Sunday 14 June 2015

ရုပ်ရှင်ဥပဒေကို လက်ရှိအစိုးရလက်ထက်တွင် လွှတ်တော်တင်ရန်ကြိုးစားမည်ဟု လူမင်းပြော

လွန်ခဲ့သည့် ၂နှစ်ကျော်ကတည်းကရေးဆွဲနေသော ရုပ်ရှင်ဥပဒေကို လက်ရှိအစိုးရသက်တမ်းမကုန်မီ လွှတ်တော်သို့တင်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းကပြောသည်။
 ‘‘ဒီအစိုးရသက်တမ်းမှာ လွှတ်တော်ကိုတင်နိုင်အောင် target ထားပြီး ကြိုးစားနေတယ်။ အခုရက်ကနီးလာတော့ တွန်းကြည့်ပါဦးမယ်။ ဒီသက်တမ်းအတွင်းကို ဝင်သွားစေချင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ နောက်အစိုးရအသစ်တက်လာရင် အစိုးရအသစ်တစ်ခုမှာ လုပ်စရာတွေ အင်မတန်များနေလိမ့်မယ်။ အဲဒီအချိန်မှာ ရုပ်ရှင်ဥပဒေလိုကိစ္စက အရေးကြီးတဲ့ကိစ္စလို့ သတ်မှတ်ချင်မှသတ်မှတ်လိမ့်မယ်။ ဒီထက် အရေးကြီးတဲ့ကိစ္စတွေ တိုင်းပြည်မှာ ပေါ်လာနိုင်သေးတာဆိုတော့ ဒီအစိုးရသက်တမ်းအတွင်းမှာ တင်နိုင်အောင်ကြိုးစားနေပါ တယ်’’ဟု လူမင်းကပြောသည်။ ရုပ်ရှင်ဥပဒေရေးဆွဲခြင်းမှာ အချောသပ်အဆင့်အထိ ပြီးစီးနေပြီဖြစ်ပြီး ယင်းဥပဒေရေးဆွဲရေးအဖွဲ့တွင် မပါဝင်သည့်ပြင်ပမှ ရှေ့နေများနှင့် နောက်ဆုံးတစ်ကြိမ်ဆွေးနွေး ပြီးပါက ရုပ်ရှင်လောကသားများကို ချပြနိုင်တော့မည်ဖြစ်ကြောင်း ၎င်းကပြော သည်။

‘‘လောကသားတွေကိုချပြပြီးရင်လည်း ဆွေးနွေးစရာအချက် တွေကအများကြီးထွက်လာဦးမှာ။ တချို့ကျတော့လည်း ရုပ်ရှင် ဥပဒေကြီးပေါ်လာစေချင်တယ်။ ကိုယ့်လောကကို ကိုယ့်ဥပဒေနဲ့ ကိုယ် အုပ်ချုပ်တဲ့စနစ်ဆို ကြိုက်တာပေါ့။ ဒါပေမဲ့ တကယ့်တကယ် ပူးပေါင်းပါဝင်တဲ့ပုဂ္ဂိုလ်အရမ်းနည်းတယ်။ အဲဒါကို အားမရဘူး’’ ဟု ရုပ်ရှင်လောကသားများ၏ ပူးပေါင်းပါဝင်မှုအပေါ် ၎င်း၏ အမြင်ကိုပြောသည်။

ရုပ်ရှင်ဥပဒေကို ဦးဇင်ဝိုင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကတည်းက ရေးဆွဲခဲ့ပြီး ယင်းဥပဒေရေးဆွဲနေသည်မှာ ၂ နှစ်ကျော်ကြာမြင့်နေပြီဖြစ်သည်။

‘‘ကိုယ့်လောကသားတွေကို အရမ်းကောင်းစေချင်လို့ လုပ်ပိုင် ခွင့်တွေရစေချင်ပြီးတော့ အပြည့်အဝတော့ဆွဲထားတာပဲ။ ဆွဲထား ပြီး ကိုယ့်ဟာကိုယ်ပြန်မလုပ်နိုင်ရင်လည်း ကိုယ့်ရှူးကိုယ်ပတ်မယ့် သဘောရှိတယ်။ ဆွေးနွေးစရာတွေကတော့ အများကြီးပါပဲ’’ဟု ရုပ်ရှင်ဥပဒေနှင့်ပတ်သက်၍ လူမင်းကပြောသည်။
7 day

No comments:

Post a Comment