Monday 25 January 2016

လေသန့်ဘူးတွေ ဝယ်ရဦးမှာလား

သဘာဝတရားကြီးက တစ် ခုနဲ့တစ်ခု ကွင်းဆက်မိမိ ချိတ်ဆက်နေတဲ့ ယန္တရားကြီးတစ်ခုပဲ ဆိုတာ လူသားတို့ သတိပြုမိချိန်က အလွန်နောက်ကျနေတဲ့အချိန်ပါ။ လူသားတို့အတွက် မရှိမဖြစ် လိုအပ်လှတဲ့လေက သဘာဝအတိုင်းဆိုရင်တော့ သန့်ရှင်းစင်ကြယ်ပြီးသားပေါ့။ ဒါပေမဲ့ လူသားတွေရဲ့ ပယောဂကြောင့် အမှုမဲ့ အမှတ်မဲ့ ဆင်ခြင်ကင်းမဲ့မှုကြောင့် သန့်စင်လှတဲ့လေတွေက ကြေးညှော်တွေ အထပ်ထပ်နဲ့ ညစ်ပတ်ပေရေကုန်ပါပြီ။

ဆရာမဂျူးရဲ့ အစိမ်းရောင် အမွေအနှစ်စာအုပ်မှာ ဖတ်ရတာ က သစ်ပင်တွေက ကမ္ဘာမြေရဲ့ အုပ်ထိန်းသူ၊ လေထုကိုအုပ်ထိန်း စောင့်ရှောက်သူတဲ့။ ဒီကမ္ဘာမြေ ရဲ့ အောက်ဆီဂျင်တွေအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို ပင်လယ် အယ်လ်ဂေးရေညှိပင်တွေဆီက ရတာတဲ့။ လူသားတွေမပေါ်မီ နှစ်သန်းပေါင်းများစွာကတည်းက တည်ရှိခဲ့တဲ့ အစိမ်းရောင်သစ်ပင်တွေက ယနေ့လူသားတွေ အသက်ရှူနေတဲ့ လေထုကိုပေးခဲ့ တာဖြစ်ပါတယ်။ ယနေ့ လူသားတွေ အသက်ရှူနေတဲ့ အောက်ဆီဂျင်ဓာတ်ငွေ့ဟာ ဟိုးရှေးရှေးတုန်းကအပင်တွေ ဖိုတိုဆင်သီး ဆစ်ခ်ချက်ပြုတ်အသက်ရှူရာက ရတဲ့ဘေးထွက်ပစ္စည်းပါ။ ကမ္ဘာမြေရဲ့အပူချိန်ကိုတစ်နည်းတစ်ဖုံထိန်းသိမ်းပေးနေတာက လေထုထဲက ကာဗွန်ဒိုင်အောက် ဆိုက် ဓာတ်ငွေ့တွေဖြစ်တယ်။ ဒီဓာတ်ငွေ့က အပူချိန်ထိန်းတဲ့ စောင်ကြီးတစ်ထည်လိုပဲ။ ကမ္ဘာမြေပြင် ပေါ်ကနေ ပျံ့နှံ့ထွက်ပေါ်လာတဲ့ အပူကို လေဟာပြင်ထဲ လွတ် ထွက်မသွားအောင် သိမ်းယူထား တယ်လို့ ဆိုထားပါတယ်။

ဒီတော့ ကျွန်မတို့ ရှူရှိုက်ရ တဲ့လေဟာ အသက်ရှင်ဖို့အတွက် သာ ကျေးဇူးပြုရုံမက ကျွန်မတို့ အတွက် မရှိမဖြစ်လိုအပ်တဲ့၊ လုံ လောက်တဲ့ အပူချိန်ကိုရအောင် လည်း အကျိုးပြုခဲ့တာပဲပေါ့။ ကျွန်မတို့ လူသားတွေအတွက် လေထုရဲ့ ကျေးဇူး၊ မြေကြီးရဲ့ ကျေးဇူး၊ ရေသမုဒ္ဒရာတွေရဲ့ကျေး ဇူးတွေက အဖိုးမဖြတ်နိုင်လောက် အောင် ကြီးမားနက်ရှိုင်းလှပါ တယ်။ ဒီကျေးဇူးတွေကို သိတတ် ဖို့၊ တန်ဖိုးထားဖို့၊ ကျေးဇူးမကန်း ကြဖို့ကတော့ လူသားအားလုံးရဲ့ တာဝန်ပါပဲ။

