ့ သဘောတရားနဲ့
လွှတ်တော်အတွင်းမှာ တောင်းဆိုတဲ့ ခြောက်ပွင့်ဆိုင်ဆိုတဲ့ သဘောတရားများ
ဟာ တူညီမှုရှိတယ်လို့မြင်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ဒါကို လက်ခံပါတယ်။
ဒါပေမဲ့ ဒီလိုထိရောက်မယ့် ဆွေးနွေးပွဲတွေကို မဖြစ်အောင်လို့ အမျိုးမျိုး လမ်းလွဲဖို့
လုပ်တဲ့ခြေလှမ်းတွေကိုတော့ ကျွန်မတို့ အားမပေးပါဘူး။ မထောက်ခံပါဘူး။” ဟု
ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးအဖွင့်တွင် ထည့်သွင်းပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံအတွက် အရေးကြီးသည်မှာ တွေ့ဆုံဆွေးနွေးရေးကို
မူအဖြစ်ချမှတ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးရေးအားဖြင့် ရရှိလာသော
အမျိုးသားရင်ကြားစေ့ရေးအားဖြင့်သာ မြန်မာနိုင်ငံကို ညီညွတ်သော၊
တိုးတက်သော၊ အေးချမ်းသာယာသော နိုင်ငံဖြစ်နိုင်မည် ဆိုသည်မှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောက်ခဲ့သော ၁၉၈၈ ခုနှစ်
ကတည်းက ပါတီ၏ ခိုင်မာသော ယုံကြည်ချက်ဖြစ်ကြောင်း ဆက်လက်
ပြောကြားသည်။

“အခုဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝင်ခြင်းအားဖြင့် အခွင့်အလမ်း
တွေ အခွင့်အရေးတွေရလာမယ်။ ကိုယ်ပိုင်အခွင့်အရေးတွေ ကောင်းမွန်လာမယ်
လို့ ထင်တဲ့သူတွေလည်းရှိပါတယ်။ ကျွန်မတို့အဖွဲ့ဝင်များဟာ ဒီမိုကရေစီ
အတွက်လုပ်နေတာ၊ နိုင်ငံအတွက်လုပ်နေတာ ဆိုတာ သဘောပေါက်ဖို့ပါတယ်။
တစ်ဦးချင်းတစ်ဦးချင်း ချမ်းသာဖို့အတွက်၊ တစ်ဦးချင်းတစ်ဦးချင်း သြဇာရှိဖို့
အတွက်၊ တစ်ဦးချင်းတစ်ဦးချင်း အာဏာရှိဖို့အတွက် လုပ်နေတာ မဟုတ်ဘူး
ဆိုတာ ကျွန်မ သတိပေးချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က
ပါတီဝင်များကို ပြောကြားခဲ့သည်။

ဗဟိုကော်မတီအစည်းအဝေးတွင် အစီရင်ခံစာတင်သွင်းခြင်းမှာ အဓိကကျသော
အလုပ်မဟုတ်ကြောင်းနှင့် အဓိကျသော အလုပ်မှာ နိစ္စဓူဝ ပြည်သူများနှင့်
ထိတွေ့ပြီး ပြည်လူထု၏ စိုးရိမ်ကြောင့်ကျမှုများ၊ လိုအပ်ချက်များ၊ မျှော်မှန်းချက်
များကို သေသေချာချာ အကောင်အထည်ဖော်ပေးနိုင်မှသာလျှင် ပြည်သူနှင့်
လက်တွဲ၍ လိုချင်သော ဒီမိုကရေစီကို ထူထောင်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောကြားသွားသည်။

ယနေ့ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲချုပ် ပထမအကြိမ်ဗဟိုကောင်မတီ
စတုတ္ထအစည်းအဝေးကို သဘာပတိအဖြစ် ရန်ခိုင်ပြည်နယ်မှ ဦးညီပုက
ဆောင်ရွက်ပြီး ဒီဇင်ဘာ ၁၃ နှင့် ၁၄ ရက်များတွင်ကျင်းပမည်ဖြစ်ဖြစ်ကာ ပါတီ၏
ရေးရာကော်မတီများနှင့် တိုင်းသေကြီး၊ ပြည်နယ်များ၏ ဗဟိုကောင်မတီဝင်များက
အစီအရင်ခံစာများတင်သွင်းဆွေးနွေးသွားမည်ဟု သိရသည်။

သော်ဇင်စိုး
The Myanma Age
စစ်မှန်သောဆွေးနွေးပွဲသာ အမှန်တကယ်အရေးကြီးပြီး ဗန်းပြဆွေးနွေးပွဲများကို အလိုမရှိကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီ၏ပထမအကြိမ်ဗဟိုကော်မတီ စတုတ္ထ အကြိမ် အစည်းအဝေးတွင် ပြောကြားလိုက်သည်။

အထိုင်အထမှာ ဒူးခေါင်းရိုးတွေ အသံမြည်တာ စိုးရိမ်ရပါသလား


Photo: အထိုင်အထမှာ ဒူးခေါင်းရိုးတွေ အသံမြည်တာ စိုးရိမ်ရပါသလား
Saturday, December 13, 2014 

မတ်တပ်ရပ်လိုက်တဲ့အခါ ဒူးဆစ်တွေက အသံမြည်သွားတာမျိုး ဖြစ်ဖူးမှာပါ။ ဒါ  စိုးရိမ်ရမလားလို့ မေးရင်…

