Monday 21 September 2015

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နယ်မြေ မသတ်မှတ်နိုင်၍ တိုက်ပွဲဆက်ဖြစ်ဟု ဦးအောင်မင်းပြော

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား တိုက်ပွဲများ ဖြစ်ပွားနေရခြင်းမှာ နှစ်ဖက် နယ်မြေမသတ်မှတ်ရသေးသောကြောင့် တိုက်ပွဲများ ဆက်ဖြစ်နေခြင်းဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။
စက်တင်ဘာ ၂၀ ရက်နေ့က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနတွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး အခမ်းအနားအပြီးတွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက မီဒီယာများကို ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အခုဖြစ်တဲ့ တိုက်ပွဲလေးတွေ ဆိုတာကလည်း တကယ်တော့ဗျာ ကျွန်တော်တို့ နယ်မြေမသတ်မှတ်ရသေးတော့ ကျွန်တော်တို့ လူကြီးတွေ စကားပြောတဲ့ အခါကျတော့ အောက်မှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက သူတို့စိတ်ထဲမှာ ငြိမ်းချမ်းရေး ရနေပြီ၊ ငါတို့သွားချင်တဲ့ နေရာ သွားလို့ရနေပြီ ဆိုတော့ အရင်ထက် လွတ်လွတ်လပ်လပ် ပျော်ကြပါးကြ သွားကြလာကြတယ်။ နယ်မြေမသတ်မှတ်ရသေးတော့ အောက်က နားလည်မှုမရှိဘဲ ဖြစ်တဲ့ တိုက်ပွဲသေးသေးလေးတွေပဲ ရှိပါတယ်။ တိုက်ပွဲကြီးကြီး လုံးဝမရှိတော့ပါဘူး” ဟု ဦးအောင်မင်းက ဆိုသည်။
သို့သော်လည်း တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အပြီးသတ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးပွဲများ ပြုလုပ်သည့် အချိန်များတွင် တပ်မတော်ဘက်မှ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ရှိရာ ဒေသများတွင် စစ်အင်အား တိုးချဲ့ခြင်းများနှင့် ထိုးစစ်ဆင်ခြင်းများ ရှိနေ၍ တိုက်ပွဲများ ဖြစ်ပွားနေရခြင်း ဖြစ်သည်ဟု တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားသည့် လက်နက်ကိုင် အဖွဲ့အစည်းများက ဆိုသည်။
“ဆွေးနွေးပွဲတွေ လုပ်တော့မယ်ဆိုရင် စစ်တပ်ဘက်က တပ်အင်အားတွေ တိုးချထားတာ တွေ့ရတယ်။ အခုလို ဆွေးနွေးပွဲလုပ်တဲ့ အချိန်ဆို တိုက်ပွဲတွေ ပြင်းထန်တာက သမားရိုးကျလို ဖြစ်နေပြီ” ဟု KIO ပြန်ကြားရေးတာဝန်ခံ ဦးဒေါင်ခါးက ပြောကြားသည်။
ထို့အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလကလည်း “လောလောဆယ် တိုက်ပွဲတွေကြောင့် ဒေသတွင်းမှာ မတည်ငြိမ်ဘူး။ ဒေသတွင်းက ပြည်သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်။ ဒီကိစ္စတွေကို ပြေလည်အောင် ညှိချင်တယ်ဆိုပြီး ဦးအောင်မင်းဆီကို ပို့တဲ့စာထဲမှာလည်း ထည့်ရေးထားတယ်” ဟု ဆိုသည်။
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အောက်တိုဘာ ပထမအပတ်တွင် လက်မှတ်ရေးထိုးရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များအကြား သဘောတူညီမှု ရရှိထားသော်လည်း လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည့် KIO/KIA၊ တအာင်းပလောင် (TNLA) နှင့် RCSS/SSA အဖွဲ့တို့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း တိုက်ပွဲဖြစ်ပွားနေသည့် လက်နက်ကိုင်အဖွဲ့များထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment