Wednesday 6 May 2015

“၀” အဖွဲ့ရဲ့ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုလုပ်ငန်းများဟာ တိုင်းပြည်အတွက် အလွန်အန္တရာယ်ကြီးမား

မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်ဖောက်ကားမှုတွေဟာ လူတစ်ဦးတစ်ယောက်မှသည် တိုင်းပြည်တစ်ခုလုံးကိုပါ အန္တရာယ်ပေးနေသောကြောင့် တစ်ကမ္ဘာလုံးက ပြင်းပြင်းထန်ထန်ကန့်ကွက်နေကြတာဖြစ်ပါတယ်။ အလားတူ မြန်မာနိုင်ငံ မှာလည်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေကို အရှိန်မြှင့်ဆောင်ရွက်နေ ပေမယ့် တရုတ်-မြန်မာနယ်စပ်မှာတော့ မူးယစ်ဆေးဝါးတွေကိုဖမ်းဆီးရမိနေဆဲပါ။ ဒါဖြင့်ရင် မူးယစ်ဆေးဝါးတွေ ဘယ်ကလာသလဲလို့ ဆန်းစစ်ကြည့်လိုက်တဲ့အခါ မူးယစ်ရာဇာတွေလို့ နာမည်ကြီးလှတဲ့ “၀” ဒေသက လာတာ လို့ သိရပါတယ်။

