Monday 25 May 2015

မြန်မာနိုင်ငံတွင် လူကုန်ကူးမှုဖြင့် ထွက်ပြေးနေသူ တစ်ထောင်ကျော် ရှိဟုဆို


မြန်မာနိုင်ငံတွင် ၁၀ နှစ်အတွင်း လူကုန်ကူးမှုဖြင့် ထွက်ပြေးနေသည့် တရားခံပြေးပေါင်း ၁၀၂၁ ဦးရှိပြီး တရားခံပြေးအနက် အမျိုးသမီးဦးရေမှာ ပိုမိုများပြားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်ထွန်းက ပြောကြားသည်။


တရားခံပြေးများတွင် အမျိုးသားဦးရေထက် အမျိုးသမီးဦးရေ ၁၉၀ ကျော် ပိုမိုများပြားကြောင်း ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ် ဧပြီလအထိ လူကုန်ကူးမှုဖြင့် အရေးယူထားမှု အခြေအနေနှင့် ပတ်သက်၍ လူကုန် ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်အတွင်း ဧပြီလအထိ ကလေးကိုးဦး အပါအဝင် လူပေါင်း ၁၆၃ ဦး လူကုန်ကူး ခံရပြီး ၃၉ ဦးကိုမူ ကယ်တင်၍ မရခဲ့ကြောင်း ရဲမှူးချုပ် ဝင်းနိုင်ထွန်းက ပြောကြားသည်။

လူကုန်ကူးခံခဲ့ရသူများတွင် အမျိုးသား ၁၀၀ ဦးနှင့် အမျိုးသမီး ၆၃ ဦး ပါဝင်ပြီး ကယ်တင်၍ မရခဲ့သည့် စာရင်းတွင် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၂၁ ဦး ပါဝင်ကြောင်း ၂၀၁၅ ခုနှစ်အတွင်း ဧပြီလအထိ ဖြစ်ပွားခဲ့ သည့် လူကုန်ကူးမှု အခြေအနေများနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၅ ခုနှစ်အတွင်း ဧပြီလအထိ လူကုန်ကူးရာတွင် တရုတ်နိုင်ငံသို့ ၂၉ မှု၊ ထိုင်းနိုင်ငံသို့ ရှစ်မှု၊ ပြည်တွင်း ရှစ်မှုရှိခဲ့ပြီး လူကုန်ကူးသည့် လုပ်ငန်းအမျိုးအစားများတွင် ပြည့်တန်ဆာအဖြစ် ခြောက်မှု၊ လက်ထပ်ရန် ၂၆ မှု၊ အဓမ္မခိုင်းစေခြင်း ကိုးမှု၊ မွေးစားခြင်းတစ်မှု၊ ကြွေးမြီဖြင့် ကိုးမှု ပါဝင်ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ် ဧပြီလအထိ လူကုန်ကူးခံရသူပေါင်း ၂၇၀၆ ဦးရှိပြီး ၅၁၀ ဦးကိုမူ ကယ်တင်၍ မရခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly 

No comments:

Post a Comment