Saturday 20 February 2016

၅၉(စ) ပြင်လိုသူများ အာဏာရှင်စနစ်ကို မွေးခိုင်းတာလားဟု ကြံ့ခိုင်ရေးအာဘော် မေးခွန်းထုတ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်အတွက် အဟန့်အတား ဖြစ်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ရန်၊ ဆိုင်းငံ့ရန်စသည့် ပြောဆို လှုပ်ရှားမှုများကို ရည်ညွှန်းလျက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ထုတ်ဝေနေသည့် ပြည်ထောင်စုနေ့စဉ် သတင်းစာ အယ်ဒီတာ့အာဘော်က ဝေဖန်လိုက်သည်။
ပြည်ထောင်စုနေ့စဉ်၏ ၅၉(စ) နှင့်ပတ်သက်၍ တုန့်ပြန်ချက်တွင် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဟု ဆိုထားပြီး လူတစ်ဦးဦးကို အာဏာရှင်ဖြစ်စေရန် တွန်းပို့နေသလားဟုလည်း မေးခွန်းထုတ်ထားသည်။ “ပါးစပ်က ဒီမိုကရေစီဟု ပြောပြီး လက်တွေ့တွင် ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မှု ပြုလုပ်နေကြသည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံကို ဒီမိုကရေစီ အမိဝမ်းမှ အာဏာရှင် စနစ်ကို မွေးဖွားခိုင်းနေကြသလား၊ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ကို အာဏာရှင် ဖြစ်စေမည့် လမ်းကြောင်းသို့ ပို့နေကြတာလားဟု မေးလိုက်ပါရစေ” ဟု ရေးသားထားသည်။

ပြည်ထောင်စု နေ့စဉ်၏ ဖေဖေါ်ဝါရီ ၂၀ ရက်ထုတ် သတင်းစာတွင် “၅၉(စ) ၏ သန္ဓေက အမျိုးသားရေး” ဟု ခေါင်းစဉ်ဖြင့် ရေးသားထားသည့် အယ်ဒီတာ့အာဘော်တွင် ဖေါ်ပြခြင်းဖြစ်သည်။

အဆိုပါ အာဘော်တွင် ၁၉၄၇ ခုနှစ် ဇွန်လ ၁၆ ရက်တွင် ကျင်းပသော တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေး အမှတ် (၄) တွင် ဦးအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း) တင်သွင်းခဲ့သည့် အဆိုကို ကိုးကားဖေါ်ပြထားသည်။ ဗိုလ်ချုပ် တင်သွင်းခဲ့သည့် အဆိုသည် “မြန်မာနိုင်ငံတော်အတွက် ရေးဆွဲမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန်ချက် ခုနှစ်ရပ် အဆိုတွင် နိုင်ငံခြားသားလွှမ်းမိုးမှု၊ စွက်ဖက်မှု သြဇာပေးမှု ကင်းရှင်းသော နိုင်ငံ ဖြစ်ရန် ပြောကြားခဲ့သည်” ဟု ပြည်ထောင်စုနေ့စဉ်က ကိုးကားဖေါ်ပြသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်ဟု ဆိုထားပြီး မြန်မာနိုင်ငံ၏ ပထမဆုံး ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၇၄ တွင် “နိုင်ငံခြား အစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ၊ သို့တည်းမဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့တည်းမဟုတ် ထိုအစိုးရ၏ နိုင်ငံသားဖြစ်သူ၊ သို့တည်းမဟုတ် ထိုအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားခွင့်ရှိသူ” သည် လွှတ်တော်တစ်ရပ်ရပ်၏ အမတ်မဖြစ်ရဟု ပြဋ္ဌာန်းထားသည်ကိုလည်း ကိုးကားဖေါ်ပြထားသည်။

လွှတ်တော်တွင် ဗိုလ်ချုပ်အောင်ဆန်း အဆိုပြုခဲ့သည့် အဆိုပြုချက်ကို ကိုးကားလျက် ပုဒ်မ ၅၉(စ) သည် “ဗိုလ်ချုပ်အောင်ဆန်း စခဲ့သည်မူမှ လမ်းစဉ်ပါတီ၊ ယနေ့ခေတ်အထိ အမျိုးသားရေး လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာခြင်း” ဟုလည်း ပြည်ထောင်စုနေ့စဉ် အာဘော်က ဆိုသည်။

သို့သော် “ထိုအကြောင်းကို ဖုံးကွယ်ကြပြီးနောက် ပါးစပ်က ဒီမိုကရေစီဟု ပြောပြီး လက်တွေ့တွင် ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မှု ပြုလုပ်နေကြသည်” ဟု ပြည်ထောင်စု နေ့စဉ်က တုန့်ပြန်သည်။ အလားတူ “ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ် အရွေးခံသူများတွင် နိုင်ငံခြား အဆက်အနွယ် မကင်းသူများ၊ မြန်မာ မျိုးမစစ်သူများ မြန်မာ့နိုင်ငံရေးတွင် မပါဝင် မပတ်သက်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်” ဟုလည်း ရေးသားထားသည်။

mizzimaburmese

No comments:

Post a Comment