ပြီးခဲ့တဲ့တစ်ပတ်က သတင်း စာမှာ ရေတွင်းဟောင်းဆယ်ယူရာမှ လူငါးဦးအောက်ဆီဂျင်ပြတ် လပ်ပြီး သေဆုံးသွားကြောင်း ဖတ် လိုက်ရပါတယ်။ ထမင်းအသက် ခုနစ်ရက်၊ ရေအသက်တစ်မနက်၊ လေအသက်ကတော့ ချက်ချင်းပါ လားလို့ သံဝေဂရမိပါတော့တယ်။ ကျွန်မတို့အတွက် အသက်တမျှ အရေးကြီးလှတဲ့လေက မသန့်စင် ကြတော့ဘူး။ ညစ်ပတ်နေပြီဆို တော့ ဒီလေထုတွေကို ရှူရိုက်နေ ကြရတာ အန္တရာယ်ပါပဲ။ ဘာနဲ့ တူသလဲဆိုတော့ ဆေးလိပ် မသောက်ဘဲနဲ့ ဆေးလိပ်သောက် နေရသလိုမျိုးပေါ့။ မီးဖိုဆောင် ကျပ်ခိုးစင်က မီးခိုးမှိုင်းတွေလိုပဲ ကျွန်မတို့ရဲ့ အဆုတ်နံရံတွေမှာ မီးခိုးမှိုင်းတွေ တက်နေမလားပဲ။

ဒီလထဲမှာပဲ သတင်းတစ်ခု ဖတ်လိုက်ရတာက လေထုညစ် ညမ်းမှုကြောင့် တရုတ်နိုင်ငံသား များ ကနေဒါမှ လေသန့်ဘူးဝယ် သုံးနေရပြီတဲ့။ ဘေကျင်းမြို့မှာ အန္တရာယ်ရှိတဲ့ မီးခိုးမြူများ ကြောင့် မြို့တော်နှင့် အနီးဝန်း ကျင်ဒေသမှာ လေထုညစ်ညမ်းမှု အနီရောင်အဆင့် သတ်မှတ်ခံရတယ်။ အခုဆိုရင် အနီရောင်အဆင့်ကို ဒုတိယအကြိမ် သတ်မှတ်ထားရပါတယ်။ လေသန့်ဘူးရောင်းသော ကနေဒါကုမ္ပဏီတစ်ခုက ပြီးခဲ့တဲ့လကနှစ်ပတ်အတွင်း ဘူး ၅၀၀ ကျော်ရောင်းကောင်းကြောင်း၊ အရွယ်အစားပေါ် မူတည်၍ ၁၄ ဒေါ်လာမှဒေါ်လာ ၂၀ ကြား ရောင်းချကြောင်း ဖတ်လိုက်ရပါတယ်။ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် လေသန့်ဘူးဝယ် သုံးနေကြပါသတဲ့။

ကမ္ဘာမှာ အမေရိကန်နဲ့ တရုတ်က ကာဗွန်ဒိုင်အောက် ဆိုက်အထုတ်လုပ်ဆုံးနိုင်ငံတွေ ဖြစ်ခဲ့ပြီး တရုတ်က ကျောက်မီး သွေးအထုတ်လုပ်ဆုံးနိုင်ငံပါ။ အခုတော့ လေထုထဲရှိ အဆိပ်ဖြစ် နေသော မီးခိုးမြူများကို လျှော့ချ ရန် နည်းလမ်းများစွာဖြင့် ကြိုးစား နေကြတယ်လို့ ဆိုပါတယ်။

ဟိုးရှေးရှေးက လွန်ခဲ့တဲ့နှစ် ၃၀၊ နှစ် ၄၀ လောက်က သူသူငါ ငါ ရေလဲသုံးတတ်တဲ့ စကားလေးတစ်ခွန်းရှိခဲ့တယ်။ ‘ညောင်ဦးကမ်းပါးပြိုတာနဲ့ စပ္ပါနဂိုလ်ပြည် က နွားမ ပေါင်ကျိုးတာ ဘာဆိုင်လို့တုံး’ဆိုပြီး ပြောတတ်ကြတာ ပါ။

အခုတော့ ဒီအရပ်စကားက Up to date မဖြစ်ကြတော့ပါဘူး။ ကမ္ဘာ့အရှေ့ဘက်ခြမ်းက အဖြစ်အပျက်က ကမ္ဘာ့အနောက်ဘက် ခြမ်းကိုလည်း အကျိုးသက်ရောက်လာ စေတော့တာပဲလေ။ ဟိုတစ်လောကပဲ စင်ကာပူနိုင်ငံသူ၊ နိုင်ငံသားတွေ တရုတ်ဘက်ကလာတဲ့ လေ ထုညစ်ညမ်းမှုတွေကြောင့် အ တော်ဒုက္ခရောက်ခဲ့ကြသေးတာ။ ဘရာဇီးနိုင်ငံမှာ သစ်တောတွေ ခုတ်လှဲတာကြောင့် မိုးခေါင်သွား တဲ့အပြင် ဘေးက နိုင်ငံဖြစ်တဲ့ ပီရူးနိုင်ငံအထိ သဘာဝအတိုင်း မဟုတ်တော့ဘဲ သဲကန္တာရပျံ့နှံ့ သွားခဲ့တာတဲ့။

ကျွန်မတို့နိုင်ငံမှာလည်း ကျောက်မီးသွေးစက်ရုံစီမံကိန်း ၁၁ ခု တည်ဆောက်ရန်စီစဉ်ထား ပြီး တရားဝင်ခွင့်ပြုထားခြင်းမရှိ သေးဘဲ စီမံကိန်းဖြစ်နိုင်ခြေ လေ့ လာဆဲအဆင့်သာရှိကြောင်း သိရ ပါတယ်။ ဧရာဝတီတိုင်း ငရုတ် ကောင်းဒေသစီမံကိန်း၊ မွန်ပြည် နယ် ရေးမြို့နယ် အံဒင်ကျေးရွာ အနီး Toyo Thai ကုမ္ပဏီက တည် ဆောက်မယ့်မဂ္ဂါဝပ် ၁,၂၈၀ ထွက်ရှိမယ့် ကျောက်မီးသွေးသုံးလျှပ် စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝ ဒေသမှာလည်း အိန္ဒိယနှင့် ဆွေး နွေးနေပြီး ငရုတ်ကောင်းဒေသနဲ့ ရေးမြို့မှာတော့ ဒေသခံတွေက ကန့်ကွက်ကြတယ်လို့ဆိုပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာက တော့ ဘေးထွက်ဆိုးကျိုးတွေပါ။ မဂ္ဂါဝပ် ၅၀၀ ထွက်ရှိသည့်ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ သဘာဝပတ်ဝန်းကျင်ပျက်စီးစေသည့် ဓာတ်များ က တစ်နှစ်လျှင် ကာဗွန်ဒိုင် အောက်ဆိုက် တန် ၁၀,၀၀၀၊ နိုက်ထရိုဂျင်ဓာတ်ငွေ့ တန် ၁၂,၂၀၀၊ကာဗွန်မိုနောက်ဆိုက် ၇၂၀ တန် လေလွင့်အမှုန်တန် ၅၀၊ ဟိုက်ဒရိုကာဗွန်ဓာတ်ငွေ့ တန် ၂၀၀၊ ပြဒါးအငွေ့ပေါင် ၁၇၀၊ အာဆင်းနစ် ၂၂၅ ပေါင်၊ ခဲ ၁၄၄ ပေါင်၊ ကတ်မီယံလေးပေါင်၊ မီးခိုးခေါင်းတိုင်ပြာတန် ၁၁၆,၈၀၀၊ မီးခိုးပြာတန် ၈၈,၄၀၀ နှင့် ယူရေနီယံ အနည်းငယ် ထွက်ရှိသတဲ့။

ကျောက်မီးသွေးစက်ရုံ ၁၁ ခုသာ အမှန်တကယ်တည်ဆောက်ဖြစ်ခဲ့ရင်တော့ မဂ္ဂါဝပ်တန်ချိန် မြောက်မြားစွာထွက်ရှိမယ့် ကျောက်မီးသွေးတွေနဲ့အတူ လေထုထဲမှာ ညစ်ညမ်းပျက်စီးနေမယ့် ဓာတ်ငွေ့တန်ချိန်တွေကလည်း တိုင်းတာလို့ရနိုင်ပါတော့ မလားဆိုတာ စဉ်းစားစရာပါ။

သစ်တောတွေကွယ်ပျောက် တဲ့အခါ ကာဗွန်သံသရာလည်မှု က အားနည်းသွားတယ်တဲ့။ ကျွန်မတို့ဆီမှာ သစ်တောတွေခုတ်လှဲ တော့ ဧရာဝတီမြစ်ကြီး သောင် ထွန်းနေပြီ။ ရေလမ်းကြောင်းတွေ ကျပ်ကုန်လို့ သင်္ဘောပေါ်ကုန်တင် လို့မရအောင် ခက်ခဲကုန်ကြပြီ။ အင်းလေးကန်ကြီး တဖြည်းဖြည်း နဲ့ ခန်းခြောက်လာသလို ဧရာဝတီ မြစ်ကြီးလည်း တဖြည်းဖြည်းနဲ့ ခန်းခြောက်လာတော့မလားဆိုတာ တွေးပူစရာအခြေအနေပါပဲ။ အ ပင်တွေနဲ့ လေထု၊ မြေထု၊ ရေ ထု၊ ကျောက်သား၊ ကျောက် တောင်တွေနဲ့ သဘာဝတရားကြီး က လှလှပပဖွဲ့နွဲ့ရေးသားထားခဲ့ တဲ့ ပန်ချီကားတစ်ချပ်ကို လူသား တွေက ကဖျက်ကဖျက်ဖျက်ဆီး နေကြသလိုပါ။

ဆရာမောင်သာချိုရဲ့ဆောင်း ပါးမှာတော့ စက်မှုနိုင်ငံကြီးတွေ မှာ Oxygen Bar တွေပေါ်ပါပြီ တဲ့။ ရုပ်ရှင်မင်းသမီး ဂျူလီယာ ရောဘတ်တို့၊ ဘရစ်တနီစပီးယား တို့လည်း Oxygen Bar ရဲ့ ဖောက်သည်တွေတဲ့။ ငွေပေးပြီး လေသန့် သန့်ကို ရှူနေကြသတဲ့။

ကျွန်မတို့ရဲ့ခေတ်မှာ ကျွန်မ တို့ရဲ့ အဘိုး၊ အဘွား၊ ဘိုးဘေး တွေလက်ထက်မှာ မရှိခဲ့တဲ့၊ မသောက်ခဲ့ရတဲ့ ရေသန့်ဘူးတွေ ကို ကျွန်မတို့ အခုဝယ်သောက်နေ ကြရပါပြီ။ နောက် ၁၀ နှစ်၊ ၁၅ နှစ်မှာတော့ ကျွန်မတို့လည်း လေ သန့်ဘူးအမျိုးအစား အမျိုးမျိုး တွေကို ကျွန်မတို့ရဲ့ မျိုးဆက်တွေ၊ မြေးမြစ်တွေနဲ့အတူ ဝယ်ပြီးရှူနေ ကြရမလား မသိနော်။ ။
7 day

No comments:

Post a Comment