Sunday 14 June 2015

အမေရိကန် စစ်တပ်နှင့် ထောက်လှမ်းရေး အချက်အလက်များကို ဟက်ကာများက ဖောက်ထွင်းခိုးယူသည်ဟုဆို

အမေရိကန်နိုင်ငံ၏ စစ်တပ်နှင့် ထောက်လှမ်းရေးမှ အမှုထမ်းများနှင့် ပတ်သက်သည့် လျှို့ဝှက် အချက်အလက်များကို တရုတ်နှင့် ဆက်စပ်နေသည်ဟု သံသယရှိသော ဟက်ကာများက ဖောက်ထွင်း ဝင်ရောက်ကာ ခိုးယူလိုက်ဖွယ်ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။
ထိုသို့ခိုးယူခံရခြင်းကြောင့် အမေရိကန် လုံခြုံရေးရာ အမှုထမ်းများနှင့်အတူ မိသားစုများပါ ခြိမ်းခြောက်ငွေညှစ်ခြင်းများ ခံလာရဖွယ်ရှိသည်ဟု စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။


ယင်းဟက်ကာ တိုက်ခိုက်သူများက စစ်တပ်နှင့် ထောက်လှမ်းရေး အမှုထမ်းများ၏ ကိုယ်ရေးအချက်အလက်များကို ပစ်မှတ်ထား ဖောက်ထွင်းခဲ့ဖွယ်ရှိကြောင်း အမည်မဖော်သည့် တာဝန်ရှိသူများက အေပီသတင်းကို ပြောသည်။

ထိုခိုးယူခံရဖွယ်ရှိသည့် မှတ်တမ်းများတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များစွာ ပါဝင်သည်။ အမှုထမ်းများ၏ မျက်လုံးအရောင်မှစကာ ဘဏ္ဍာရေးအခြေအနေ၊ ပြစ်ချက်မှတ်တမ်း တို့အပြင် ပုဂ္ဂိုလ်ရေးမိတ်ဆွေ၊ ဆွေမျိုးများနှင့် အဆက်အသွယ် အချက်အလက်များပါ ပါဝင်သည်။

အဆိုပါ စာမျက်နှာ ၁၂၇ မျက်နှာရှိသည့် Standard Form 86 ခေါ်သော အမှုထမ်းမှတ်တမ်း များကို ဟက်ကာတို့က ခိုးယူရရှိသွားဖွယ်ရှိနေခြင်း ဖြစ်သည်။

အားကိုးယုံကြည်ရသည့် ထောက်လှမ်းရေး အမှုထမ်းများ၏ အချက်အလက်များကို ခိုးယူခံရခြင်းဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ အမေရိကန် တန်ပြန်ထောက်လှမ်းရေး အရာရှိဟောင်း ဂျိုးဘရန်နားက အဆိုပါ အချက်အလက်များက ဟက်ကာများအတွက် ရွှေတွင်း တွေ့ရှိခြင်းပင် ဖြစ်သည်ဟု ပြောသည်။
mizzima
အမေရိကန် ပင်တဂွန်ရှိ စီမံအုပ်ချုပ်ရေးရုံး။ (ဓာတ်ပုံ - ရိုက်တာ)

No comments:

Post a Comment