Monday 28 December 2015

Space X ကုမ္ပဏီ၏ ဒုံးပျံ ကမ္ဘာမြေသို့ အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့

ဒီဇင်ဘာ ၂၁ ရက်က ကိတ်ကင်နာဗာရယ် စခန်းသို့ တည့်တည့်မတ်မတ် ပြန်လည် ဆင်းသက်လာနိုင်သည့် Falcon 9 ဒုံးပျံကို တွေ့ရစဉ်
ဒီဇင်ဘာ ၂၂ ရက်တွင် Space X ကုမ္ပဏီ၏ အားကောင်းလှသော Falcon 9 ဒုံးပျံသည် ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာမြေသို့ အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့ခြင်းသည် ဒုံးပျံများကို လေယာဉ်ပျံများကဲ့သို့ ပြန်လည် အသုံးပြုနိုင်သောကြောင့် ကုန်ကျစရိတ် သက်သာစေသည့်အတွက် အာကာသ ခရီးစဉ်တွင် အဓိက သမိုင်းမှတ်တိုင်တစ်ရပ် ဖြစ်လာသည်။
မည်းမှောင်သော ကောင်းကင်ကို နောက်ခံထားလျက် လိမ္မော်ရောင် တောက်ပသော လောင်ကျွမ်းမှုနှင့်အတူ Falcon 9 ဒုံးပျံသည် အာကာသသို့ ထွက်ခွာသွားပြီးနောက် ဖလော်ရီဒါပြည်နယ် ကိတ်ကင်နာဗာရယ် စခန်းသို့ တည့်တည့်မတ်မတ် ပြန်၍ကျလာသည်။ ယင်းသည် ဂြိုဟ်ပတ်လမ်းကြောင်း အတွင်းသို့ ဂြိုဟ်တုများကို သယ်ဆောင်သွားပြီးနောက် မိနစ်ပိုင်း အကြာတွင် ပြန်လည် ဆင်းသက်ခဲ့ခြင်း ဖြစ်သည်။
“Falcon ပြန်လည် ဆင်းသက်လာပါပြီ” ဟု ကြေညာခဲ့ပြီးနောက် ကယ်လီဖိုးနီးယားပြည်နယ် ဟော်သွန်းရှိ Space X ဌာနချုပ်တွင် စုဝေးနေကြသူများထံမှ အော်ဟစ် ကောင်းချီးပေးသံများ ထွက်ပေါ်လာသည်။
အင်တာနက် သူဌေးကြီး အယ်လွန်မက် ဦးဆောင်သည့် Space X ကုမ္ပဏီသည် ဒုံးပျံလုပ်ငန်းကို တော်လှန်ပြောင်းလဲပစ်ရန် အားထုတ်လျက် ရှိသည်။ ၎င်းတို့သည် ခေတ်မီဆန်းပြားသော နည်းပညာကိုသုံး၍ ဒုံးပျံ စမ်းသပ် လွှတ်တင်မှုများ ပြုလုပ်ခဲ့ရာ ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျခဲ့ပြီး ဖြစ်သည်။
“အခုထိကို မယုံနိုင်သေးပါဘူး။ ဒါဟာ တော်လှန်ပြောင်းလဲပစ်နိုင်လိုက်တဲ့ အခိုက်အတန့်လို့ ဆိုနိုင်ပါတယ်။ ဂြိုဟ်ပတ်လမ်းကြောင်းထဲ ထိရောက်အောင် ပို့ခဲ့တဲ့ဒုံးပျံကို ဘယ်သူမှ ပြန်မရခဲ့ဖူးပါဘူး” ဟု အယ်လွန်မက်က ရုပ်မြင်သံကြားမှတစ်ဆင့် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ယခင်က Falcon 9 ဒုံးပျံ စမ်းသပ် ပစ်လွှတ်မှုများတွင် သမုဒ္ဒရာအတွင်း ပေါလောမျောနေသော စင်ပေါ်သို့ ပြန်လည် ဆင်းသက်နိုင်ရန် ကြိုးပမ်းခဲ့ရာ အောင်မြင်ခဲ့ခြင်း မရှိပေ။ ယခုအကြိမ်တွင်မူ ဗီဒီယို ပြကွက်များအရ ပထမဆင့်ဟု ခေါ်ဆိုသော ဒုံးပျံ၏ အဖြူ ရောင် အပိုင်းသည် အတိအကျ ပြန်လည် ဆင်းသက်နိုင်ခဲ့သည်ကို တွေ့ရှိရသည်။
ဒုံးပျံသည် ကမ္ဘာမြေအထက် ၁၂၅ မိုင် (၂၀၀ ကီလိုမီတာ) သို့ ရောက်ရှိခဲ့ပြီးနောက် ကမ္ဘာမြေသို့ ပြန်လည် ဦးတည်လာကာ အမေရိကန် လေတပ်က ဒုံးပျံနှင့် ဒုံးကျည်များ စမ်းသပ်ရာတွင် အသုံးပြုခဲ့ဖူးသည့် ကိတ်ကင်နာဗာရယ် စခန်းသို့ အတိအကျ ပြန်လည် ဆင်းသက်နိုင်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် အာကာသ အေဂျင်စီဖြစ်သော နာဆာက Space X ကုမ္ပဏီ၏ အောင်မြင်မှုကို ချီးကျူးခဲ့သည်။
Ref : AFP
Eleven Media Group

No comments:

Post a Comment