Tuesday 5 January 2016

ရဲမီးတန်းယာဉ်သစ်သုံးစီး ဆင့်တိုက်၊ ရဲတပ်ကြပ်ကြီး တစ်ဦး သေဆုံး

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကမှ စတင်အသုံးပြုခဲ့သည့် ရဲတပ်ဖွဲ့သုံးမီးတန်းယာဉ်သစ်များ တိုက်မိမှုသည် ဒဂုံမြို့နယ်ရှိ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး ယာဉ်ရပ်နားဝင်းတွင် ဇန်နဝါရီလ ၃ ရက် နံနက် ၈ နာရီခွဲက ဖြစ်ပွားခဲ့ကြောင်း ဒဂုံမြို့မရဲစခန်းထံမှ သိရသည်။

ရပ်နားထားသော မီးတန်းလှည့်ကင်းယာဉ်တစ်စီးမှာ ယာဉ်နောက်ဆုတ်ရာမှ အရှိန်မထိန်းနိုင်ဘဲ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၏ လှည့်ကင်းယာဉ်နှင့် ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှူး၏ လှည့်ကင်းယာဉ်များကို ဝင်တိုက်မိရာမှ ရဲတပ်ကြပ်ကြီး တစ်ဦး သေဆုံးခဲ့ကြောင်း အထက်ပါရဲစခန်းထံမှ သိရသည်။

“မီးတန်းလှည့်ကင်းယာဉ်မောင်းက စက်နှိုးပြီးယာဉ်သန့်ရှင်းရေး လုပ်နေချိန်မှာ လှည့်ကင်းလိုက်ပါမယ့် ဒုရဲအုပ်က ကားမောင်းသူရဲ့ နေရာဝင်ပြီး စကားပြောစက်ကိုဖွင့် ယာဉ်နောက်ဆုတ်ရာက အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိုက်မှုဖြစ်တာ၊ လူပါသေဆုံးတဲ့ ယာဉ်တိုက်မှုဖြစ်လို့ ဒုရဲအုပ်ကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူမယ့်အပြင် အရပ်ဘက်ဥပဒေနဲ့ပါ အရေးယူသွားမှာပါ ”ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်မှုဖြစ်ခဲ့သော လှည့်ကင်းယာဉ်မှာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံသို့ ထောက်ပံ့ထားသော မြို့နယ်အတွင်း လှည့်ကင်းတာဝန် ဆောင်ရွက်နိုင်ရန် ပေးအပ်ထားသော ဆလွန်းအမျိုးအစား မီးတန်းယာဉ်ဖြစ်ကြောင်း၊ အဆိုပါ ယာဉ်နှင့်အတူ လှည့်ကင်းတာဝန်ဆောင်ရွက်ရန် ဒဂုံမြို့မ ရဲစခန်းမှ အသက် ၂၈ နှစ် အရွယ်ရှိ ဒုရဲအုပ် ကျော်မင်းခန့် အပါအဝင် တပ်ဖွဲ့ဝင်လေးဦးက ကင်းလှည့်ရန် စီစဉ်နေစဉ် ယာဉ်တိုက်မှု ဖြစ်ခဲ့ကြောင်း ဒဂုံမြို့မ ရဲစခန်းထံမှ သိရှိရသည်။

“ရဲတပ်ဖွဲ့အတွက် ပေးထားတဲ့ မီးတန်းလှည့်ကင်းယာဉ်တွေက အင်ဂျင်အကောင်ကြီးပြီး ကီလို ၂၄၀ အထိ မောင်းလို့ရတယ်၊ ဒါကားတွေကို စနစ်တကျ ကိုင်တွယ်မောင်းနှင်နိုင်အောင် ယာဉ်မောင်းတွေကို လက်တွေ့ စာတွေ့ သင်ကြားပို့ချပေးပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့က တစ်မြို့နယ် တစ်စီးစီ ပေးခဲ့တာပါ၊ အခု ယာဉ်တိုက်မှု ဖြစ်တဲ့သူက ယာဉ်မောင်းတာဝန်မဟုတ်ဘဲ ကားတက်မောင်းရာက ယာဉ်တိုက်မှု ဖြစ်ခဲ့တာကြောင့် နောင်နောက် ဒီဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်ရအောင် မြို့နယ်ရဲမှူးတွေခေါ်သတိပေးထားပါတယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး၏ Hilux Double Club မီးတန်းယာဉ်နှင့် ဒဂုံမြို့ နယ် ရဲတပ်ဖွဲ့မှူး၏ Grand Tiger Double Club မီးတန်းယာဉ် အပါအဝင် ဆလွန်းအမျိုးအစား မီးတန်းလှည့်ကင်းယာဉ်တို့ ပျက်စီးကာ အသက် ၃၀ ဝန်းကျင်ရှိ ရဲတပ်ကြပ်ကြီး သိန်းဝင်းမှာ ယာဉ်တိုက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့သောကြောင့် ယာဉ်တိုက်မှု ကျူးလွန်ခဲ့သူ ဒုရဲအုပ် ကျော်မင်းခန့်ကို ပြစ်မှုပုဒ်မ ၃၃၈/၂၇၉ ဖြင့် ဒဂုံမြို့မ ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment