Tuesday 5 January 2016

ဧရာဝတီမြစ်အတွင်းသွား စက်လှေများကို လူ ၁၀ ဦးကျော်ပါ အဖွဲ့က ဓားပြတိုက်

လုံခြုံရေးအားနည်းမှုများကြောင့် လက်နက်ကိုင်ဆောင် လုယက်မှုများ မြင့်တက်နေသော ဧရာဝတီမြစ်အထက်ပိုင်းတွင် ဇန်နဝါရီလ ၂ ရက်နေ့ညပိုင်းက လှေအခွံများတင်ဆောင်၍ လူခြောက်ဦးမောင်းနှင်လာသော စက်လှေခြောက်စီးကို ဓားနှင့်လေးခွများကိုင်ဆောင်သော လူ၁၂ ဦးခန့်ပါဝင်သောအဖွဲ့က တံတားဦးမြို့နယ် ပေါက်မြိုင်ကျေးရွာအနီးတွင် ဓားပြတိုက်၍စက်လှေလုယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ပန်းညိုကျေးရွာမှ ဦးရင်အောင်၊ ဦးမိုက်မိုက်၊ ဦးလင်းလင်း၊ ဦးကျော်ထူး၊ ဦးထွန်းထွန်းဝင်းနှင့်ဦးအောင်ဆန်းတို့သည် အသုံးပြုရန် ထီးချိုင့်မြို့နယ်မှ လှေအခွံခြောက်စီးဝယ်ယူပြီး စက်လှေခြောက်စီးပေါ်တွင် တင်ဆောင်၍ဘေးတွဲယာဉ်တစ်စီးဖြင့် စုန်ဆင်းလာစဉ် စစ်ကိုင်းမြို့နယ် နောက်ကြည့်ကျွန်းကျေးရွာအနီးသို့ရောက်ရှိစဉ် လူ ၁၂ ဦးတို့သည် စက်လှေလေးစီးဖြင့် ရောက်ရှိလာပြီး လေးခွများဖြင့် ပစ်ခတ်၍ စက်လှေနှစ်စီးနှင့်လူနှစ်ဦးကို ခေါ်ဆောင်သွားခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းများအရ သိရသည်။

“မနေ့က ဧရာဝတီမြစ်ထဲမှာ စစ်ကိုင်းဘက်က လူတွေလုခံရတာပေါ့။ ကျွန်တော်တို့အဖွဲ့တွေ သွားပြီးကြည့်ပေးပါတယ်။ ခေါ်သွားခံရတဲ့လူနှစ်ယောက်နဲ့ လှေတွေကိုတော့ ငါန်းဇွန်နားမှာ ပြန်တွေ့ပါတယ်။ ကာယကံရှင်တွေဘက်က အမှုဖွင့်တိုင်ကြားမှုမလုပ်တော့ ကျွန်တော်တို့ကအမှုဖွင့်လို့မရပါဘူး။ တရားခံတွေကိုတော့ ဆက်လက်ရှာဖွေနေတုန်းပါပဲ ”ဟု တံတားဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူး အောင်သိန်းကျော်က ဆိုသည်။

ယင်းသို့ စက်လှေလုယက်ခံရသော သတင်းကို ကြားသိခဲ့သော မြောင်မြို့နယ်ပန်းညိုကျေးရွာဒေသခံများက စက်လှေအချို့ဖြင့် မြစ်ကြောင်းအတိုင်းဆန်တက်လာရာတွင် ငါန်းဇွန်မြို့နယ် ဧရာဝတီမြစ်အတွင်း၌ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော ဦးအောင်ဆန်းနှင့်ဦးထွန်းထွန်းလင်းတို့ကို ရိုက်နှက်ခံထားရသော ဒဏ်ရာများဖြင့်တွေ့ရှိခဲ့ကြပြီး ဒဏ်ရာများမှာမူ စိုးရိမ်စရာမရှိဘဲ လှေပေါ်တွင်ပါရှိသော အင်ဂျင်စက်နှစ်လုံးနှင့် ဖုန်းနှင့်ပိုက်ဆံများကို လုယက်သူများကယူဆောင်သွားခဲ့ကြောင်း အဆိုပါမှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

“မတိုင်ဘူးဆိုတာကတော့ ကာယကံရှင်တွေက သူတို့ကိုယ်တိုင် ဌာနဆိုင်ရာနဲ့ရင်မဆိုင်ဝံ့တဲ့ ကိစ္စတစ်ခုခု ရှိလို့လည်းဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့တိုင်လည်းဘာမှ ထူးမှာမဟုတ်ဘူး။ရေကြောင်းထဲမှာ သွားလာနေရသူအချင်းချင်းရန်များမယ်။ သွားလာရတာပိုပြီး အန္တရာယ်များလာမယ်လို့ တွေးတာကြောင့်လည်း
ဖြစ်နိုင်ပါတယ်။ လုယက်တဲ့သူတွေကလည်း ရေကြောင်းကျွမ်းကျင်တဲ့သူတွေဆိုတော့တစ်နေ့မဟုတ် တစ်နေ့တွေ့နေရမယ့် သူတွေဆိုတော့လေ။ တစ်ခါတလေသက်ဆိုင်ရာတပ်ဖွဲ့တွေက တမင်ရွဲ့ပြီးတော့များ ဖမ်းမပေးတာလားဆိုပြီး
သံသယတောင်ဖြစ်မိတယ်ဗျ”ဟု ကုန်တင်ရေယာဉ်ပိုင်ရှင်များအသင်း အတွင်းရေးမှူးဦးမြအောင်က သုံးသပ်ပြောဆိုသည်။

ဧရာဝတီမြစ်ကြောင်းအချို့နေရာများတွင် လက်နက်ကိုင်ဆောင်ကာ အကြမ်းဖက်လုယက်မှုများ ဖြစ်ပေါ်နေရာ မင်းကွန်းပတ်ဝန်းကျင်မှစ၍ အထက်ပိုင်းမြစ်ကြောင်းတစ်လျှောက်သည် ရေကြောင်းရဲတပ်ဖွဲ့အခြေစိုက်ရာ မန္တလေးမြို့နှင့် အလှမ်းဝေးနေသဖြင့် ပြည်သူများကို ကာကွယ်စောင့်ရှောက်ရာတွင် ထိထိရောက်ရောက်မကာကွယ်နိုင်သေးကြောင်း ရေကြောင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ခွန်မျိုးမြရှိန်က ပြောကြားသည်။ ( သတင်းဖော်ပြပြီး The Voice Daily ,vol .3 /No232)

The Voice Weekly

No comments:

Post a Comment