နာကျင်မှုခံစားလာရတာ သို့မဟုတ် ယောင်ယမ်းလာတာတို့ မဖြစ်ဘူးဆိုရင်တော့ စိုးရိမ်စရာမလိုပါဘူး။ အရိုးဆစ်တွေ ချိုးတာဟာ အဆစ်ရောဂါ ဖြစ်စေကြောင်း ကျွမ်းကျင်ပညာရှင်တွေက ယူဆခဲ့ကြပေမယ့် နောက်ဆုံးသုတေသနမှာတော့ ဒီလို ဖော်ပြမထားပါဘူး။ တချို့သော အကြောင်းကြောင်းတွေကြောင့် အသံမြည်တာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ မတ်တပ်ရပ်လိုက်တဲ့အချိန်မှာ အရိုးဆစ်တွေပေါ် ပိကျလာတဲ့ ဝန်က ပြောင်းလဲသွားပါတယ်။ ဒါကြောင့် synovial fluid လို့ခေါ်တဲ့ ဒူးဆစ်တွေကို ချောမွတ်စေတဲ့ အကျိချွဲထဲ gases လေတွေ ဖြစ်စေပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အရိုးဆစ်တွေ ပုံမှန်အတိုင်း အလုပ်မလုပ်တော့ပါဘူး။ ဒါ့ကြောင့် တစ်ခုနဲ့ တစ်ခု ပွတ်တိုက်မိသံတွေ ကြားကောင်း ကြားရနိုင်တယ်။ ဒါမှမဟုတ် အရိုးအချင်းချင်းဆက်ပေးတဲ့ တစ်ရှူးအရွတ်တွေ တင်းကျပ်လာတာလည်း ကြားရကောင်းကြားရနိုင်ပါတယ်။

နာကျင်ကိုက်ခဲလာလို့ အသံမြည်လာခြင်းဟာ အရိုးဆစ်ရောဂါ အခြေအနေ ပြတာလည်းဖြစ်နိုင်ပါတယ်။ အဲဒါဟာ အရိုးနုတွေ ယိုယွင်းလာပြီး အရိုးဆစ်တွေထဲ ပွတ်တိုက်မိကြတဲ့အချိန်မှာပေါ့။ ဒီတော့ ကုသမှုကတော့ ခန္ဓာကုထုံးနဲ့ အလေးချိန်လျော့ချတာမျိုးကို ရောလုပ်ပေးရမှာ ဖြစ်ပါတယ်။

Source: Health
Trend Myanmar
မတ်တပ်ရပ်လိုက်တဲ့အခါ ဒူးဆစ်တွေက အသံမြည်သွားတာမျိုး ဖြစ်ဖူးမှာပါ။ ဒါ  စိုးရိမ်ရမလားလို့ မေးရင်…
နာကျင်မှုခံစားလာရတာ သို့မဟုတ် ယောင်ယမ်းလာတာတို့ မဖြစ်ဘူးဆိုရင်တော့ စိုးရိမ်စရာမလိုပါဘူး။ အရိုးဆစ်တွေ ချိုးတာဟာ အဆစ်ရောဂါ ဖြစ်စေကြောင်း ကျွမ်းကျင်ပညာရှင်တွေက ယူဆခဲ့ကြပေမယ့် နောက်ဆုံးသုတေသနမှာတော့ ဒီလို ဖော်ပြမထားပါဘူး။

နိုင်ဂျီးရီးယားတွင် ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲမှုကြောင့် လူ ၃၀ ခန့် သေဆုံး

Photo: နိုင်ဂျီးရီးယားတွင် ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲမှုကြောင့် လူ ၃၀ ခန့် သေဆုံး 
Saturday, December 13, 2014 

 နိုင်ဂျီးရီးယားနိုင်ငံ ဂျို့စ်မြို့၏ လူစည်ကား လှသော နေရာတွင် ဒီဇင်ဘာ ၁၁ ရက်က ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၃၀ သေဆုံးသွား ခဲ့သည်။ ယခုရက်ပိုင်း အတွင်း နိုင်ဂျီးရီးယား၌ တည်ငြိမ်မှု ဆိုးဆိုးရွားရွား ပျက်ယွင်းနေပြီး ဗုံးပေါက်ကွဲမှုများ ခတ်စိပ်စိပ် ဖြစ်ပွားနေသည်။ ဒုတိယ အကြီးဆုံး ကာနိုမြို့တွင်လည်း ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားကာ လူပေါင်း ရာချီ သေဆုံးထားသည်။ ယခု ဗုံးပေါက်ကွဲ ခဲ့သော နေရာ အနီးရှိ ဈေးတစ်ခု အနီးတွင်လည်း မေလအတွင်းက ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွား ခဲ့ဖူးသည်။

ဂျို့စ် မြို့မှာ မွတ်စလင်နှင့် ခရစ်ယာန် ဘာသာဝင်များ ရောနှောနေထိုင် ကြသော မြို့ဖြစ်ပြီး၊ လွန်ခဲ့သော နှစ်အနည်းငယ် အတွင်းတွင် ဘိုကိုဟာရမ် စစ်သွေးကြွ များသည် ထိုမြို့ရှိ ခရစ်ယာန် ဘုရားကျောင်းများ နှင့် မွတ်စလင် ဗလီများကို တိုက်ခိုက် ခဲ့ကြသည်။ ယခုနှစ် အတွင်းတွင်လည်း ထိုအဖွဲ့သည် လူ ၂၀၀၀ ကျော်ကို သတ်ဖြတ် ခဲ့ပြီး ဖြစ်သည်။

တားမနက်စ် ဘတ်စ်ကားမှတ်တိုင် အနီးရှိ စီးပွားရေး အချက်အချာ ကျသော နေရာအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် ယခု ဗုံးပေါက်ကွဲမှု နှင့် ပတ်သတ်၍မူ မည်သည့် အဖွဲ့ကမျှ ၄င်းတို့၏ လက်ချက် ဖြစ်ကြောင်း ထုတ်ဖော် ဝန်ခံခြင်း မရှိသေး သော်လည်း ဘိုကိုဟာရမ် တို့၏ လက်ချက်ဖြစ် နိုင်ကြောင်း တာဝန်ရှိသူ များက သံသယ ဖြစ်ပေါ်လျက် ရှိသည်။ ပထမ ဗုံးမှာ လဟာပြင် စားသောက်ဆိုင် တစ်ဆိုင်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကာ ဒုတိယဗုံးမှာ ဈေးနေရာတွင် ပေါက်ကွဲ ခဲ့ခြင်း ဖြစ်သည်။  

နိုင်ဂျီးရီးယား နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ကာနို မြို့တွင်လည်း အသေခံဖောက်ခွဲရေး ခါးပတ် ပတ်ထားသော အသက် ၁၃ နှစ်အရွယ် မိန်းကလေး တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုမြို့ရှိ ရဲတပ်ဖွဲ့က ဆိုခဲ့သည်။ ဒီဇင်ဘာ ၁၀ ရက်ကလည်း ကာနိုမြို့တွင် အမျိုးသမီးနှစ်ဦး၏ အသေခံဗုံးခွဲ တိုက်ခိုက်မှုများ ကြောင့် အနည်းဆုံး လူ လေးဦး သေဆုံးခဲ့ရကာ ခုနစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။ ပြီးခဲ့သည့် လကလည်း ကာနိုမြို့ရှိ အကြီးဆုံး ဗလီများထဲမှ တစ်ခု ၌ လူများဝတ်ပြု ဆုတောင်း နေချိန်တွင် ဗုံးပေါက်ကွဲမှု နှင့် သေနတ်သမား များ၏ တိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံး ခဲ့ရသည်။  

နိုင်ဂျီးရီယား နိုင်ငံ၏ အဓိက သောင်းကျန်းသူ အဖွဲ့ဖြစ်သည့် ဘိုကိုဟာရမ် အဖွဲ့သည် နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းရှိ မြို့ရွာ အများအပြားအား သိမ်းပိုက် ထားနိုင်လျက် ရှိပြီး ၄င်းတို့ သိမ်းပိုက် ထားသော နယ်မြေများအား စုပေါင်း၍ အစ္စလာမ် ဘာသာရေး နိုင်ငံအဖြစ် ကြေညာ ထားသည်။ ထိုအဖွဲ့၏ ငါးနှစ်ကြာ သူပုန်ထမှုကြောင့် လူပေါင်း တစ်သန်းကျော် မှာ အိုးအိမ်များကို စွန့်ခွာ ထွက်ပြေး ခဲ့ကြရပြီး  လူထောင်ပေါင်း များစွာ သေဆုံးခဲ့ကြ ရသည်။   

Ref: BBC
Mizzima - News in Burmese
နိုင်ဂျီးရီးယားနိုင်ငံ ဂျို့စ်မြို့၏ လူစည်ကား လှသော နေရာတွင် ဒီဇင်ဘာ ၁၁ ရက်က ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၃၀ သေဆုံးသွား ခဲ့သည်။ ယခုရက်ပိုင်း အတွင်း နိုင်ဂျီးရီးယား၌ တည်ငြိမ်မှု ဆိုးဆိုးရွားရွား ပျက်ယွင်းနေပြီး ဗုံးပေါက်ကွဲမှုများ ခတ်စိပ်စိပ် ဖြစ်ပွားနေသည်။ ဒုတိယ အကြီးဆုံး ကာနိုမြို့တွင်လည်း ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားကာ လူပေါင်း ရာချီ သေဆုံးထားသည်။ ယခု ဗုံးပေါက်ကွဲ ခဲ့သော နေရာ အနီးရှိ ဈေးတစ်ခု အနီးတွင်လည်း မေလအတွင်းက ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွား ခဲ့ဖူးသည်။

လစ်ဗျား လေကြောင်းလိုင်း အားလုံးအား ဥရောပ ဝေဟင် ပိုင်နက်အတွင်း ဝင်ရောက်ခွင့် ဥရောပသမဂ္ဂက ပိတ်ပင်

Photo: လစ်ဗျား လေကြောင်းလိုင်း အားလုံးအား ဥရောပ ဝေဟင် ပိုင်နက်အတွင်း ဝင်ရောက်ခွင့် ဥရောပသမဂ္ဂက ပိတ်ပင်
Saturday, December 13, 2014 

လစ်ဗျား လေကြောင်းလိုင်း အားလုံးအား ဥရောပ ဝေဟင်ပိုင်နက်ထဲသို့ ဝင်ရောက် ခွင့် ပိတ်ပင် တားမြစ်ရန် ဥရောပ သမဂ္ဂက ဒီဇင်ဘာလ ၁၁ ရက်က ဆုံးဖြတ် လိုက်ကြောင်း သိရသည်။

လစ်ဗျား နိုင်ငံ အတွင်းရှိ ပြိုင်ဘက် အုပ်စုများအကြား အကြမ်းဖက် ပဋိပက္ခများ ဖြစ်ပွါးလျက် ရှိရာ လစ်ဗျား အာဏာပိုင်များ အနေဖြင့် လစ်ဗျား လေကြောင်းလိုင်း များ၏ ဘေးကင်း လုံခြုံရေးကို အာမခံချက် ပေးနိုင်မည် မဟုတ်တော့ သဖြင့် ဥရောပ သမဂ္ဂက ထိုကဲ့သို့ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

“လစ်ဗျား လေကြောင်းကဏ္ဍရဲ့ ဘေးကင်း လုံခြုံရေးနဲ့ ပတ်သတ်တဲ့ အပြည်ပြည်ဆိုင်ရာ တာဝန် ဝတ္တရား တွေကို လစ်ဗျား လေကြောင်း အာဏာပိုင်တွေက ဆက်ပြီးတော့ ဖြည့်စွမ်း ပေးနိုင်စွမ်း မရှိတော့တဲ့ အခြေအနေမျိုး ဆီကို လတ်တလော ဖြစ်ရပ်တွေက ဦးတည်သွား ခဲ့ပါတယ်” ဟု အီးယူ သယ်ယူ ပို့ဆောင်ရေး အကြီးအကဲ ဗိုင်အိုလီတာဗက်က ပြောကြားသည်။   

