Friday 7 August 2015

ရုရှားနိုင်ငံသည် တရားမဝင် တင်သွင်းလာကြောင်း စွပ်စွဲချက်ဖြင့် သိမ်းယူထားသည့် အနောက်တိုင်း အစားအသောက် တန်ပေါင်းများစွာကို ဘူဒိုဇာများဖြင့် နင်းချေ ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။
တောင်များသဖွယ် မြင့်မောက်နေသည့် တန်ပေါင်းများစွာသော ချိစ်များ၊ သစ်သီးများ၊ ဝက်ဆားနယ်ခြောက်များ အပါအဝင် အနောက်နိုင်ငံများမှ တင်သွင်းလာသည့် အစားအသောက်များကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ ယင်းအစားအသောက်များသည် စည်းကြပ် ပိတ်ပင်မှုကို ဖောက်ဖျက်ကာ ရုရှားနိုင်ငံအတွင်း တင်သွင်းလာကြောင်း ရုရှား အစိုးရက စွပ်စွဲထားသည်။
ပြီးခဲ့သည့်နှစ်က ယူကရိန်းပိုင် ခရိုင်းမီးယား ဒေသကို ရုရှားက ၎င်းတို့ပိုင်နက် နယ်မြေအဖြစ် သိမ်းယူလိုက်ခြင်းကို အနောက်နိုင်ငံများက ဆန့်ကျင်ကာ အရေးယူ ပိတ်ဆို့မှုများ ပြဋ္ဌာန်း သတ်မှတ်ခဲ့သည့်နောက် ရုရှားကလည်း လက်စားချေသည့် အနေဖြင့် အနောက်နိုင်ငံဖြစ် ကုန်စည်အချို့ကို တင်သွင်းခွင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဥရောပ သမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုတို့မှ တင်သွင်းလာသည့် အစားအသောက်များကို ယခုကဲ့သို့ အလဟဿ ဖျက်ဆီးပစ်ခြင်းမှာမူ ရူးမိုက်သည့် လုပ်ရပ်မျိုးဟု အစိုးရအနေဖြင့် ဝေဖန်မှုများ ကြုံနေရသည်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး လှုပ်ရှားသူများက သမ္မတ ဗလာဒီမာ ပူတင်၏ အစိုးရသည် ယင်းတို့ကို ဖျက်ဆီးပစ်မည့်အစား ဆင်းရဲကျပ်တည်းသူများထံ ဝေငှပေးသင့်ကြောင်း ပြစ်တင်ပြောကြားခဲ့သည်။
ဘူဒိုဇာ တစ်စီးသည် ချိစ် ကိုးတန်မျှကို ကြိတ်ချေဖျက်ဆီးရန် အချိန် တစ်နာရီမျှ ကြာမြင့်သည်။ နောက်ထပ် သိမ်းဆည်းထားသည့် အနောက်တိုင်း အစားအသောက်များကို ဒုတိယအသုတ် ဖျက်ဆီးမှုအဖြစ် မီးတင်ရှို့သွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။ ဝက်ဆားနယ်ခြောက် သေတ္တာများကိုမူ ပြာကျသည်အထိ မီးရှို့ပစ်ခဲ့သည်။ မက်မွန်သီးနှင့် အာလူးများကိုလည်း လမ်းကြိတ်စက်များဖြင့် နင်းချေဖျက်ဆီးရန် စီစဉ်ထားသည်။
ရုရှားမှ ဘာသာရေး ခေါင်းဆောင်များက အဆိုပါ လုပ်ရပ်ကို ရှုတ်ချကြပြီး တစ်ဦးက အစိုးရသည် ရူးသွပ်ပြီး စဉ်းစားဆင်ခြင်နိုင်စွမ်း ပျောက်ဆုံးနေကြောင်း ဝေဖန်ခဲ့သည်။ ရုရှားသည် သမိုင်းတစ်လျှောက် ငတ်မွတ်ခေါင်းပါးမှု ကပ်ဘေးများ ကြုံခဲ့ဖူးသည့် နာမည်ဆိုး ရှိနေသည့် နိုင်ငံတစ်ခု ဖြစ်သည်။
ရုရှားနိုင်ငံသား ၂၈၅၀၀၀ ကျော်က အဆိုပါ အစားအသောက်များကို ဝေငှပေးကမ်းရန် သမ္မတ ပူတင်ထံ အွန်လိုင်းမှတစ်ဆင့် အသနားခံ တင်ပြ တောင်းဆိုခဲ့သော်လည်း အစိုးရက မျက်ကွယ် ပြုခဲ့သည်။ ယင်းအသနားခံစာတွင် နိုင်ငံခြားမှ အစားအသောက် တင်သွင်းမှုများကို ပိတ်ပင် တားမြစ်ထားမှုကြောင့် ကုန်ဈေးနှုန်း မြင့်တက်ခြင်းနှင့် ပစ္စည်း ပြတ်လပ်ခြင်းများ ကြုံနေရကြောင်းလည်း ဖော်ပြထားသည်။ လတ်တလောတွင် ရုရှား၏ စားသောက်ကုန် ဈေးနှုန်းသည် သာမာန် အနေအထားထက် ပျမ်းမျှ ၂၀ ရာခိုင်နှုန်းမျှ မြင့်တက်နေကြောင်း သိရှိရသည်။

Ref: NPR

No comments:

Post a Comment