Monday 28 December 2015

ဆန္ဒပြမှုများကြောင့် ရန်ကုန်ရှိ ထိုင်းသံရုံးက Consular Section ကို သုံးရက်ပိတ်

ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြခဲ့သော သတင်းအား မြင်တွေ့ရစဉ်
ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှု ဖြစ်စဉ်တွင် သေဒဏ် ချမှတ်ခြင်း ခံရသော မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးကို ထိုင်းတရားရုံးက သေဒဏ် ချမှတ်ခဲ့သည့်အပေါ် ဆန္ဒပြမှုများ သံရုံးပြင်ပတွင် ဆက်လက် ဖြစ်ပွားနေသဖြင့် ရန်ကုန်ရှိ ထိုင်းသံရုံးက ၎င်းတို့၏ Consular Section ကို ဒီဇင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ပိတ်ရန် ဆုံးဖြတ်လိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြခဲ့သည်။
လွန်ခဲ့သည့်နှစ်က ခိုထောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှု၌ အပြစ်ရှိသည်ဟုဆိုကာ ထိုင်းတရားရုံးက သေဒဏ် ချမှတ်ခဲ့ခြင်းအပေါ် ဆန္ဒပြမှုများ ထိုင်းသံရုံး ပြင်ပတွင် ဖြစ်ပွားလျက် ရှိနေခြင်းနှင့် မမျှော်မှန်းနိုင်သော အကြောင်းများကြောင့် Consular Section ကိုပိတ်လိုက်ရကြောင်း ဖော်ပြခဲ့သည်။
ဆန္ဒပြမှုများသည် သံရုံးလုပ်ငန်းများကို အခက်အခဲများ ဖြစ်ပေါ်စေခဲ့သည်ဟုလည်း Consular Section ကပြောကြားခဲ့သည်။ ထိုကာလအတွင်း ထိုင်းနိုင်ငံသို့သွားရန် ဗီဇာလိုအပ်သည့် ဗီဇာ လျှောက်ထားသူများနှင့် အခြား ခရီးသွားရန် ရှိသူများအတွက် အဆင်မပြေမှုများ ဖြစ်ခဲ့ပါလျှင် သံရုံးအနေဖြင့် တောင်းပန်ပါကြောင်း အဆိုပါဌာနမှ ပြောကြားခဲ့သည်။ သို့တိုင် သံရုံးအနေဖြင့် လူသားချင်း စာနာမှုကို အခြေခံသည့် အထူးသဖြင့် အရေးပေါ် ဆေးကုသမှု ပြုလုပ်ရန် စသည့် အရေးပေါ် ကိစ္စရပ်များအတွက် ဗီဇာလုပ်ငန်းများကိုမူ ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆိုသည်။
အကယ်၍ အထူးကိစ္စ ဖြစ်ပေါ်လာပါက တယ်လီဖုန်းနံပါတ် ၀၉-၅၀၉၀၉၂၆ သို့ ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြခဲ့သည်။ လုပ်ငန်း ယာယီ ရပ်ဆိုင်းစဉ် ကာလအတွင်း ခရီးသွားလာရေး စာရွက်စာတမ်းများ ထုတ်ယူရန် လိုအပ်မှုများကိုလည်း အထူးကိစ္စ အနေဖြင့် စီစဉ်ပေးရန် ရှိကြောင်းလည်း ဖော်ပြခဲ့သည်။
Ref : bangkokpost.com
Eleven Media Group

No comments:

Post a Comment