Monday 28 December 2015

ကယားပြည်နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားများကို ဆေးပြား ထုတ် လုပ်သော စက်ငယ်များဖြင့် အိမ်တွင်းမှု လုပ်ငန်းကဲ့သို့ လုပ်ဆောင်မှုများ ရှိနေဟု ဆို

ကယားပြည်နယ် အတွင်း၌ ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများ အလေးချိန် ပုံမှန်ထက် လျော့နည်းနေပြီး ဆေးပြားထုတ်လုပ်သော စက်ငယ်များဖြင့် အိမ်တွင်းမှု လုပ်ငန်းကဲ့သို့ လုပ်ဆောင်နေသောကြောင့် ဖြစ်နိုင်ကြောင်း ကရင်နီပြည် လူငယ်များသမဂ္ဂနှင့် မူးယစ်အရာရှိများက ပြောကြားသည်။
ဆေးပြားတစ်ပြား၏ ပုံမှန်အလေးချိန်မှာ ၀ ဒသမ ၁ ဂရမ် ရှိသော်လည်း ၂၀၁၅ ခုနှစ်အတွင်း WY စိတ်ကြွရူးသွပ်ဆေးပြား လက်ဝယ်တွေ့ရှိ သုံးစွဲသူများထံမှ ဖမ်းဆီးမိရာတွင် ဆေးပြားများ၏ အလေးချိန်မှာ ပုံမှန်ထက် လျော့နည်းနေပြီး အလေးချိန် ၀ ဒသမ ၀၉၇ ဂရမ်သာ ရှိသည်ကို တွေ့ရကြောင်း လွိုင်ကော် မူးယစ်တပ်ဖွဲ့စု ၂၀ မှ သိရသည်။

“ကယားပြည်ဘက်ကိုလာတဲ့ ဆေးပြားတွေက အများအားဖြင့် ရှမ်းပြည်နယ်ဘက်က ၀င်တယ်။ ရှမ်းပြည်နယ် တောင်ပိုင်းဘက်မှာဆိုရင် ဆေးပြားလုပ်ဖို့ စပ်ထားတဲ့ အမှုန်တွေကို မုန့်ပုံးတွေနဲ့ ရောင်းဝယ်နေတာ တွေ့ရတယ်။ အဲဒီ အမှုန့်တွေကို အိမ်တွင်းသုံးဆေးပြားရိုက်စက်တွေနဲ့ ရိုက်တဲ့အခါ ဂရမ်လျော့ရိုက်ခြင်းအားဖြင့် သူတို့အတွက် ဆေးပြားအရေအတွက် များလာရင် အလုံးရေ ပိုထွက်လာမယ်။ ဒါကြောင့် ဂရမ်လျော့ရိုက်တာလို့ မြင်တယ်” ဟု ကရင်နီပြည် လူငယ်များသမဂ္ဂမှ ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင်က ပြောကြားသည်။

ထို့အပြင် ဆေးပြားများ၏ အလေးချိန် လျော့နည်းနေရခြင်း၏ အကြောင်းရင်း တစ်ရပ်မှာ ဆေးကျွမ်းကျင်စွာ စပ်တတ်သူထံမှ တစ်ဆင့်ပြန်လည်၍ စမ်းသပ်ဖော်စပ်သူများ ရှိနေသောကြောင့် ဖြစ်နိုင်ကြောင်း၊ အချိုးအစား မညီသောကြောင့် အလေးချိန် လျော့နည်းသည်မှာ ဖြစ်နိုင်ကြောင်း လွိုင်ကော်မူးယစ်ရုံးမှ အရာရှိတစ်ဦးက ပြောကြားသည်။

လွိုင်ကော်မြို့နယ်တွင် ဒီဇင်ဘာ ပထမပတ်အတွင်းက ဖမ်းဆီးရမိသော WY စိတ်ကြွရူးသွပ်ဆေးပြားများတွင် အလေးချိန် လျော့နည်းနေသည်ကို တွေ့ရပြီး ဥပမာ အနေဖြင့် မိုးဇက်(ခ)ဒီးဒီဆိုသူထံမှ လွိုင်ကော်-မိုးဗြဲ ကားလမ်းပေါ်၌ ဖမ်းမိသော ဆေးပြား ၃၉၆ ပြားတွင် အလေးချိန် ၃၅ ဒသမ ၆၄ ဂရမ်သာ အလေးချိန် ရှိသည်ကို တွေ့ရကြောင်း၊ ထိုဆေးပြားများအား ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့မှ ၀ယ်ယူခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်။

“ဒီလိုသာ စက်ကလေးတွေနဲ့ ရိုက်ထုတ်တာမျိုးကို ကယားပြည်နယ်က လူတွေပါ လိုက်လုပ်မယ်ဆို စိုးရိမ်စရာပါ။ အခု ကယားမှာ စိတ်ကြွဆေးဟာ လူငယ်တွေကြား ပျံ့နှံ့နေပြီး မြို့ပေါ်တင်မက တောနယ်တွေမှာပါ သုံးစွဲနေတယ်လို့ သိရပါတယ်။ အစိုးရသစ် လက်ထက်မှာ ဒါဟာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ပါတယ်” ဟု ကိုကျော်ထင်အောင်က ဆိုသည်။

Eleven Media Group

No comments:

Post a Comment