Saturday 29 August 2015

ဗိုက်ချပ်ရန် ဆရာခိုလိမ်းဆေးသောက်နေခြင်း အန္တရာယ်ရှိ


တိုင်းရင်းဆေးဝါးတစ်မျိုး ဖြစ်သည့် ဆရာခိုအနာလိမ်းဆေး ကို ဗိုက်ချပ်ရန်နှင့် အစာအိမ်ရော ဂါအမျိုးမျိုးအတွက် သောက်ဆေး အဖြစ် အသုံးပြုနေသည်မှာ အ ဆိပ်ဖြစ်စေနိုင်ပြီး သောက်ဆေး အဖြစ်အသုံးမပြုသင့်ကြောင်း တိုင်းရင်းဆေးသမားတော်များနှင့် အထွေထွေရောဂါကု ဆရာဝန်အ ချို့က သတိပေးပြောကြားသည်။အနာလိမ်းဆေးအဖြစ်ထုတ် လုပ်ထားသော ဆရာခိုဆေးတွင် နှမ်းဆီ၊ လေးညှင်း၊ ဒုတ္ထာ၊ပရုတ်၊ မုန်ညင်းဆီ၊ ဇာတိပ္ဖိုလ်၊ ထော ပတ်၊  ပျားဖယောင်းစသည့် ပစ္စည်း ရှစ်မျိုးပါဝင်ပြီး ယင်းအနက် ပရုတ်နှင့် ပျားဖယောင်းတို့မှာ လိမ်းဆေးတွင် ဘေးထွက်ဆိုးကျိုး မရှိသော်လည်း သောက်ဆေးအ ဖြစ် အသုံးပြုလေ့မရှိကြောင်း ရန်ကုန်တိုင်းရင်းဆေးရုံကြီးမှ သမားတော်တစ်ဦးကပြောသည်။

‘‘တိုင်းရင်းသောက်ဆေးမှာ ပရုတ်ကို နည်းနည်းသုံးလေ့ရှိပေ မယ့် ဖယောင်းကိုတော့ သုံးလေ့ မရှိဘူး။ အဲဒီနှစ်ခုကလိမ်းဆေးမှာ အဓိကသုံးတာ’’ဟု အထက်ပါ သမားတော်က ရှင်းပြသည်။လူမှုကွန်ရက်များတွင် ဆရာခိုသောက်ပါက ၀မ်းဗိုက်သိ သိသာသာချပ်သည်ဟုဆိုကာ အ ချင်းချင်းဝေမျှနေကြရာမှ ယုံ ကြည်ပြီး လိုက်ပါသောက်သုံးသူ များလည်းရှိလာသည်။ အဆီကျ ကာလှပလိုသည့် အမျိုးသမီးများ အချင်းချင်းသောက်သုံးရန် တိုက် တွန်းကြပြီး အချို့ကလည်း အန္တ ရာယ်ရှိနိုင်သဖြင့် သတိထားရန် သတိပေးကြသည်။

တိုင်းရင်းဆေးပညာတွင် လိမ်းဆေးနှင့် သောက်ဆေးကို ရောနှောလေ့မရှိဘဲ လိမ်းဆေး ဆိုလျှင် လိမ်းဆေး၊ သောက်ဆေး ဆိုလျှင် သောက်ဆေးခွဲခြားသတ် မှတ်လေ့ရှိကြောင်းနှင့် ဆရာခို ဆေးတွင် ပါဝင်သည့် ပစ္စည်းရှစ် မျိုးအနက် ငါးမျိုးမှာ သောက်သုံး နိုင်သော်လည်း ဒုတ္ထာနှင့် ပရုတ် မှာ အနည်းငယ်ပြင်းပြီး ပျားဖ ယောင်းပါဝင်မှုများပြားပါက အန္တ ရာယ်ရှိနိုင်ကြောင်း ကိုယ်ပိုင်တိုင်း ရင်းဆေးကုခန်း ဖွင့်လှစ်ထားသူ ဆရာမဒေါ်ဇင်နီလာက သုံးသပ် သည်။

အနောက်တိုင်းဆေးပညာ အရ ပျားဖယောင်းသည် ရေနံထွက် ဓာတုပစ္စည်းဖြစ်သဖြင့် သောက် သုံးသူကို အဆိပ်ဖြစ်စေနိုင်ပြီး ဆရာဝန်များက သောက်ဆေးအ ဖြစ် ညွှန်းလေ့မရှိကြောင်း အထွေ ထွေရောဂါကုဆရာဝန် ဒေါက် တာမြင့်ဦးက သုံးသပ်သည်။

ထို့အပြင် ဒေါက်တာ နိုက်တင်ဂေးကလည်း  ‘‘လိမ်းဆေးနဲ့ သောက်ဆေးနဲ့က အရေပြားကို စုပ်ယူတာ။ အစာအိမ်၊ အူလမ်းကြောင်းအတွင်းပိုင်းကို စုပ်ယူတာချင်းမတူသလို ဆေးရဲ့ ပြင်းအား၊ ပျော့အားချင်းလည်းမတူပါဘူး။ အနောက်တိုင်းဆေးဖြစ်ဖြစ်၊တိုင်းရင်းဆေးဖြစ်ဖြစ် လိမ်းဆေးကို သောက်ဆေးအဖြစ် သုံးစွဲတာမျိုး မလုပ်သင့်ပါဘူး။ အန္တရာယ်ရှိပါ တယ်။ အရမ်းကာရောသုံးတာမျိုး မဖြစ်သင့်ပါဘူး’’ဟု အကြံပြုသည်။

