Monday 25 May 2015

တောင်သမန်အင်းအား သဘာဝအတိုင်း သုံးပန်လှအင်းတစ်ခု ပြန်လည် ဖြစ်တည်ရေးအတွက် လွှတ်တော်၌ ဆွေးနွေးနိုင်ရန် တင်ပြထား

မန္တလေးမြို့အနီးရှိ တောင်သမန်အင်းနှင့် ဦးပိန်တံတားတို့အား ဝေဟင်မှတွေ့ရစဉ် (ဓာတ်ပုံ-အောင်သူ)
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအား ယခင်လို သဘာဝအတိုင်း သုံးပန်လှ အင်းတစ်ခု ပြန်လည်ဖြစ်တည်ရေးအတွက် လွှတ်တော်၌ ဆွေးနွေးနိုင်ရန် မန္တလေးမြို့ခံ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးအဖွဲ့တစ်ခုက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်သမန်အင်းအတွင်း ငါးအမြောက်အမြား သေဆုံးမှု ဖြစ်ပေါ်ခဲ့ပြီးနောက် မန္တလေးမြို့ စိမ်းရောင်စို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က အင်းအတွင်းနှင့် အနီးဝန်းကျင်ဒေသများရှိ သဘာဝ ပတ်ဝန်း ကျင် ပျက်စီးမှု အခြေအနေများနှင့် ပတ်သက်၍ လေ့လာတွေ့ရှိချက်များနှင့် ဒေသခံအချို့အား တွေ့ဆုံ မေးမြန်းမှုများကို သုံးသပ်ကာ စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့ရာ မြို့ခံလူထုအား အသိပေး ကြေညာမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ လွှတ်တော်ကိုယ်စားလှယ်များထံ ၎င်းတို့၏ တွေ့ရှိသုံးသပ်ချက်များအား ပေးပို့ ထားရှိကြောင်း သိရသည်။

“စိမ်းရောင်စိုအဖွဲ့အနေနဲ့ ငါးတွေမသေဆုံးခင်ကတည်းက တောင်သမန်အင်း သဘာဝပတ်ဝန်းကျင် ပျက် စီးမှု အခြေအနေတွေကို လူထုအခြေပြု စစ်တမ်းကောက်ယူမှု အစီအစဉ်ထဲမှာ ထည့်သွင်းပြီး လေ့လာ စစ်တမ်းကောက်ယူမှုတွေ ပြုလုပ်ထားတာ ရှိပါတယ်။ ငါးတွေသေပြီးတဲ့နောက်မှာ အင်းကိစ္စကို လွှတ်တော် တွင်းမှာ ဆွေးနွေးအဖြေရှာနိုင်ဖို့အထိ စဉ်းစားခဲ့ပြီး ဒေသခံတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ် ခဲ့ပါတယ်။ ရရှိလာတဲ့ အချက်အလက်တွေကို သုံးသပ်ကြည့်တဲ့အခါ တောင်သမန်အင်းကို အရင်အတိုင်း သဘာဝ အင်းတစ်ခုပုံစံ သုံးပန်လှအနေအထား ဖြစ်စေချင်တာကို တွေ့ရတယ်။ ဒါက ပြည်သူတွေရဲ့အသံ အမှန် ဖြစ်တဲ့အတွက် ကိုယ်စားလှယ်တွေကတစ်ဆင့် လွှတ်တော်တွင်းမှာ ဆွေးနွေးအဖြေရှာမှုတွေ ပြုလုပ် နိုင်အောင်  စီစဉ်ဆောင်ရွက်ခဲ့တာပါ” ဟု စိမ်းရောင်စို (မန္တလေး) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။

ယင်းသို့ ဆောင်ရွက်ခြင်းအပြင် တောင်သမန်အင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို မြို့ခံလူထုမှ စိတ်ဝင်တစား ပူးပေါင်းပါဝင်လာနိုင်ရန် အတွက်လည်း စိမ်းရောင်စိုအဖွဲ့က တောင်သမန်အနီးဝန်းကျင်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အသိပညာပေးဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်သွားရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

တောင်သမန်အင်းနှင့် ထိစပ်လျက်ရှိသော ဒေသခံအလွှာစုံ အသီးသီးမှ သဘောထားကောက်ယူခဲ့ရာတွင် တူညီသော သဘောထားအများစုမှာ တောင်သမန်အင်းရေသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုညစ်ညမ်း လာခြင်းကြောင့် အမြန်ကုစားပေးရန်၊ အင်းရေညစ်ညမ်းရခြင်းမှာ စက်ရုံအချို့မှ စွန့်ပစ်ရေဆိုးများ၊ အင်း လေလံယူ၍ နှစ်ကာလကြာရှည်စွာ ရေပိတ်ဆို့ထားမှုများ၊ ချည်ဆိုးဆေးဖိုများမှ စွန့်ပစ်ရေများနှင့် အနီး ၀န်းကျင်မှ အမှိုက်များ စွန့်ပစ်နေမှုကို ရှင်းလင်းပေးရန်၊ အင်းအတွင်းရှိ တံတားကြံ့ခိုင်မှုကို ရေရှည်ရှေးရှု၍ သုံးပန်လှ ရေစီးရေလာစနစ်ကို ပြန်လည်ဖော်ဆောင်ပေးရန် စသည့်အချက်များ တွေ့ရှိခဲ့ကြောင်း သိရ သည်။

Eleven Media Group 

No comments:

Post a Comment