“လေကြောင်း ကဏ္ဍနဲ့ ပတ်သတ်ပြီးတော့ ကျွန်မရဲ့ ဦးစားပေး အစီအစဉ်က ခရီးသည်တွေ ဘေးကင်း လုံခြုံရေးပါပဲ။ အဲဒါကို လုံးဝ လျှော့ပေးလို့ မရပါဘူး။ လစ်ဗျား နိုင်ငံရဲ့ အခြေအနေ တွေက ခွင့်ပြုလာမယ့် အချိန် ရောက်လာတာနဲ့ တစ်ပြိုင်တည်း လစ်ဗျား လေကြောင်း ကဏ္ဍကို အကူအညီပေးဖို့ ကျွန်မတို့ အသင့်ရှိ နေပါတယ်” ဟု ကြေညာချက် တစ်စောင်ထဲတွင် ဗက်က ဆိုထားသည်။  

အာဖရိက အဲဝေး၊ အဲလစ်ဗျား နှင့် လစ်ဗျား အဲလိုင်းစ် တို့အပါအဝင် လစ်ဗျား လေကြောင်း ကုမ္ပဏီ ခုနစ်ခုအား ပိတ်ပင် လိုက်ခြင်း ဖြစ်သည်။ ဥရောပ သမဂ္ဂ၏ လေကြောင်း ဘေးကင်း လုံခြုံရေး စာရင်းအား လုပ်နေကျ အတိုင်း လေ့လာ ဆန်းစစ် သုံးသပ်မှုများ ပြုလုပ် ခဲ့ပြီးနောက် ယခု ဆုံးဖြတ်ချက် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ကာလ၌ ထိုစာရင်း ထဲတွင် နိုင်ငံ ၂၁ နိုင်ငံမှ လေကြောင်းလိုင်း ၃၀၀ ကျော် ပါရှိပြီး ထိုလေကြောင်း လိုင်းများ အနေဖြင့် ဥရောပသမဂ္ဂ ၏ စံချိန် စံညွန်းများအား ပြည့်မီရန် လိုအပ်ကြောင်း သိရသည်။  

အခြား လေကြောင်းလိုင်း ၁၀ ခုမှာမူ ဥရောပ သမဂ္ဂ ဝေဟင်ပိုင်နက် အတွင်း ပျံသန်းခွင့် ရှိသော်လည်း ထိုလေကြောင်းလိုင်း ၁၀ ခုအား ကန့်သတ်မှု အချို့ ပြုလုပ်ထားသည်။

ဥရောပသမဂ္ဂ၏ လေကြောင်း ဘေးကင်းလုံခြုံရေး စာရင်းထဲတွင် ပါဝင်သော နိုင်ငံများမှာ အာဖဂန် နစ္စတန်၊ အန်ဂိုလာ၊ ဘန်နင်၊ ကွန်ဂို သမ္မတ နိုင်ငံ၊ ဒီမိုကရက်တစ် ကွန်ဂို သမ္မတ နိုင်ငံ၊ ဂျစ်ဘူဒီ နိုင်ငံ၊ ဂီနီ နိုင်ငံ၊ အယ်ရီ ထရီးယား၊ ဂက်ဘွန် ၊ အင်ဒိုနီးရှား၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ လိုက်ဘီးရီးယား၊ လစ်ဗျား၊ မိုဇမ်ဘစ်၊ နီပေါ၊ ဖိလစ်ပိုင်၊ ဆီယာရာလီယွန်၊ ဆာအိုတုမ်းမ် အန်ပရင့်စပီ၊  ဆူဒန် နှင့် ဇမ်ဘီယာ နိုင်ငံများ ပါဝင် ကြသည်။

Ref: AFP
Mizzima - News in Burmese
လစ်ဗျားလေကြောင်းလိုင်း အားလုံးအား ဥရောပ ဝေဟင်ပိုင်နက်ထဲသို့ ဝင်ရောက်ခွင့် ပိတ်ပင်တားမြစ်ရန် ဥရောပ သမဂ္ဂက ဒီဇင်ဘာလ ၁၁ ရက်က ဆုံးဖြတ် လိုက်ကြောင်း သိရသည်။

ဖေ့ဘွတ်ပိုစ်များတွင် မကြိုက်နှစ်သက်ကြောင်း သင်္ကေတ ထည့်ရန် စဉ်းစား

_78036169_163513138
အင်တာနက် လူမှုရေးကွန်ယက် ဖေ့ဘွတ်ရဲ့ပိုစ်တွေမှာ မကြိုက် နှစ်သက်ကြောင်း သင်္ကေတ ထည့်ဖို့ စဉ်းစားနေတယ်လို့ တည်ထောင်သူ မတ်ဇူကာဘတ်က ပြောပါတယ်။

မြန်မာစစ်တပ်ကို သင်တန်းပေးရေး အမေရိကန် လွှတ်တော်အမတ်များဝေဖန်


အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ မကြာခင် အတည်ပြုမယ့် ကာကွယ်ရေး အသုံးစရိတ် ဥပဒေအရ မြန်မာနဲ့ အမေရိကန် တပ်မတော်အကြား ဆက်ဆံရေးတိုးမြှင့်ဖို့ရှိပါတယ်။

တရုတ်လယ်သမားများနှင့်လက်ထပ်ခဲ့သည့် ဗီယက်နမ်အမျိုးသမီး ၁၀၀ ကျော် ပျောက်ဆုံး

Photo: တရုတ်လယ်သမားများနှင့်လက်ထပ်ခဲ့သည့် ဗီယက်နမ်အမျိုးသမီး ၁၀၀ ကျော် ပျောက်ဆုံး
Saturday, December 13, 2014 

တရုတ်ကျေးလက်က လယ်သမားတွေနဲ့ လက်ထပ်ခဲ့တဲ့ ဗီယက်နမ်အမျိုးသမီး ၁ ရာကျော် ပျောက်ဆုံးနေတယ်လို့ ရိုက်တာသတင်းတရပ်မှာ ဖော်ပြပါတယ်။

