Tuesday 5 January 2016

တရုတ်နိုင်ငံသားတစ်ဦး မြေမြှုပ်မိုင်းထိပြီးနောက် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး အလေးထားရန် မြန်မာကို တရုတ်တိုက်တွန်း

မြန်မာ-တရုတ်နယ်စပ်ဒေသတွင် တရုတ်နိုင်ငံသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိသဖြင့် ထိခိုက်ဒဏ်ရာရရှိပြီးနောက် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်မှုကို မြန်မာနိုင်ငံဘက်မှ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ HuaChunying က တိုက်တွန်းပြောကြားသည်။
ဇန်နဝါရီလ ၃ ရက်နေ့က နှစ်နိုင်ငံနယ်စပ်ဒေသတွင် တရုတ်နိုင်ငံသားတစ်ဦးက မြေမြှုပ်မိုင်းဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောဆိုမှုကို ကိုးကားပြီး ရိုက်တာသတင်းဌာနတွင် ယင်းသို့ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါ မြေမြှုပ်မိုင်းပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံသည် နှစ်နိုင်ငံနယ်စပ်ဒေသများအနီး လက်နက်ကိုင်ပဋိပက္ခများကို ထိန်းသိမ်းကာကွယ်သင့်ပြီး ယင်းဒေသများတွင် နေထိုင်သော တရုတ်နိုင်ငံသားများ၏ အသက်ရှင်နေထိုင်မှုလုံခြုံရေးကို ထိခိုက်စေမည့် အလားတူကိစ္စရပ်များကို ရှောင်ရှားသင့်ကြောင်း Hua Chunying က ပြောကြားသည်။

သို့သော်လည်းယင်းကိစ္စရပ်နှင့်ပတ်သက်ပြီးမြန်မာ-တရုတ်အစိုးရနှစ်ရပ်အကြားသတင်းပေးပို့ဆောင်ရွက်မှုမရှိသေးကြောင်းနိုင်ငံတော်သမ္မတရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးကပြောကြားသည်။

“ဒီကိစ္စကိုနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက အကြောင်းကြားလာတာမရှိသေးပါဘူး၊ အဲဒီတော့ဟုတ်တယ်မဟုတ်ဘူးလည်း ပြောလို့မရပါဘူး၊ နောက်ပြီးသူတို့ပြောတဲ့မိုင်းက မြေမြှုပ်မိုင်းဖြစ်နေတယ်၊ဘယ်သူထောင်တာလဲ ဘာအမျိုးအစားလဲဆိုတာမပါဘူး၊ ဘယ်နေရာဆိုတာလဲမပါတော့ ဘာမှပြောလို့မရနိုင်ဘူး” ဟု ၎င်းကဆိုသည်။
ထို့အပြင် နှစ်နိုင်ငံနယ်စပ်ဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်များ အခြေပြုလှုပ်ရှားနေပါက ယင်းကဲ့သို့သောဖြစ်ရပ်များဆက်လက်ဖြစ်ပွားနိုင်ပြီး တရုတ်နိုင်ငံအနေဖြင့်လည်း လက်နက်ကိုင်တပ်များအခြေပြုမလှုပ်ရှားနိုင်ရေးကို အပြုသဘောဆောင်ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ၎င်းကဆိုသည်။

The Voice Weekly

No comments:

Post a Comment