ဆရာခိုအနာလိမ်းဆေး သည် ၀မ်းတွင်းဖြစ်ပွားသော ကင် ဆာရောဂါများကို သက်သာ ပျောက်ကင်းစေသည်ဟု အသုံး ပြုသူအများစုက ဖုန်းဆက်ပြော ကြားမှုများရှိပြီး ဘေးဥပဒ်အန္တ ရာယ်ဖြစ်စေသည်ဟု အကြောင်း ကြားမှု မရှိသေးကြောင်းနှင့် သောက်ဆေးအဖြစ် ထုတ်လုပ် ထားခြင်းမဟုတ်ဘဲ လိမ်းဆေးအ ဖြစ်သာ ထုတ်လုပ်ထားကြောင်း ဆရာခို၏ သမီးလတ် ဒေါ်သန်း သန်းလေးကလည်း ပြောကြား သည်။

‘‘အဖေ့လက်ထက်တုန်းက ၀မ်းမှန်အောင်၊ နေထိုင်ကောင်း အောင် သောက်ဆေးအဖြစ်သုံး တာမျိုးရှိခဲ့တယ်။ ဒါပေမဲ့ လိမ်း ဆေးအဖြစ် အဓိကထုတ်တာ။ အခုနောက်ပိုင်း သုံးတဲ့သူတွေက စွဲသောက်ရင် အတွင်းရောဂါတွေ ပျောက်ကင်းတယ်ဆိုပြီး ဖုန်း ဆက်ကျေးဇူးတင်ကြောင်း ပြော ကြတယ်’’ဟု ဒေါ်သန်းသန်းလေး က ဆိုသည်။

ဈေးကွက်တွင် ဆေးရောင်း အားမှာ ရေဘေးကြောင့် ရောင်း မလောက်ကြောင်းလည်း ၎င်းက ပြောသည်။

ဆရာခိုဆေးညွှန်းတွင် ခန္ဓာ ကိုယ်၌ ဖြစ်ပွားသည့် အနာအမျိုး မျိုး၊ ထိခိုက်ဒဏ်ရာအမျိုးမျိုး၊ နှာစေးချောင်းဆိုး၊ ချွဲကျပ်၊ ရင်ကယ် လေထိုးလေအောင့်၊ ၀မ်းဗိုက်ဝမ်းနာ စသည်တို့အတွက် လိမ်းဆေး အဖြစ် အဓိက ထုတ်လုပ်ထားကြောင်း ဖော်ပြထားသည်။ သို့သော် ၀မ်းတွင်းကင်ဆာ၊ အဆုတ်နာ၊ အူနာ၊ အသည်း ကျောက်ကပ်နာဖြစ်ခဲ့ပါကနံနက်၊ ညဆေးကို ဆီးကင်းခန့် ရေနွေးနှင့် သောက်လျှင် သက်သာပျောက်ကင်းရမည်ဟုလည်း ဖော်ပြထားသည်။

ဆရာခို အနာလိမ်းဆေးကို ၀မ်းချုပ်သောကြောင့် စမ်းသပ် သောက်ကြည့်ရာမှ ဗိုက်ချပ်လာ ပြီး ၀မ်းချုပ်ခြင်းမှာလည်း သုံးရက် အတွင်း သက်သာလာကြောင်း ကိုယ်တိုင်အသုံးပြုဖူးသူ မန္တလေး မြို့မှ မလီလီနိုင်ကျော်က 7 Day သတင်းစာသို့ပြောသည်။

‘‘အစ်မက ဗိုက်ချပ်ချင်လို့ သောက်တာမဟုတ်ဘူး။ ၀မ်းချုပ် လို့သောက်တာ။ ၀မ်းချုပ်တော့ ၀မ်းဗိုက်က ပူပူကြီးဖြစ်နေတယ်။ ဆရာခိုသောက်ပြီး နောက်ပိုင်းမှာ ၀မ်းချုပ်တာ သက်သာသွားပြီး ဗိုက်က သိသိသာသာချပ်သွား တာ။ အခုစွဲသောက်နေတာ ၁၂ ရက်ရှိပြီ’’ဟု ၎င်းက သြဂုတ် ၂၈ ရက်က ဆိုသည်။

ပုဂ္ဂလိက ဆေးခန်းတစ်ခု တွင် လုပ်ကိုင်နေသူတစ်ဦးကမူ အဆိုပါလိမ်းဆေးကို သောက်ဆေးအဖြစ် များစွာ သောက်သုံး၍ ဆေးခန်းလာပြသူ အချို့ရှိကြောင်းပြောသည်။

ဆရာခိုအနာလိမ်းဆေးကို ကြာပုံစံပါရှိသည့် ဆရာခိုအမှတ် တံဆိပ်နှင့် ဦးအောင်လင်း+ ဒေါ်ခင်သန်းနွဲ့၏ ပဒုမ္မာရွှေကြာ ဆရာခိုအမှတ်တံဆိပ်ဟူ၍ နှစ်မျိုး ထုတ်လုပ်နေခြင်းဖြစ်သည်။
7 day

No comments:

Post a Comment