ဗီယက်နမ် အမျိုးသမီးတွေဟာ တရုတ်ပြည်မြောက်ပိုင်း ဟီဘိုင် ပြည်နယ်ထဲက ဒေသသုံးခုမှာနေတဲ့ လယ်သမားတွေနဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က တချိန်တည်းနီးပါး လက်ထပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီလို လက်ထပ်ဖို့အတွက် တရုတ် သတို့သားတွေက သတို့သမီးတယောက်စာအတွက် ဗီယက်နမ်အမျိုးသမီးပွဲစားကို တရုတ် ယွမ်ငွေ ၁ သိန်း၊ အမေရိကန် ဒေါ်လာ ၁ သောင်းခွဲ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အခုတော့ သတို့သမီးတွေလည်း ပျောက်နေသလို၊ ပွဲစားလည်း အစပျောက်နေတယ်လို့ ပူပူနွေးနွေး ဇနီးသည် ပျောက်နေတဲ့ ဇူဇောင်ဆိုတဲ့ အမျိုးသား ပြောပါတယ်။

ပွဲစားက ခေါ်သွားတဲ့ သတို့သမီးတွေထဲက ပြန်လွတ်လာတဲ့တယောက်က သူ အိပ်ရာက နိုးတဲ့အချိန်မှာ အလင်းရောင်မရှိတဲ့အခန်းထဲမှာ ရောက်နေတယ်လို့ ပြောပြပါတယ်။

ပွဲစားက သူ့ကို နောက်တယောက်နဲ့ လက်ထပ်ဖို့ စည်းရုံးတာကို သူက ငြင်းခဲ့ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ ဆိုပါတယ်။

ဒီနှစ်ပိုင်းတွေအတွင်း တရုတ်ပြည်ကျေးလက်ဒေသက အမျိုးသားတွေဟာ ဗီယက်နမ်က သတို့သမီးတွေကို ရဖို့ ပွဲစားခအကုန်အကျခံပြီး ကြိုးစားလာကြပါတယ်။

လူကုန်ကူးမှု၊ လိမ်လည် လှည့်ဖြားမှုတွေ ရှိပေမယ့် ဒီလုပ်ငန်းဟာ လျှော့မသွားဘဲ ပိုကျယ်ပြန့်နေပါတယ်။

တရုတ်ပြည်မှာ အမျိုးသားဦးရေနဲ့ အမျိုးးသမီး ဦးရေ မညီမျှတာဟာ နောက်ကွယ်က အကြောင်းရင်းတရပ်ဖြစ်သလို၊ တရုတ် သတို့သမီးအတွက် ကုန်ကျစရိတ်က ယွမ်ငွေ သိန်းပေါင်းများစွာ ရှိတာကြောင့် ဆင်းရဲတဲ့ လယ်သမားတွေဟာ အကုန်အကျ သက်သာတဲ့လမ်းကို လိုက်တာလည်း ပါတယ်လို့ ဒီလုပ်ငန်းကို နားလည်သူတွေက ဆိုကြပါတယ်။

လေလောဆယ် ဗီယက်နမ် အမျိုးသမီးတွေ ပျောက်ဆုံးနေတဲ့ ကိစ္စကို ရဲက ရှာဖွေနေတဲ့ အချိန်မှာတော့ တရုတ်လယ်သမားတွေဟာ ပူပူနွေးနွေး သတို့သမီးတွေ ပျောက်နေသလို၊ မိန်းမရဖို့ စုဆောင်းပြီး ပွဲစားကို ပေးရတဲ့ ငွေပါ ရှုံးနေကြပါတယ်။

ဒီဗွီဘီ
တရုတ်ကျေးလက်က လယ်သမားတွေနဲ့ လက်ထပ်ခဲ့တဲ့ ဗီယက်နမ်အမျိုးသမီး ၁ ရာကျော် ပျောက်ဆုံးနေ တယ်လို့ ရိုက်တာသတင်းတရပ်မှာ ဖော်ပြပါတယ်။

မိုဘိုင်းဖုန်းကွန်ရက် အဆင့်မြှင့်တင်ခြင်းများ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ဆောင်ရွက်မည်

Photo: မိုဘိုင်းဖုန်းကွန်ရက် အဆင့်မြှင့်တင်ခြင်းများ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ဆောင်ရွက်မည်  
Saturday, December 13, 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းဖုန်း ကွန်ရက်စက်ပစ္စည်းများ အဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၂၆ ရက်နေ့အထိဆောင်ရွက်မည် ဖြစ် ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မိုဘိုင်းဖုန်းကွန်ရက် စက်ပစ္စည်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို (၆-၁၂-၂၀၁၄)၊(၉ -၁၂-၂၀၁၄)၊ (၁၁ -၁၂-၂၀၁၄) နှင့် (၁၂-၁၂-၂၀၁၄)ရက်နေ့ တို့တွင် မန္တလေးအနီး ဝန်းကျင်ဒေသများ၊ (၁၂ -၁၂- ၂၀၁၄) နှင့် (၁၆-၁၂-၂၀၁၄)ရက်နေ့ တို့တွင် မကွေးအနီး ဝန်းကျင်ဒေသများ၊ (၁၈-၁၂-၂၀၁၄) ရက်နေ့ တွင် မုံရွာအနီး ဝန်းကျင်ဒေသများ၊ (၁၉-၁၂-၂၀၁၄)ရက်နေ့တွင် မြစ်ကြီးနားအနီး ဝန်းကျင်ဒေသများ တွင် ဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာသည်။

(၂၃-၁၂-၂၀၁၄) ရက်နေ့တွင် လားရှိုးအနီး ဝန်းကျင်ဒေသများ၊ (၂၃ -၁၂-၂၀၁၄) နှင့် (၂၅-၁၂-၂၀၁၄) ရက်နေ့ တို့တွင် မိတ္ထီလာအနီး ဝန်းကျင်ဒေသများ၊ (၂၆-၁၂-၂၀၁၄)ရက်နေ့ တွင် ပခုက္ကူ နှင့် မူဆယ်အနီး ဝန်းကျင်ဒေသများ တွင် ည (၁၂)နာရီ အချိန်၌ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းဆောင်ရွက်နေစဉ် အချိန်အတွင်း ဆက်သွယ်မှုကွန်ရက် ချိတ်ဆက်မှုများ ယာယီပြတ်တောက်နိုင် ပြီး ပြတ်တောက်နိုင်သော အချိန်ကာလမှာ ခန့်မှန်းခြေ (၂၀)မိနစ် ခန့်ဖြစ်ကြောင်းမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ကြေညာသည်။

