Thursday 7 May 2015

ပန်ဆန်းထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များအား ‘၀’ ဒေသ မိုင်းမော မြို့နယ်ရှိ အစားထိုးသီးနှံ စိုက်ခင်းများနှင့် ဒေသဖွံ့ဖြိုးမှုများ လိုက်လံပြသ

‘၀’ ဒေသ မိုင်းမောမြို့နယ်ရှိ လက်ဖက်စိုက်ခင်းတွင် လက်ဖက်ခူးနေသူ များကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း) 
ရှမ်းပြည်နယ် ပန်ဆန်း(ပန်ခမ်း) မြို့၌ ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ထိပ်သီး ခေါင်းဆောင် များ အစည်းအဝေးသို့ တက်ရောက်လာသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ခေါင်းဆောင် များအား အိမ်ရှင် ‘၀’ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSP/UWSA) က မေ ၅ ရက်တွင် ‘၀’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း မိုင်းမောခရိုင် မိုင်းမောမြို့နယ်ရှိ အစားထိုးသီးနှံ စိုက်ခင်းများနှင့် ဒေသဖွံ့ဖြိုးမှုများအား လိုက်လံပြသခဲ့သည်။

မေ ၅ ရက် နံနက်ပိုင်းတွင် ပန်ဆန်းမြို့မှ မိုင်းမောမြို့သို့ ထွက်ခွာခဲ့ပြီး မွန်းလွဲပိုင်းတွင် မိုင်းမောမြို့သို့ ရောက်ရှိကာ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများ၊ ဘိန်းအစားထိုးသီးနှံဖြစ်သည့် လက်ဖက်စိုက်ခင်းများအား လိုက်လံရှင်းလင်း ပြသခဲ့သည်။ မိုင်းမောမြို့ မရောက်မီ ဂုဏ်မြင်တောင် ကော်ဖီစိုက်ပျိုးရေးခြံရှိ ကော်ဖီစိုက်ပျိုးမှုများကိုလည်း ပြသခဲ့သည်။

မိုင်းမောခရီးစဉ်တွင် ပန်ဆန်းထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင်၊ မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ ဦးနိုင်ထောမွန်တို့ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်များ လိုက်ပါခဲ့ပြီး အဖွဲ့အစည်း ကိုယ်စားလှယ်ခေါင်းဆောင် အချို့မှာ ပန်ဆန်းမြို့၌ပင် နေခဲ့ကာ ယခင်အစည်းအဝေးရက်များက တစ်ဖွဲ့ချင်းစီ၏ ဆွေးနွေးချက်များကို စုစည်းကာ ဘုံသဘောထားကြေညာချက် ထုတ်ပြန်နိုင်ရေး ညှိနှိုင်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းမောမြို့နယ် ခရီးစဉ်သို့ ပန်ဆန်းထိပ်သီး အစည်းအဝေးသို့ တက်ရောက်သတင်းရယူနေသည့် မီဒီယာအဖွဲ့များလည်း လိုက်ပါခဲ့သည်။

မိုင်းမောမြို့တွင် ဘိန်းအစားထိုးသီးနှံဖြစ်သည့် လက်ဖက်စိုက်ခင်းများ၊ လက်ဖက်စက်ရုံ၊ လက်ဖက်ခြောက်ထုတ်လုပ်သည့် လုပ်ငန်းစဉ်များကို ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ပြီး ညနေပိုင်းတွင် ပန်ဆန်းမြို့သို့ ပြန်လည်ထွက်ခွာခဲ့သည်။

မိုင်းမောမှ ပန်ဆန်းအပြန်ခရီးတွင် ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မိုင်းမောခရိုင် ပန်ဝိုင်မြို့နယ်အတွင်းရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်သို့ လိုက်လံပြသခဲ့ပြီး ပန်ဆန်းမြို့သို့ ညပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့သည်။

UWSA မှကြီးမှူးကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့၏ ပန်ဆန်း (ပန်ခမ်း) ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးကို မေ ၁ ရက်တွင် စတင်ခဲ့ပြီး မေ ၆ ရက်တွင် ပြီးဆုံးမည် ဖြစ်သည်။

စိတ်ကြွဆေးပြားထုတ်လုပ်မှုနှင့် ပတ်သက်၍ ‘၀’ အဖွဲ့နှင့် ဆက်စပ်မှုရှိနေနိုင်ကြောင်း နိုင်ငံတကာက စွပ်စွဲ ပြောကြားမှုများ ရှိနေပြီး ထိုသို့ ပြောကြားမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားမှု မရှိကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment