Monday 25 May 2015

ပြည်သူလူထုနှင့် နိုင်ငံ၏အကျိုးစီးပွားကို ထိခိုက်စေမည့် အဖွဲ့ချုပ်ဝင်များ ရှိပါက ထုတ်ပစ်မည်ဖြစ်ပြီး အဖွဲ့ချုပ်တွင် အခွင့်အရေးသမားများရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒေါ်အောင်ဆန်းစုကြည် ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက် ခမ်းတီလုန် ၀ိပဿနာ အောင်မင်္ဂလာ ကျောင်းတိုက်သို့ သွားရောက်ရာတွင် ဒေသခံကလေးငယ်များက ကြိုဆိုနေကြစဉ်
ပြည်သူလူထုနှင့် နိုင်ငံ၏အကျိုးစီးပွားကို ထိခိုက်စေမည့် အဖွဲ့ချုပ်ဝင်များရှိပါက ထုတ်ပစ်မည်ဖြစ်ပြီး အဖွဲ့ ချုပ်တွင် အခွင့်အရေး သမားများရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေ ၂၃ ရက်တွင် ကချင်ပြည်နယ် ပူတာအို မြို့၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“တချို့ကျတော့ အခုနောက်ပိုင်း အခြေအနေတွေ ချောင်လည်လာတဲ့အချိန် ၂၀၁၂ လွန်မှ ၀င်လာတဲ့ လူတွေလည်း ရှိပါတယ်။ အဲဒီလိုဝင်လာတဲ့ လူတွေထဲမှာ တကယ်ဆိုရင် ကျွန်မအမှန်ကို အမှန်အတိုင်း ပြောတာပါ။ ဘယ်သူကိုမှ စော်ကားချင်လို့တော့ မဟုတ်ပါဘူး။ အခွင့်အရေးသမားတွေလည်း ပါလာ ပါ တယ်။ အဲဒီတော့ ဒီလိုအခွင့်အရေးသမားတွေကို ကျွန်မတို့ကတော့ သန့်စင်ယူရမှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပူတာအို လူထုတွေ့ဆုံပွဲတွင် ပြောကြားသည်။

“ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ကျွန်မတို့ စည်းမျဉ်း စည်းကမ်း တွေနဲ့ မကိုက်ညီဘူး ဆိုရင်တော့ ကျွန်မတို့ဟာ စည်းကမ်း စည်းမျဉ်းအရ အရေးယူတယ်ဆိုတာ နောက်ဆုံးအဖွဲ့ချုပ်က ထုတ်ပစ်လိုက်တဲ့အထိ အရေးယူနိုင်ပါတယ်” ဟု ၎င်းကဆက်လက် ပြောကြား သည်။

“ကျွန်မတို့ရဲ့ ပြည်သူလူထု၊ ကျွန်မတို့ နိုင်ငံရဲ့အကျိုးစီးပွားကို ထိခိုက်စေမယ့် အဖွဲ့ချုပ်ဝင်တွေဆိုရင် ကျွန်မ တို့က စည်းကမ်းစည်းမျဉ်းအရ ထုတ်ပစ်လိုက်မှာပါ။ ပြုပြင်လို့ရတဲ့ ပုဂ္ဂိုလ်များ၊ တစ်ခါတစ်လေ စိတ်ထားက မမှန်လို့မဟုတ်ဘူး။ လုပ်တာကိုင်တာ မလုပ်တတ်လို့ မှားတယ်ဆိုရင်တော့ ပြုပြင်ယူရမယ်” ဟု  ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။

“ကျွန်မတို့ အဖွဲ့ချုပ်ထဲက အားလုံးဟာ ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်ပါဘူး။ အားနည်းတဲ့လူတွေရှိတယ်။ အခွင့်အရေးသမားတွေရှိတယ်။ တချို့ကျတော့ စိတ်ဓာတ်က မှန်ပေမယ့် အရည်အချင်း မပြည့်တာတွေ ရှိတယ်။ ဒါတွေကို ကျွန်မတို့အားလုံး အသိအမှတ်ပြုတယ်။ ကျွန်မတို့ရဲ့ အဖွဲ့ဝင်များ ပြည်သူလူထုရဲ့ အကျိုး ထမ်းဆောင်နိုင်အောင်လို့ ကျွန်မတို့က အတတ်နိုင်ဆုံး အရည်အချင်း မြှင့်တင်ပြီးတော့ ကြိုးစားသွား ပါမယ်လို့ ပြောပါရစေ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲ မည်သည့်အချိန်တွင် ကျင်းပမည့်ကို အတိအကျ မသိသေးကြောင်းနှင့် ရွေးကောက် ပွဲတွင် မဲပေးပိုင်ခွင့် ရှိသူများ၏ အမည်စာရင်းမှန်ကန်ရန် လိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပူတာအိုမြို့ လူထုတွေ့ဆုံပွဲတွင် ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဥပဒေဘောင်အတွင်းမှ လုပ်ချင်ကြောင်းနှင့် ပြည် သူကို မထိခိုက်၊ မနစ်နာသည့် နည်းလမ်းကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း ပူတာအိုလူထုတွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် ပူတာအိုလူထု တွေ့ဆုံပွဲသို့ ပူတာအိုမြို့ရှိ ဒေသခံပြည်သူ လူထုအပြင် မချမ်းဘောမြို့ ပြည်သူ့လူထု ဆွမ်ပရာဘွမ်မြို့ ပြည်သူလူထု အပါအ၀င်  အနီးပတ်ဝန်းကျင်ရှိ မြို့များမှ ပြည်သူလူထု ထောင်ချီတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Eleven Media Group 

No comments:

Post a Comment