Thursday 11 June 2015

ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်း ဇွန် ၂၇ ရက်တွင် စတင်တည်ထောင်မည်

နတ်မောက်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့ပွဲ ကျင်းပပြီး ကျန်သည့်အလှူငွေ သိန်း ၁,၂၀၀ ဝန်းကျင်ဖြင့် မတည်ကာ ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်းကို ဇွန် ၂၇ ရက်တွင် စတင်တည်ထောင် သွားမည်ဖြစ်ကြောင်း နတ်မောက်မြို့နယ် ဗိုလ်ချုပ်ရာပြည့် ဖြစ်မြောက်ရေးကော်မတီမှ ဘဏ္ဍာရေးမှူး ဦးထွန်းညွန့်က မဇ္ဈိမကို ပြောသည်။
“ကျွန်တော်တို့ ဒီဗိုလ်ချုပ်အောင်ဖောင်ဒေးရှင်းကို တည်ထောင်ဖို့ ကြိုးစားတာ ဗိုလ်ချုပ်ရာပြည့် မွေးနေ့ပြီးကတည်းက စီစဉ်နေတာပါ။ ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ အစီအစဉ်တွေကို ဇွန် ၂၇ ရက်နေ့မှာ ရှင်းလင်းသွားမှာပါ” ဟု ၎င်းက ပြောသည်။

အဆိုပါ ဖောင်ဒေးရှင်းတည်ထောင်ခြင်းသည် လူငယ်မျိုးဆက်သစ်များကို ဆိုင်ရာနယ်ပယ် များတွင် ထူးချွန်ထက်မြက်သော လူငယ်များ ဖြစ်လာအောင် လေ့ကျင့်ပညာပေးပျိုးထောင်ခြင်း၊ ပံ့ပိုးကူညီခြင်းများ ဆောင်ရွက်သည့် အစီအစဉ်များကို ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းအစီအစဉ်များနှင့် ပတ်သက်ပြီး ဇွန် ၂၇ ရက် နေ့လယ် ၁ နာရီ၌ ရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် စာနယ်ဇင်းရှင်းလင်းပွဲ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
အဆိုပါနေ့တွင် ဗိုလ်ချုပ်ရာပြည့်က ရရှိတဲ့အလှူငွေနှင့် အမှတ်တရပစ္စည်း ရောင်းရငွေတို့ကိုလည်း ထုတ်ပြန်ရှင်းလင်းသွားမည် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်းအတွက် ကော်မတီအဖွဲ့အစည်း တစ်ခုဖွဲ့စည်းကာ မတည်ငွေ သိန်း ၁,၂၀၀ ဝန်းကျင်ခန့်ကို ပေးအပ်သွားမည် ဖြစ်ပြီး ယင်းကော်မတီအတွက် တာဝန်ယူမည့်အပိုင်းကဏ္ဍများကိုလည်း ဇွန် ၂၇ ရက်တွင် ရွေးချယ်သွားမည်ဖြစ်သည်။ ယင်းရှင်းလင်းပွဲသို့ မြန်မာနိုင်ငံတွင်းရှိ အခြားသော ဖောင်ဒေးရှင်း အဖွဲ့အစည်းများ၊ ဘဏ်များ၊ ပရဟိတသမားများ တတ်ရောက်ကြမည်ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်ပွဲကို နတ်မောက်မြို့တွင် တစ်ပတ်ကြာ ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ရရှိခဲ့သည့် အလှူငွေစုစုပေါင်း ကျပ် ၂၂၃၉ ဒသမ ၃၉ သိန်းနှင့် အမှတ်တရ ပစ္စည်းရောင်းရ ငွေစုစုပေါင်း ကျပ် ၆၅၉ ဒသမ ၇၁ သိန်း တို့ဖြစ်သည်။ ကုန်ကျစရိတ်သည် ၁၇၄၁ ဒသမ ၄၂ သိန်း ခန့်ဖြစ်သည့် အတွက် ကျန်ရှိသည့် အလှူငွေ ၁၁၅၇ ဒသမ ၆၈ သိန်းခန့်ကို အခြေခံကာ ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်း တည်ထောင်သွားမည် ဖြစ်သည်
မဇ္ဈိမ

No comments:

Post a Comment