Monday 25 January 2016

ခုတင် ၅၀၀ ဆံ့ဆေးရုံသစ်ကြီး ကျောက်ကပ်အစားထိုး ကုသမှု ၁၅ ခုအောင်မြင်စွာ ပြုလုပ်ပြီး

မင်းရဲကျော်စွာလမ်းရှိ ခုတင် ၅၀၀ ဆံ့အထူးကုဆေးရုံကြီး ၌ ကျောက်ကပ်အစားထိုး ခွဲစိတ် ကုသခြင်းကို လပိုင်းသာခြား၍ ဆက်တိုက်ပြုလုပ်ပေးလျက်ရှိပြီး ယခုအချိန်အထိ အစားထိုးခွဲစိတ် မှုပေါင်း ၁၅ ခုကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထွဋ်က ပြောသည်။
ခုတင် ၅၀၀ ဆံ့ အထူးကုဆေးရုံကြီးကို ၂၀၁၄ သြဂုတ် အ တွင်း စတင်ဖွင့်လှစ်ပြီးနောက် အဆိုပါနှစ်အတွင်း ကျောက်ကပ် အစားထိုးကုသခြင်း လေးခု၊ ၂၀၁၅၌ အစားထိုးခွဲစိတ်ကုသခြင်း ၁၀ ခုနှင့် ယခု ၂၀၁၆ ဇန်န၀ါရီ အတွင်း ခွဲစိတ်ကုသမှုတစ်ခု ဖြစ်ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။

‘‘အစားထိုးခွဲစိတ်ကုသမှု ၁၅ တွဲဆိုတာ ကျောက်ကပ်အစား ထိုးကုသမှုခံယူသူနဲ့ ကျောက် ကပ်အလှူရှင်ပေါင်းရင်အယောက် ၃၀ ကို အောင်အောင်မြင်မြင်နဲ့ လုပ်ပေးနိုင်ပါတယ်။ အစားထိုး ကုသမှုလုပ်တယ်ဆိုတာ နှစ်ယောက်စလုံးကို တစ်ပြိုင်တည်းလုပ်ရတာဖြစ်တယ်။ ပညာရှင်တွေရဲ့ ကျွမ်းကျင်မှုကြောင့် အစားထိုးခွဲစိတ်ကုသမှုလုပ်တဲ့ ကြာချိန်က နှစ်နာရီနဲ့ သုံးနာရီအကြားပဲရှိတယ်’’ဟု ဒေါက်တာသန်းထွဋ် ကပြောသည်။

ကျောက်ကပ်အစားထိုး ကု သမှုခံယူသည့် အသက်အရွယ် များသည် ပျမ်းမျှအားဖြင့် (၂၈) နှစ်မှ (၄၀) ခန့် ကြား အလုပ်လုပ်နိုင်သည့်အရွယ်များဖြစ်ကြောင်း၊ အစားထိုးခွဲစိတ် ကုသမှုခံယူသည့် အမျိုးသားနှင့် အမျိုးသမီးအချိုးကို ကြည့်လျှင် အမျိုးသမီးအချိုးက အနည်းငယ်များကြောင်း ၎င်းကဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာန အစီအမံဖြင့် အစားထိုးခွဲစိတ်ကုသမှု အခမဲ့ပြုလုပ်ပေးခြင်းဖြစ် သော်လည်း လူနာများဘက်က အစားထိုးကုသမှု ပြုလုပ်နိုင်ရန် အလှူရှင်၏ ကျောက်ကပ်ကိုလက် ခံနိုင်ခြင်း ရှိ၊မရှိ အသေးစိတ်စစ် ဆေးမှုများ ပြုလုပ်ရကြောင်း၊ လို အပ်လျှင် ပြည်ပသို့ပို့၍ စစ်ဆေး ရခြင်းများလည်း ရှိသဖြင့် အနည်း ငယ်ကုန်ကျစရိတ်ရှိနိုင်ကြောင်း သိရသည်။

ကျောက်ကပ်အစားထိုးကု သမှုခံယူမည့် လူနာနှင့် ကျောက်ကပ်အလှူရှင်များသည် ခွဲစိတ်ကုသမှုမပြုလုပ်မီ နှစ်ရက်ခန့် ဆေးရုံကြိုတက်ရသည်။ အစားထိုးကုသမှု ခံယူပြီးနောက်ကျောက်ကပ်အလှူရှင်သည် ငါးရက်မှ ခုနစ်ရက်အတွင်း ဆေးရုံ၌ နေရပြီး ကျောက်ကပ်လက်ခံသည့် လူနာသည် ဆယ်ရက်ခန့် ဆေးရုံ၌ နေရသည်။ ကျောက်ကပ် အလှူရှင်နှင့် အစားထိုးခွဲစိတ်ကုသမှုခံယူထားသည့် လူနာကိုမည်သို့ပြုမူ နေထိုင်ရမည်ဆိုသည်ကို ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင် သည့် ဆရာဝန်များက မှာကြားပြီး နောက်ဆက်တွဲ ကုသမှုများ ပြု လုပ်ပေးကြောင်း သိရသည်။

