Monday 21 December 2015

အိပ်ချိန်နည်းသူများ အစားအသောက် ပိုစားမိ၍ အဝလွန်လာနိုင်

တစ်ညတွင် အိပ်စက်ချိန်ခုနစ်နာရီထက် နည်းသူများသည် အစားပိုစားပြီး အချိုရည်များသောက်သုံးမှုပိုများလာနိုင်သဖြင့် အဝလွန်ဖြစ်လာနိုင်ကြောင်း Health Promotion အမေရိကန်ဂျာနယ်၌ ဖော်ပြ ထားသည့် လေ့လာမှုတစ်ခုအရ သိရသည်။
အိပ်စက်ချိန်တိုတောင်းခြင်းနှင့် အဝလွန်ခြင်းကြား ဆက်စပ်မှုရှိကြောင်း ယခင်ကပင် သိရှိထားပြီးဖြစ်သော်လည်း ယခုလေ့လာမှုက အိပ်စက်ချိန်နည်းခြင်းနှင့် နောက်ဆက်တွဲ စားသောက်သည့်အချိန် ပိုများလာခြင်း၊ အဝလွန်ခြင်းတို့ကြား ဆက်စပ်မှုကို လေ့လာထားခြင်းဖြစ်သည်။

အိပ်စက်ချိန်နည်းပါးသူများသည် ရုပ်မြင်သံကြားကြည့်ရင်း အချိုရည်များသောက်သုံးခြင်း (သို့မဟုတ်) အစားအသောက်များစားသောက်ခြင်းတို့ ပြုလုပ်လာလေ့ရှိကြောင်း သိရသည်။ သုတေသီများက လူတစ်ယောက် သာမန်အိပ်စက်ချိန်ကို ခုနစ် နာရီမှ ရှစ်နာရီအထိဟု သတ်မှတ်ကာ လေ့လာထားခြင်းဖြစ်ပြီး အိပ် စက်ချိန် လျော့နည်းသူများသည် နောက်ဆက်တွဲစားသောက်မှုအ တွက် တစ်ရက်တွင် ၈ ဒသမ ၇ မိနစ် အချိန်ပိုပေးလေ့ရှိကြောင်း သိရသည်။

အိပ်စက်ချိန်နည်းခြင်းနှင့် အဝလွန်ခြင်းကြား အခြားဆက်စပ် မှုများသည် အသက်ရှူခြင်းပြဿနာများရှိခြင်းနှင့် ဟော်မုန်းမူမမှန် ခြင်းများဖြစ်သည်။ လူတစ်ယောက်၏ခန္ဓာကိုယ်တွင်း ခါးအထက်ပိုင်း ကိုယ်အ လေးချိန်ပိုလာခြင်း၊ လည်ပင်းတစ်ဝိုက် ကိုယ်အလေးချိန်ပိုလာခြင်း တို့ကြောင့် အသက်ရှူလမ်းကြောင်းကို ထိခိုက်နိုင်သည်။ ယင်းအခြေအနေကြောင့် နေ့ခင်းဘက် အိပ်စက်လေ့ရှိလာပြီး လေ့ကျင့်ခန်း မလုပ်ဖြစ်ကြတော့ပေ။

ရက်များစွာကြာ အိပ်ရေးပျက်လာပါက ဇီဝဖြစ်ပျက်မှုကို ထိ ခိုက်နိုင်ပြီး ဟော်မုန်းပမာဏကို ထိခိုက်နိုင်ကြောင်း အခြားသော လေ့လာမှုများက ဖော်ပြသည်။ အိပ်စက်ချိန် ၆ ဒသမ ၅ နာရီ (သို့မ ဟုတ်) ယင်းထက်ပိုနည်းသော ကျန်းမာသန်စွမ်းသည့်အရွယ်ရောက် ပြီးသူများ ဟော်မုန်းပြောင်းလဲမှုဖြစ်ပေါ်ပြီး အနာဂတ်တွင် ၎င်းတို့၏ ခန္ဓာကိုယ်အလေးချိန်ကို ထိခိုက်စေနိုင်ကာ ရေရှည်ကျန်းမာရေးထိ ခိုက်စေနိုင်သည်။

ယင်းအခြေအနေကြုံနေသူများအနေဖြင့် ၎င်းတို့၏သွေးထဲ သကြားပါဝင်မှုပမာဏ ပုံမှန်ဖြစ်စေရန် သာမန်အိပ်စက်ချိန်ရှိသူများ ထက် အင်ဆူလင်ပမာဏ ၃၀ ရာခိုင်နှုန်း ပိုလိုအပ်မည် ဖြစ်သည်။ ၎င်းတို့သည် ကိုယ်အလေးချိန် ပိုများနေခြင်း မရှိသေးသော်လည်း အဝလွန်ခြင်း ဖြစ်လာနိုင်သည်။

ခန္ဓာကိုယ်အလေးချိန် သာမန်ထက် ပိုများပြီး အဝလွန်ဖြစ်လာ ပါက ကျန်းမာရေးဆိုးကျိုးများစွာ ကြုံတွေ့ရနိုင်သည်။

—Ref: MNT
7Day Daily

No comments:

Post a Comment