InternetJournal
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းဖုန်း ကွန်ရက်စက်ပစ္စည်းများ အဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၂၆ ရက်နေ့အထိဆောင်ရွက်မည် ဖြစ် ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရှားပါး လင်းပိုင်မျိုးစိတ် ၂ ခု ထိန်းသိမ်းထားသည့် ဆန်ဒါဘန်းမြစ်ဝှမ်းတွင် ရေနံယိုဖိတ်

Photo: ရှားပါး လင်းပိုင်မျိုးစိတ် ၂ ခု ထိန်းသိမ်းထားသည့် ဆန်ဒါဘန်းမြစ်ဝှမ်းတွင် ရေနံယိုဖိတ်
Saturday, December 13, 2014

မျိုးတုံးပျောက်ကွယ်လုဖြစ်နေတဲ့ လင်းပိုင်မျိုးစိတ် ၂ ခုကို ထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေခ်ျနိုင်ငံ၊ ဆန်ဒါဘန်း Sundarbans မြစ်ဝှမ်းမှာ ဒီဇင်ဘာ ၉ ရက်နေ့က ရေနံဂါလန် ၁ သိန်းလောက် ယိုဖိတ်မှုဖြစ်ခဲ့ပါတယ်။

မြစ်ဝှမ်းထဲက ရှီလာမြစ်တွင်းမှာ ရေနံတင်သင်္ဘောနဲ့ ကုန်တင်သင်္ဘောတို့ မတော်တဆတိုက်မိခဲ့ပြီး ရေနံတွေ မြစ်ထဲယိုဖိတ်ခဲ့တာပါ။

ဆန်ဒါဘန်း   မြစ်ဝှမ်းကာကွယ်တောဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေခ်ျနိုင်ငံ နှစ်နိုင်ငံလုံးမှာပါဝင်ပြီး ကမ္ဘာ့အကြီးဆုံး ရေချိုကာကွယ်တောဖြစ်ပါတယ်။

ယူနက်စကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေအဖြစ်လည်း သတ်မှတ်ထားပြီး ဘင်္ဂလားကျားတွေနဲ့ မျိုးတုံးပျောက်ကွယ်တော့မယ့် ဂင်္ဂါလင်းပိုင်တွေနဲ့ ဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းကာကွယ်ထားတာပါ။

အခုတော့ ဘင်္ဂလာဒေခ်ျ့အစိုးရက ရေနံယိုဖိတ်ခဲ့တဲ့ မြစ်ကြောင်းအတွင်း ရေယာဉ်အသွားအလာကို ရပ်ဆိုင်းထားလိုက်ပါပြီ။

ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ဌာနေကိုယ်စားလှယ် Pauline Tamesis က ဘင်္ဂလာဒေခ်ျအစိုးရနဲ့ရော၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းပြီး ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် အစွမ်းကုန်ကြိုးပမ်းနေတယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒီဗွီဘီ
မျိုးတုံးပျောက်ကွယ်လုဖြစ်နေတဲ့ လင်းပိုင်မျိုးစိတ် ၂ ခုကို ထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေခ်ျနိုင်ငံ၊ ဆန်ဒါ ဘန်း Sundarbans မြစ်ဝှမ်းမှာ ဒီဇင်ဘာ ၉ ရက်နေ့က ရေနံဂါလန် ၁ သိန်းလောက် ယိုဖိတ်မှုဖြစ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံရှိ တရားမဝင် မြန်မာလုပ်သားများ စာရင်း မြန်မာအစိုးရ ကောက်ယူမည်


Photo: ထိုင်းနိုင်ငံရှိ တရားမဝင် မြန်မာလုပ်သားများ စာရင်း မြန်မာအစိုးရ ကောက်ယူမည်
Saturday, December 13, 2014

ထိုင်းနိုင်ငံရှိ ခရိုင် ၇၇ ခုတွင် တရားမဝင် မြန်မာအလုပ်သမားများ နိုင်ငံသားအဖြစ် ဆောင်ရွက်ပေးနိုင်ရန် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက သွားရောက်ကာ စာရင်းကောက်ခံသွားမည်ဟု ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဂရင်းအမရ ဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

စာရင်းကောက်ယူမည့်အဖွဲ့ တစ်ဖွဲ့လျှင် ငါးဦးနှုန်းဖြင့် ဖွဲ့စည်းဆောင်ရွက်ထားပြီး စုစုပေါင်းအဖွဲ့ ၁၆ ဖွဲ့ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ခွင့်ပြုချက်ကိုလည်း ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနနှင့် ညှိနှိုင်းသဘောတူညီမှု ရရှိသည်ဟု ဆိုသည်။

“အဓိကအဖွဲ့ကြီး ငါးဖွဲ့ အထိုင်လုပ်မယ်။ အဲဒီအဖွဲ့အောက်မှာ အဖွဲ့သေး ၁၁ ဖွဲ့က နယ်တွေလှည့်ပြီး ကောက်ခံမယ်။ မတ်လအတွင်း အပြီးဆောင်ရွက်နိုင်အောင် လုပ်သွားမယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။

ထိုင်းနိုင်ငံရှိ တရားမဝင်မြန်မာ အလုပ်သမားများကို ယာယီနေထိုင် အလုပ်လုပ်ပိုင်ခွင့် လက်မှတ် ထုတ်ပေးနိုင်ရန် ထိုင်းအစိုးရက တရားဝင် ဖိတ်ခေါ်ရာတွင် ၆၄၀,၀၀၀ ခန့် လျှောက်ထားခဲ့သည့်အတွက် လက်မှတ်ထုတ်ပေးထားပြီး ဖြစ်သည်။