“၀” အဖွဲ့နဲ့ မူးယစ်ဆေးဝါးဟာ ခွဲခြားလို့မရဘူးလို့ ဒေသခံတိုင်းရင်းသားတွေဆီက ကြားရပါတယ်။ “၀” ဆိုတာ ဒေသခံတွေပါပေမယ့် မူးယစ်ဆေးဝါးလုပ်တာကတော့ “၀” ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သက် လာရင် “၀” က ခုမှ စလုပ်တာမဟုတ်ဘူး။ ဟိုးလွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်လောက်ကတည်းက ဘိန်းစိုက်စားလာတာ။ ဒီတော့ “၀” ဒေသမှာ ၁၉၈၉ ခုနှစ်လောက်ကတည်းက မူးယစ်ဆေးတွေ ထွက်လာတာ ဆိုရင် ပိုမှန်ပါလိမ့်မယ်။
ဒါပေမယ့် ၂၀၀၆ ခုနှစ်မှာ “၀” ဒေသကို ဘိန်းစိုက်ပျိုးကင်းစင်နယ်မြေအဖြစ် “၀” ခေါင်းဆောင်တွေက ကြေညာခဲ့ပါတယ်။ အဲဒီလို ကြေညာပြီးတဲ့နောက်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှု လျော့နည်းသွားတာတော့အမှန်ပါပဲ။ သို့သော် ဘိန်းထက်ဆိုးတဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ တန်နဲ့ချီထုပ်လုပ်လာတာကိုတော့ နှုတ်ဆိတ်နေခဲ့တယ်။ ရှင်းရှင်းပြောရရင် ဘိန်းထက်ဆိုးတဲ့ မူးယစ်ဆေးဝါးတွေကို စီးပွားဖြစ်ရောင်းဝယ်ဖောက် ကားလာတဲ့အတွက် မူးယစ်ရာဇာတွေ ချမ်းသာသည် ထက်ချမ်းသာလာကြပါတယ်။ ဘိန်းကင်းစင်နယ်မြေ ကြေညာပြီးတော့မှ ဒီလိုလုပ်နေတာဟာ နိုင်ငံအတွက် အန္တရာယ် ကြီးမားပါတယ်။
“၀” ခေါင်းဆောင်တွေအနေနဲ့ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းကနေရတဲ့ ငွေမဲကို ငွေဖြူဖြစ်အောင် စီးပွားရေးလုပ်ငန်းတွေ ထူထောင်ခဲ့တယ်။ အဲဒီငွေတွေနဲ့ပဲ လက်နက်စက်ရုံတွေ တည်ဆောက်လို့ လက်နက်၊ ခဲယမ်းတွေထုတ်လုပ်တယ်။ ပြီးတော့ လက်နက်မှောင်ခိုလုပ်ငန်းနဲ့ စီးပွားရှာပြန်တယ်။ “၀” အဖွဲ့ဟာ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုလုပ်ငန်း တွေကို ဒီနေ့ဒီအချိန်ထိလုပ်နေတယ်ဆိုတာ နယ်စပ်ဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသားအားလုံး သိနေကြပါတယ်။
“အခုပန်ဆိုင်းမှာ တိုင်းရင်းသားညီလာခံ ကျင်းပနေတယ်လို့သိရပါတယ်။ အဲဒီလက်နက်ကိုင်အဖွဲ့တွေ ကို “၀” က လက်နက်တွေရောင်းမယ်ထင်တယ်။ ပြီးခဲ့တဲ့လ အစောပိုင်းက တရုတ်နယ်စပ်ကနေ “၀” နယ်မြေ ထဲကို ကွန်တိန်နာ အလုံပိတ်ကားကြီးတွေ ၀င်သွားတယ်လို့ သိရတယ်။ ညကြီးအချိန်မတော် ဖြတ်သွားတယ် ဆိုတော့ အဲဒီကားတွေထဲမှာ လက်နက်ခဲယမ်းတွေပါမှာ သေချာပါတယ်” ဟု ဒေသခံတစ်ဦးကပြောပါတယ်။
တရုတ်နယ်စပ်မှတစ်ဆင့် “၀” နယ်မြေထဲသို့ ညအချိန်မတော် ၀င်ရောက်လာသော အလုံပိတ် ကွန်တိန်နာ ကားကြီးများမှာ လက်နက်ခဲယမ်းများ တင်ဆောင်လာခြင်းဖြစ်နိုင်သလို မူးယစ်ဆေးဝါးမြောက်များစွာကိုလည်း တင်ဆောင်လာခြင်း ဖြစ်နိုင်ကြောင်း၊ ယင်းယာဉ်တန်းအား အထောက်အထား ဓာတ်ပုံရိုက်ယူ ထားခဲ့သော အလွတ်သတင်းထောက်တစ်ဦးက ပြောပါတယ်။
“၀” အနေဖြင့်မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုလုပ်ငန်းများကို လက်ဝါးကြီးအုပ်လုပ်ကိုင်လာမှုကြောင့် နယ်မြေ ချင်းဆက်စပ်နေသော မိုင်းလားအဖွဲ့နဲ့ ရန်ဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ မိုင်းလားဆိုတာက လည်း “၀” နဲ့ဘာမှမထူးပါဘူး။ စားကျက်လုတဲ့သဘောဖြစ်မှာပါ။ ဖုန်ကြားရှင်ဟာ အသက်ကြီးနေပြီဖြစ်လို့ ဘာမှမလုပ်ပေးနိုင်ပေမယ့် ဖုန်ကြားရှင်အရှိန် အ၀ါနဲ့ စိုင်းလင်းက နယ်စပ်မှာ ဒါတွေလုပ်လာရင်း ကြီးပွား ချမ်းသာခဲ့တာပါ။ စိုင်းလင်းအခုလို ကြီးပွားချမ်းသာလာအောင် “၀” နဲ့ပေါင်းပြီး မူးယစ်ဆေးလုပ်နိုင်ဖို့ ဇနီးဖြစ်သူကလည်း ကူညီပေးခဲ့တယ်။ ဖုန်ကြားရှင်ရဲ့သမီးပီပီ တရုတ်နဲ့လည်း အလွမ်းသင့်လေတော့ စိုင်းလင်းအတွက် အထောက်အကူရတာ မဆန်းပါဘူး။
အခုနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို “၀” က လက်နက်တွေရောင်းတာ တွေ့ရ ပါတယ်။ “၀” ကအဲဒီလက်နက်တွေမှာ သူတို့လုပ်တာပေါ်သွားမှာကြောက်လို့ “၀” တံဆိပ်တွေတော့မကပ်တော့ ပါဘူး။ “၀” ဆီကိုလည်း တရုတ်ဘက်က လျော့ဈေးနဲ့ ခပ်ပေါပေါရောင်းပေးတဲ့အတွက် တရုတ်-မြန်မာ နယ်စပ်မှာ “၀” နဲ့ တရုတ်ထုတ် လက်နက် တွေဟာ မှောင်ခိုဈေးကွက်ကြီး ဖြစ်လို့နေပါတယ်။
အချုပ်ပြောရရင် တရုတ်နယ်စပ်ကနေ “၀” နယ်မြေထဲကို ညကြီးအချိန်မတော်ဝင်လာတဲ့ အလုံပိတ်ကွန်တိန်နာကားကြီး တွေထဲမှာ လက်နက်တွေလား ဒါမှမဟုတ် မူးယစ်ဆေးဝါးတွေလား၊ တစ်ခုခုကတော့ သေချာပါတယ်။ အလားတူ တိုက်ပွဲတွေမှာ “၀” ဒေသထုတ် မှောင်ခိုဈေးကွက်က သေနတ်တွေ ဘယ်လောက် များနေပြီလဲ မခန့်မှန်းနိုင်ပါ။ “၀” ခေါင်းဆောင်တွေပိုင်တဲ့ မူးယစ်ဆေးဝါးတွေကို ရောင်းချပေးနေတဲ့ လူမျိုးတွေ ဘယ်နှစ်ယောက်ရှိမှန်းမသိပါ။ ဘာပဲဖြစ်ဖြစ် ပန်ဆန်းညီလာခံမှာ အသံထွက်လာတဲ့ ကိုယ်ပိုင် ပြည်နယ်ထူထောင်ရေးဟာ မူးယစ်ဆေးနဲ့ လက်နက်မှောင် ခိုတွေကြောင့် ကြီးပွားချမ်းသာလာတဲ့ “၀” ခေါင်းဆောင်တွေရဲ့ အကြံအစည်ဖြစ်ပါတယ်။ “၀” အဖွဲ့ရဲ့ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုလုပ်ငန်းတွေဟာ တိုင်းပြည်အတွက် အလွန်အန္တရာယ်ကြီးမားလာပြီ ဖြစ်တဲ့အတွက် အစိုးရအနေနဲ့ အချိန်မီတားဆီးနိုင်မှသာ တော်ကာကျ လိမ့်မယ်လို့ ပြောချင်ပါတယ်။
ဇော်မိုးအောင်
Today Myanmar

No comments:

Post a Comment