Monday 21 September 2015

ဒေသခံရွာသားနှစ်ဦးအား မူးယစ်ဆေးဝါးအကြောင်းပြပြီး KIA အဖွဲ့မှ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်

ကချင်ပြည်နယ် ၊ ၀ိုင်းမော်မြို့၌ နေထိုင်သူနှစ်ဦးအား KIA တပ်ဖွဲ့ဝင်များမှ မူးယစ်ဆေးဝါးအကြောင်းပြကာ အတင်းအကြပ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
KIA အဖွဲ့တစ်ဖွဲ့သည် စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီချိန်တွင် ချီဖွေမြို့၊ မေခမြစ်တစ်ဖက်ကမ်း ကူးတို့ဆိပ်သို့ ရောက်ရှိလာပြီး မူးယစ်ဆေးဝါးရောင်း/၀ယ်သည်ဟု အကြောင်းပြပြီး ဒေါ်လှဆန်း ၄၀ နှစ် ၊ မောင်အားဆာ ၂၅ နှစ် ၀ိုင်းမော်မြို့နေသူတို့ ၂ ဦးအား အတင်းအကြပ်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူ ရွာသားတစ်ဦးထံမှ သိရသည်။

KIA အဖွဲ့သည် ၎င်းတို့ လူအင်အားရရှိရေးအတွက် ကျေးရွာများအတွင်းရှိ ဈေးဆိုင်များမှာ အလုပ်လုပ်ကိုင်နေသူများနှင့် ကျဘမ်းလုပ်ကိုင်နေသူများ၊ တောင်ယာလုပ်ကိုင်နေသူများ၊ ရွှေတူးဖော်နေသူများနှင့် ဒေသခံကျေးရွာသားများသာမက အရွယ်မရောက်သေးသော ကျောင်းသားလူငယ်များအပြင် အမျိုးသမီးများကိုပါ လူသစ်အဖြစ် လိုက်လံဖမ်းဆီးနေခြင်း တို့ကြောင့် အချို့မိဘများမှာ အမျိုးသမီးငယ်များနှင့် ကလေးများအား မြို့ပေါ်ကျောင်းများသို့ ပြောင်းရွှေ့ပညာသင်ကြားရန် ပို့ဆောင်နေကြကြောင်း သိရှိရပါသည်။
ကချင်ပြည်နယ်မှာ KIA တပ်ဖွဲ့၏ မူးယစ်ဆေးဝါးအကြောင်းပြကာ အတင်းအကြပ် ဖမ်းဆီးခြင်းများသည် ကျေးရွာများတွင် သာမကဘဲ မြို့ပေါ်အဆင့်ထိ ဖမ်းဆီးခြင်းများကို အတင့်ရဲစွာ လုပ်ကိုင်လာခြင်းများကြောင့် ဒေသခံတိုင်းရင်းသားတို့၏ ငြိမ်းချမ်းစွာနေထိုင် လုပ်ကိုင်စားသောက်နိုင်ရေး ရည်မှန်းချက်မှာလည်း တဖြည်းဖြည်းဝေးကွာလာနေကြောင်း ၀ိုင်းမော်မြို့ နေ ရှေ့နေတစ်ဦးမှ ပြောပြပါသည်။

စိုင်းနောင်(ဖားကန့်)
Kachin Daily

No comments:

Post a Comment