အဆိုပါယာယီနေထိုင် အလုပ်လုပ်ပိုင်ခွင့်လက်မှတ်သည် ထိုင်းနိုင်ငံအနှံ့ သွားရောက်နိုင်ပြီး အောက်ခြေ ထိုင်းအစိုးရက ဖမ်းဆီးမှုများ ရှိလျှင် မြန်မာအလုပ်သမားများသည် ထိုင်းဖုန်း ၁၁၇၈ ကို ဆက်သွယ် တိုင် ကြားနိုင်ရန် မြန်မာအသံဖြင့် ပြုလုပ်ပေးထားသည်ဟုဆိုသည်။

အဆိုပါ ခြောက်သိန်းကျော်ကို နိုင်ငံကူးလက်မှတ် ပတ်စ်ပို့၊ အလုပ်လုပ်ပိုင်ခွင့် ပါမစ်၊ ဗီဇာများကို ထုတ်ပေးရန် ထိုင်းနိုင်ငံနှင့် မြန်မာ ပူးပေါင်းပြီး တရားဝင်ဆောင် ရွက်ပေးမည်ဖြစ်သည်။

ထိုင်းနိုင်ငံကလည်း တရားမဝင် မြန်မာအလုပ်သမားများကို ၂၀၁၅ ခု၊ မတ် ၃၁ ရက် တွင် စတင်ဖမ်းဆီးမှုများ ပြုလုပ်သွားမည်ဟု တရားဝင် ထုတ်ပြန်ထားသည်။

တရားမ၀င်မြန်မာအလုပ်သမားများကို ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးရာတွင် အလွယ်တကူ မဆောင်ရွက်ဘဲ သက်ဆိုင်ရာ မြန်မာနိုင်ငံ အဖွဲ့အစည်းများသို့ ဆက်သွယ်ပြီး အဆင့်ဆင့်လွှဲပြောင်းပေးရန်လည်း ညှိနှိုင်းအောင်မြင်ခဲ့သည်ဟု ညွှန်ကြားရေးမှူးချုပ်ကဆိုသည်။

လတ်တလောတွင် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာအလုပ်သမား တစ်သန်းကျော် ရှိသည်ဟု ခန့်မှန်းထားသည်။

Mizzima - News in Burmese 

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၁၄ ဇွန် ၃၀ ရက်က နေ့ချင်းပြီး ဆောင်ရွက်ပေးနေစဉ်။ (ဓာတ်ပုံ - အီးပီအေ)

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၁၄ ဇွန် ၃၀ ရက်က နေ့ချင်းပြီး ဆောင်ရွက်ပေးနေစဉ်။ (ဓာတ်ပုံ - အီးပီအေ)

ထိုင်းနိုင်ငံရှိ ခရိုင် ၇၇ ခုတွင် တရားမဝင် မြန်မာအလုပ်သမားများ နိုင်ငံသားအဖြစ် ဆောင်ရွက်ပေးနိုင်ရန် အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက သွားရောက်ကာ စာရင်းကောက်ခံ သွားမည်ဟု ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဂရင်းအမရ ဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်းက သုံးနှစ်အတွင်း ကန်ဒေါ်လာ တစ်ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမည်

ကမ္ဘာ့ဘဏ်အုပ်စုဝင် အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း (IFC)သည် လာမည့်သုံးနှစ်တာ ကာလအတွင်း၌ မြန်မာနိုင်ငံရှိ ပုဂ္ဂလိကကဏ္ဍများတွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ ရင်းနှီးမြှုပ်နှံ သွားမည် ဖြစ်ကြောင်း IFC ၏ အာရှပစိဖိတ် ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr. Vivek Pathak က ပြောကြားသည်။

စစ်တွေကျင်းပမည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနား အစမ်းလေ့ကျင့်မှုပြုလုပ်

Photo: စစ်တွေကျင်းပမည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနား အစမ်းလေ့ကျင့်မှုပြုလုပ်
Saturday, December 13, 2014

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျင်းပမည့် နှစ် (၄၀) ပြည့်မြောက် ရခိုင်ပြည်နယ်နေ့ ဖွင့်ပွဲ အခမ်းအနားအတွက် အစမ်းလေ့ကျင့်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။

စစ်တွေမြို့  ဝေသာလီအားကစားကွင်း၌ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ကို ခန်းနားကြီးကျယ်စွာ ကျင်းပ ပြုလုပ်ရန် စီစဉ်နေရာ ယခုအခါ ဖွင့်ပွဲအခမ်းအနားအတွက် အစမ်းလေ့ကျင့်မှုများကို ဆက်တိုက်ပြုနေခြင်း ဖြစ်ကြာင်း သိရသည်။

ရခိုင်ပြည်နယ်နေ့တွင် စစ်တွေ အပါအ၀င် မြို့အချို့တွင် မဟာဓါတ်အားလိုင်းမှ မီး ၂၄ နာရီ ရရှိရေးရေး အထိမ်းအမှတ် ဖွင့်ပွဲကို တစ်ပြိုင်တည်းကျင်းပမည်ဖြစ်သည်ဟု သိရသည်။
ဒီဇင်္ဘာလ ၁၂ ရက်နေ့ ညနေပိုင်းက ပြုလုပ်သော  အစမ်းလေ့ကျင့်မှု အခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း ကိုယ်တိုင် တက်ရောက်ခဲ့ပြီး အားပေးစကား ပြောကြားခဲ့သည်။လာမည့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင်  ရခိုင်ပြည်နယ်အတွက် ခန်းနားကြီးကျယ်သော မီးလင်းရေးနေ့ကြီး ဖြစ်သဖြင့် ရခိုင်တိုင်းရင်းသားများ၏ ဂုဏ်သိက္ခာ၊ ရခိုင်ပြည်နယ်၏ ဂုဏ်သိက္ခာကို ပြသသည့် အနေဖြင့် ယခု အခမ်းအနားအား ပြည်နယ်အစိုးရက အကောင်းဆုံးဖြစ်အောင် စီစဉ်ပြုလုပ်ထားကြောင်း ပြောဆိုသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့ အစမ်းလေ့ကျင့် ကပြရာတွင် မီးလင်းပွဲအတွက် အကများအပြင် ရခိုင်ရိုးရာ ကျင်ကကွက်များကို ပြသခြင်း၊ ကျင်ယိမ်းအက၊ ဗျာယ်လအက၊ လေးဝတီသီချင်းနောက်ခံအက၊ ဝေသာလီအက၊ရိုးမရံစီသီချင်း နောက်ခံအက တိုင်းရင်းသားပေါင်းစုံစုပေါင်းအကများဖြင့် ကပြသည့်အပြင် ရခိုင်အဆိုတော် ညာစိမ်းခိုင်၊ ရီလှိုင်းပြာတို့နှင့် ရခိုင်ရိုးရအဖွဲ့မှ ဆရာဦးကျော်စံမောင်တို့က နောက်ခံသီချင်းများကို သီဆိုထားခဲ့ကြသည်။