အစားထိုးခွဲစိတ်ကုသမှုဆို သည်မှာ အန္တရာယ်ကြီးသည့် ခွဲ စိတ်မှုတစ်ခုဖြစ်ခြင်းကြောင့် အ ဆင့်ဆင့် လိုအပ်သည်များကို အ ချိန်ယူပြီး အသေးစိတ်ပြုလုပ် ရ သည်။ အစားထိုး ကုသမှုခံယူ မည့် လူနာ၏ ကျန်းမာရေးအခြေ အနေ၊ ပေးလှူမည့် သူ၏ကျန်းမာ အခြေအနေများကို ကြည့်၍ အ စားထိုးကုသမှုပြုလုပ်သင့်၊ မသင့်ကို ဆေးရုံအုပ်ကြီးနှင့် ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်သူ ပညာရှင်များ ပူးပေါင်းထားသည့် ကော်မတီက အပြန်အလှန်ဆွေးနွေးရသည်။ အစားထိုးခွဲစိတ်ကုသရန် သင့်လျော်သည်ဟု ဆုံးဖြတ်ပြီးနောက်ပိုင်း ကျင့်ဝတ်သိက္ခာနှင့်ပတ်သက်သည့် ခုံသမာဓိကော်မ တီက ဆက်လက်ဆွေးနွေးခြင်းများပြုလုပ်ပြီး ကျောက်ကပ်ပေးလှူမည့်သူသည် ကျေကျေနပ်နပ်ပေးလှူခြင်း ဟုတ်၊မဟုတ် ငွေကြေးနှင့် အရောင်းအ၀ယ် ပြုလုပ်ခြင်း ရှိ၊မရှိ စသည့်အချက်များစစ်ဆေးကြောင်းသိရသည်။

ခုတင် ၅၀၀ဆံ့အထူးကုဆေး ရုံကြီးမဖွင့်မီ ၁၉၉၆ မှ ၂၀၁၄ အထိ ကျောက်ကပ်အစားထိုး ခွဲ စိတ်ကုသသူ လူနာပေါင်း ၃၈ ဦး၊ ခုတင် ၅၀၀ ဆံ့ အထူးကုဆေးရုံ ကြီး နောက်တစ်နှစ်ကျော်အတွင်း လူနာ ၁၅ ဦး စုစုပေါင်း ၅၃ ဦးကို အောင်မြင်စွာ ကုသမှုပေးနိုင်ခဲ့ သည်။ ‘‘ဒီလိုအောင်မြင်စွာ ကုသ မှုပေးနိုင်တာဟာ ကျန်းမာရေး ၀န်ကြီးဌာနရဲ့ ပံ့ပိုးမှုကြောင့် လည်းပါတယ်။ လက်ရှိခုတင် ၅၀၀ ဆံ့ဆေးရုံကြီးမှာ ကျောက် ကပ်အစားထိုးခွဲစိတ်ကုသမှုခံယူ သူနဲ့ ကျောက်ကပ်အလှူရှင် အားလုံး လူကောင်းပကတိအတိုင်း ကျန်းမာစွာ ရှိနေပါတယ်’’ဟု ဆီး နှင့် ကျောက်ကပ်ခွဲစိတ်အထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ကျော်စွာလှိုင်ကပြောသည်။

‘‘ကျောက်ကပ်အစားထိုး ကု သမှုတွေကို အခုဆိုရင် လစဉ်နီး ပါး လုပ်ပေးနိုင်နေပြီ။ ကျောက် ကပ်ပျက်စီးထားသူဟာ အရင် က ကျောက်ကပ်အတုသန့်စင်စက်နဲ့ တစ်ပတ်ကို နှစ်ကြိမ်လောက်ဆေး နေရတော့ အသက်ရှင်သန်ဖို့ စက်အပေါ်မှာ မှီခိုနေရသူဖြစ်နေ တယ်။ အစားထိုးကုသမှုခံယူပြီး နောက်မှာတော့ လူနာဟာ လူ သားတစ်ဦးအနေနဲ့ နိစ္စဓူဝလုပ် ငန်းများကို သာမန်လူတစ်ဦးလို ဆောင်ရွက်နေထိုင်လျက်သာ ဘ၀ကို ဖြတ်သန်းနေထိုင်သွားနိုင် မှာဖြစ်ပါတယ်။ လူတိုင်းကျောက် ကပ်ပျက်စီးခြင်းမဖြစ်အောင် နေ ထိုင်မှုကလည်း အရေးကြီး ပါ တယ်။ ကျောက်ကပ်ထိခိုက်ပျက် စီးမှုဖြစ်စေတဲ့ စားသောက်နေထိုင် မှုတွေ တန်ဆေး လွန်ဘေးဆိုတဲ့ အတိုင်း ဆေးဝါးတွေကို မိမိသဘောနဲ့ သောက်သုံးခြင်းတွေမလုပ်ပါနဲ့’’ဟု ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းထွဋ်ကပြောသည်။

ယခုအစားထိုးခွဲစိတ်ကုသ ခြင်းကို ကျွမ်းကျင်သူပညာရှင် ပါ မောက္ခများ၊ အထူးကုဆရာဝန် များ (ကျောက်ကပ်ခွဲစိတ်၊ကျောက်ကပ်ရောဂါ ဆေးကု၊ မေ့ဆေး၊ နှလုံးသွေးကြောရောဂါ၊ ဓာတ်မှန်၊ ဓာတ်ခွဲ) သူနာပြုများ၊ ဆရာဝန်များ၏ စုပေါင်းဆောင်ရွက်ခြင်းကြောင့် အောင်မြင်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
7 day

No comments:

Post a Comment