Sunday 14 June 2015

ထိုင်း ခရီးသွားလုပ်ငန်းက သုံးနိုင်ဖြုန်းနိုင်သည့် ဇိမ်ခံခရီးသည်များကိုသာ ပိုမိုပစ်မှတ်ထားလာ

ထိုင်းနိုင်ငံရဲ့ ခရီးသွားအာဏာပိုင်အဖွဲ့ကြီးက ဇိမ်ခံခရီးသည်များကို ချုပ်ကိုင်ထားတဲ့ ခရီးသွားလုပ်ငန်း ဈေးကွက် ရှယ်ယာကို လက်ရှိ ၂၀ ရာခိုင်နှုန်းမှ နောက်နှစ်မှာ ၃၀ ရာခိုင်နှုန်းအထိ မြှင့်တင်ဖို့ ရည်ရွယ်ထားပြီး၊ ဒီအမြတ်အစွန်းကြီးမားတဲ့ ဈေးကွက်ကို ပင်လယ်ရပ်ခြားများမှာလည်း ထိုးဖောက်ဖို့ ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ အကူအညီကိုလည်း တောင်းဆိုလိုက်တယ်လို့ ဆိုပါတယ်။

အရေအတွက်ထက် သုံးနိုင်ဖြုန်းနိုင်တဲ့ အရည်အသွေးမြင့် ကမ္ဘာလှည့်များကိုသာ ဆောင်ကျဉ်းလာရေး ဦးတည်ပစ်မှတ်ထားတဲ့ ၂၀၁၆ ခုနှစ်အတွက် ခရီးသွားလုပ်ငန်း လမ်းပြမြေပုံကို ထိုင်းအစိုးရက ချမှတ်ခဲ့ပြီးနောက်မှာ ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ဟာ အထူးသဖြင့် ဥရောပမှ ဇိမ်ခံခရီးသည် ၀င်ရောက်မှုအချိုးကို တိုးမြင့်လာစေဖို့ ဈေးကွက်မဟာဗျူဟာတစ်ရပ်ကို စီစဉ်ရေးဆွဲခဲ့ကြတယ်လို့ ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့မှ ဥရောပ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းရေးရာ ဒါရိုက်တာ သနတ် ပတ်ဆူဝမ်က ပြောကြားခဲ့ပါတယ်။

ထိုင်းခရီးသွား အာဏာပိုင်အဖွဲ့ရဲ့ အဓိက နည်းဗျူဟာကတော့ ထိုင်းနိုင်ငံကို ၎င်းရဲ့ ကမ္ဘာနဲ့အ၀န်းမှ ပြိုင်ဘက်များနဲ့ ကွဲပြားခြားနားစေဖို့အတွက် ''ထိုင်းစည်းစိမ် (luxury Thainess)'' ကို ဇောင်းပေးဖော်ပြတာပဲ ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက် ပေါက်မြောက်ဖို့အတွက် ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့က ဒီဇင်ဘာလမှာ ပြင်သစ်နိုင်ငံ ကိန်းမှာကျင်းပမယ့် နိုင်ငံတကာ ဇိမ်ခံခရီးသွားဈေးကွက် ညီလာခံကို တက်ရောက်ဖို့အတွက် ကြယ်ငါးပွင့်မှ ကြယ်ခြောက်ပွင့်အဆင့်ရှိတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကို ရွေးချယ်သွားမှာပဲ ဖြစ်ပါတယ်။

အင်္ဂလန်၊ ပြင်သစ်နှင့် ဂျာမနီတို့မှာ ပြုလုပ်ခဲ့တဲ့ မိတ်ဆက်ပွဲတွေမှာလည်း ဈေးလည်းကြီး အရည်အသွေး လည်းကောင်းတဲ့ ၀န်ဆောင်မှုထုတ်ကုန်တွေကိုပဲ ဇောင်းပေး ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီမိတ်ဆက်ပွဲတွေမှာ လုပ်ငန်းညှိနှိုင်းမှု ထိရောက်ဖို့အတွက် ဇိမ်ခံခရီးသည်အုပ်အစုအတွက် ထုတ်ကုန်တွေ ပိုင်ဆိုင်ထားတဲ့ အရွေးချယ်ခံကုမ္ပဏီတွေကို တက်ရောက်ဖို့ ဖိတ်ခေါ်သွားမယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ခရီးသွားလုပ်ငန်း စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ IPK International's ရဲ့ သုတေသနအရ ယမန်နှစ်က ဇိမ်ခံခရီးသွားလုပ်ငန်းဟာ စံချိန်တင် ၄၈ ရာခိုင်နှုန်းနဲ့ အမြင့်မားဆုံး ဖွံ့ဖြိုးခဲ့ပေမယ့်လည်း အထွေထွေ ခရီးသွားလုပ်ငန်းကတော့ ၂၄ ရာခိုင်နှုန်းသာ ဖွံ့ဖြိုးခဲ့တယ်လို့ ဆိုပါတယ်။

ယမန်နှစ်က ကမ္ဘာနဲ့အ၀န်းမှာ ဇိမ်ခံခရီးစဉ်ပေါင်း ၄၈ သန်းအထိ ရှိခဲ့လို့ အရပ်ရပ် ခရီးသွားလုပ်ငန်း ဈေးကွက်ရဲ့ ၄.၆ ရာခိုင်နှုန်းအထိ သိမ်းပိုက်ထားခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၀၉ ခုနှစ်က ဇိမ်ခံခရီးသွား လုပ်ငန်းဟာ ခရီးသွားလုပ်ငန်း ဈေးကွက် တစ်ခုလုံးရဲ့ ၃.၉ရာခိုင်နှုန်းသား ရှိခဲ့ပါတယ်။ ယမန်နှစ်က ခရီးတို အသုံးစရိတ်ဟာ တစ်ရက်လျှင် ဘတ် ၂၈၀၀၀ (ယူရို ၇၅၀) ရှိခဲ့ပြီး ခရီးရှည် အသုံးစရိတ်ကတော့ တစ်ရက်ကို ယူရို ၅၀၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။

REF : The Nation

No comments:

Post a Comment