နိရဉ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျင်းပမည့် နှစ် (၄၀) ပြည့်မြောက် ရခိုင်ပြည်နယ်နေ့ ဖွင့်ပွဲ အခမ်းအနား အတွက် အစမ်းလေ့ကျင့်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။

ဘေဂျင်းကို ဝေဖန်လေ့ရှိသည့် ဟောင်ကောင် မီဒီယာသူဌေး အယ်ဒီတာချုပ် ရာထူးမှ နုတ်ထွက်


Photo: ဘေဂျင်းကို ဝေဖန်လေ့ရှိသည့် ဟောင်ကောင် မီဒီယာသူဌေး အယ်ဒီတာချုပ် ရာထူးမှ နုတ်ထွက်
Saturday, December 13, 2014

တရုတ်ဘေဂျင်းအစိုးရကို ဝေဖန်လေ့ရှိသည့် ဟောင်ကောင် မီဒီယာသူဌေး ဂျင်မီလိုင် ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ထိန်းသိမ်းခံရပြီးနောက် လူကြိုက်များသော မီဒီယာတစ်ခု ဖြစ်သည့် ပန်းသီး နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ရာထူးမှ နုတ်ထွက်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဒီမိုကရေစီရေး ဆန္ဒပြသမားများ နှစ်လကျော်ကြာ သိမ်းပိုက်ထားသည့် အဓိက ဆန္ဒပြနေရာများကို ရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းလျက်ရှိပြီး တက်ကြွလှုပ်ရှားသူပေါင်း ၂၅၀ ခန့်ကို ဟောင်ကောင်ရဲတပ်ဖွဲ့က ကြာသပတေးနေ့တွင် ထိန်းသိမ်းခဲ့သည်။

ယင်းကဲ့သို့ ထိန်းသိမ်းခံရသူများထဲတွင် ဂျင်မီလိုင် ပါဝင်ပြီး သောကြာနေ့တွင် ထိန်းသိမ်းထားသူ အားလုံးကို ရဲက ပြန်လွှတ်ပေးလိုက်ကြောင်း RTHK သတင်းတွင် ဖော်ပြထားသည်။

လိုင်သည် ကိုယ့်အားကိုယ်ကိုးပြီး သန်းကြွယ်သူဌေး ဖြစ်လာသူ ဖြစ်ပြီး ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားမှုများကို အဓိက ငွေကြေးထောက်ပံ့သူ ဖြစ်သည်။

“ပန်းသီးသတင်းစာ အယ်ဒီတာချုပ် ရာထူးကနေ လိုင် နုတ်ထွက်သွားပါတယ်။ သူ့နေရာမှာ Next မီဒီယာ အကြီးအကဲ ယူကင် တာဝန်ယူမှာပါ” ဟု ပန်းသီးသတင်းစာ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Next မီဒီယာသည် Next မဂ္ဂဇင်းနှင့် ဒီမိုကရေစီရေး တောင်းဆိုရေးသားလေ့ ရှိသည့် ပန်းသီးသတင်းစာကို ထုတ်ဝေလျက်ရှိသည့် မီဒီယာဖြစ်သည်။

လိုင်ကို ဟောင်ကောင် အကျင့်ပျက်လာဘ်စားမှု အေဂျင်စီက ယခုနှစ်အတွင်း စစ်ဆေးလျက်ရှိပြီး သြဂုတ်လတွင် ၎င်း၏ နေအိမ်ကို အရာရှိများက ဝင်ရောက်ရှာဖွေခဲ့သည်။

၁၉၈၉ ခုနစ် တီအန်မင် ဒီမိုကရေစီရေး လှုပ်ရှားမှုနောက်ပိုင်း ဘေဂျင်းအာဏာပိုင်များကို အကြီးမားဆုံး စိန်ခေါ်လျက်ရှိသည့် ဟောင်ကောင်ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ရဲတပ်ဖွဲ့က ကြာသပတေးနေ့တွင် ရပ်တန့်နိုင်လိုက်ပြီး ဟောင်ကောင်မြို့လယ် အတ်မော်ရယ်လ်တီ ဒေသရှိ အဓိက လမ်းမများကို ပြန်လည် ဖွင့်လှစ်နိုင်လိုက်သည်။

ဆန္ဒပြမှုများကြောင့် အရောင်းအဝယ် ထိခိုက်ခဲ့ရသည့် ဈေးဆိုင်ပိုင်ရှင်များက လမ်းမများ ပြန်လည်ဖွင့်လှစ်နိုင်မှုကို ကြိုဆိုလိုက်သည်။

The Voice Weekly
တရုတ်ဘေဂျင်းအစိုးရကို ဝေဖန်လေ့ရှိသည့် ဟောင်ကောင် မီဒီယာသူဌေး ဂျင်မီလိုင် ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ထိန်းသိမ်းခံရပြီးနောက် လူကြိုက်များသော မီဒီယာတစ်ခု ဖြစ်သည့် ပန်းသီး နေ့စဉ် သတင်း စာ အယ်ဒီတာချုပ် ရာထူးမှ နုတ်ထွက်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။