Wednesday 6 May 2015

မြို့ကြီးအချို့ နေ့အပူချိန် ဆက်လက်မြင့်တက်

ရန်ကုန်အပါအဝင် နေပြည်တော်၊ မန္တလေးနှင့် မြို့ကြီးအချို့တွင် ယခုရက်ပိုင်း အတွင်း နေ့အပူချိန်များ မြင့်တက်နေ ပြီး ဆက်လက်၍လည်း မေလကုန်အထိ ဒေသအချို့တွင် နေ့အပူချိန်များ မြင့်တက်နိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။
နေ့အပူချိန်များ ဆက်လက် မြင့်တက်လာနိုင်သည့် ဒေသများမှာ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ဖြစ်ကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။

ရန်ကုန်နှင့် မန္တလေးမြို့တော်တို့၏ မေလ ၅ ရက်နေ့ နေ့အပူချိန်မှာ ၃၉ ဒီဂရီ စင်တီဂရိတ်သို့ ရောက်ရှိ နေပြီး နေပြည်တော်တွင် နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်နှင့် မကွေးမြို့တွင် ၄၂ ဒီဂရီ စင်တီဂရိတ်တို့ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန် ချက်အရသိရသည်။
ထူးခြားသည့် နေ့အပူချိန်များမှာ မေလ ၄ ရက်နေ့၌ ချောက်မြို့တွင် ၄၅ ဒီဂရီစင်တီဂရိတ်၊ မကွေးမြို့တွင် ၄၄ ဒီဂရီစင်တီဂရိတ်၊ မုံရွာ၊ မန္တလေး၊ မြင်းခြံ၊ တောင်တွင်းကြီးမြို့နှင့် ဆင်ဖြူကျွန်းမြို့ တို့တွင် ၄၃ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိနေကြောင်း အဆိုပါဌာနထံမှ သိရသည်။
ထို့ပြင်မေလမှ ဇူလိုင်လအထိ မိုးလေဝသ ခန့်မှန်းချက်များအရ မြန်မာနိုင်ငံတစ်ဝန်းတွင် နေ့အပူချိန်များ ပုံမှန်ထက် ပိုမိုမြင့်တက်လာနိုင်ပြီး ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တောင်ပိုင်းတို့တွင် မိုးရွာသွန်းမှု ပုံမှန်ထက် ပိုနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားထားသည်။
ထို့ပြင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ မှာလည်း အန္တရာယ်ရှိ လွန်ကဲအဆင့် ရောက်ရှိနေခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်သည့်အတွက် ကာကွယ်မှုများ ဆောင်ရွက်သင့်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးပြောဆိုသည်။
အပူဒဏ်ကြောင့် သတိလစ်ခြင်းများ ဖြစ်ပွားနိုင်ပြီး ကြုံတွေ့ပါက ဦးဆုံး သတိလစ်သူ၏ လည်ပင်းရိုးနှင့် ဦးခေါင်းကို သတိထားကိုင်တွယ်ကာ အရိပ်ရ နေရာကို ရွှေ့ပြောင်းရမည် ဖြစ်ကြောင်း၊ ရေပတ်ဝတ်ဖြင့် ခန္ဓာကိုယ်ကို တိုက်ပေးနိုင်သော်လည်း သတိလစ်ရာမှ အပူလေဖြတ်ပြီး ဦးနှောက်သွေးကြော ပြတ်ကာ သေဆုံးသည် အထိ ဖြစ်ပွားနိုင်သဖြင့် ဆေးရုံကို အမြန်ဆုံး ပို့သင့်ကြောင်း နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှ လက်ထောက် ဆရာဝန်တစ်ဦးက ရှင်းပြသည်။
“ဒီလိုရာသီဥတုမှာ ချည်ထည်ပဲ ဝတ်သင့်တယ်။ ချွေးထွက်များ တဲ့အတွက် ဓာတ်ဆားဆောင်သင့်တယ်။ နေပူထဲက ပြန်လာပြီး ချက်ချင်းရေချိုးတာ မလုပ်သင့်ဘူး။ ပူတဲ့နေရာမှာ မအိပ်သင့်ဘူး။ အေးအောင်လို့ ဆိုပြီး ပန်ကာနဲ့ တစ်ညလုံး အိပ်တာ၊ ရေစိုဝတ်နဲ့ အိပ်တာမျိုး မလုပ်သင့်ဘူး။ အစားအသောက်ကတော့ သားငါး၊ ဟင်းရွက် စားလို့ရတယ်။ အဓိက က ရေများများ သောက်ဖို့လိုအပ်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment