Monday 6 April 2015

ကျည်ဆန်တွေအစား ပန်းများပွင့်စေတော့မည့် ငြိမ်းချမ်းရေးကြီးဆီသို့

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT)တို့၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းအား နှစ်ဖက်သဘောတူ ညှိနှိုင်းပြုစုရေးဆွဲပြီးစီးကြောင်း အတည်ပြုချက်ကို မတ် ၃၁ ရက်က လက်မှတ်ရေးထိုးနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုသို့ ငြိမ်းချမ်းရေးအတွက် သဘောတူ လက်မှတ်ရေးထိုး နိုင်သည့်အပေါ် နိုင်ငံသားအချို့၏ သဘောထားအမြင်များကို တင်ပြလိုက်ပါသည်။
ဦးလှမောင်ရွှေ (ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၊ နည်းပညာအထောက် အကူပြုအဖွဲ့)
ကျွန်တော်တို့ မျှော်လင့်တာကတော့ သိပ်မကြာခင်မှာ တိုင်းရင်းသားခေါင်းဆောင်တွေ နေပြည်တော်မှာ လက်မှတ်ရေးထိုးမယ့်ရက် မဝေးတော့ဘူးလို့ မျှော်လင့်ပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း မေတ္တာရပ်ခံပါတယ်။ လက်မှတ်ရေးထိုးပွဲကြီး ကျင်းပပြီးတဲ့နေ့ကစပြီး ရက်ပေါင်း ၆ဝ အတွင်းကနေ ရက် ပေါင်း ၉ဝ အတွင်းမှာ နိုင်ငံရေးဆွေး နွေးပွဲကြီးစမယ်လို့ စာချုပ်ထဲမှာပါတယ်။ ဒါကြောင့်မို့ တစ်ရက်စောထိုးနိုင်လေ နိုင်ငံရေးဆွေးနွေးပွဲကို တစ်ရက် စောစနိုင်လေပါပဲ။ ဒါကို အမြန်ဆုံးရရှိနိုင်ဖို့ မျှော်လင့်ပါတယ်။


ဦးကိုကိုထွေး
(တော်ဝင်ဆောက်လုပ်ရေး)
စီးပွားရေး လုပ်ငန်းရှင်တွေကတော့ တိုင်းပြည်အေးအေးချမ်းချမ်းနဲ့ ရှိနေရင် အကုန်လုံးအတွက်လည်း ကောင်းမွန်သလို စီးပွားရေးလုပ်ငန်းအတွက်လည်း ကောင်းမွန်ပါတယ်။ တိုင်းပြည်က အေးချမ်းမှ စီးပွားရေးလုပ်လို့ကောင်းမယ်။ စီးပွားရေးသမားတွေ အားလုံးကတော့ ငြိမ်းချမ်းရေး လိုချင်ကြတာပဲ။ အဲလိုပဲ ပြည်သူတွေအားလုံးကလည်း ငြိမ်းချမ်းရေးလိုချင်ကြတာပဲ။ စစ်ဘေးဒေသကသူတွေ၊ ပဋိပက္ခဒေသက လူတွေဟာ အင်မတန် ဒုက္ခရောက်တာ။ တို့ရန်ကုန်ကလူတွေဟာ စိတ်ပူရုံပဲ ပူရတာ။ သူတို့က ကိုယ်တိုင်ဒုက္ခရောက်တာ။ တကယ်တော့ အားလုံးဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေနိုင်မယ်ဆိုရင် အဲဒီလူတွေရဲ့ ဒုက္ခကို ကယ်တင်နိုင်မယ်။ ငြိမ်းချမ်းတာကိုလည်း အားပေးပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် လုပ်တဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဆူဆူပူပူဖြစ်အောင်၊ ဆူပူအောင်လှုံ့ဆော်နေတဲ့ သူတွေကိုတော့ ရှုတ်ချပါတယ်။

ဦးဇော်ဇော် (Max-Myanmar Holding Limited)
ကျွန်တော်တို့နိုင်ငံက အများကြီး နောက်ကျကျန်ခဲ့ပါပြီ။ ဒီအချိန်မှာ ကျွန်တော်တို့ တိုင်းရင်းသားတွေအားလုံး ချစ်ချစ်ခင်ခင်နဲ့ အတူနေပြီးတော့ နိုင်ငံကို ပြန်ထူထောင်ရ မယ့်အချိန်ပါ။ ဒါပေမယ့် ဒီလိုထူထောင်တဲ့ အချိန်မှာလည်း အချိန်တစ်ခုယူပြီးတော့ ဆွေးနွေးရတဲ့အပိုင်းတွေ၊ အခက်အခဲတွေ အများကြီးရှိပါတယ်။ ဒါတွေကို ဦးစီးဦးဆောင်လုပ် ပြီးတော့ အဖြေတစ်ခုထွက်အောင် လုပ်ပေးခဲ့တဲ့သူတွေအားလုံးကို ကျွန်တော်တို့က ကျေးဇူးတင်ပါတယ်။ ဒါတွေတင်မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးရပြီးလို့ နိုင်ငံကိုပြန်ထူထောင်တဲ့ အချိန်မှာလည်း အရည်အချင်းရှိတဲ့ လူတွေအားလုံး ဝိုင်းဝန်းထူထောင်ရင်းနဲ့ ကျွန်တော်တို့နိုင်ငံက သူများနိုင်ငံနည်းတူ တိုးတက်တဲ့နိုင်ငံတစ်ခု ဖြစ်လာမှာပါ။ အရေးကြီးတဲ့ အဓိကကျတဲ့ ဒီငြိမ်းချမ်းရေးဆိုတာကြီးကို ဒီအခြေအနေလောက်ထိ ခြေလှမ်းစလာနိုင်တာ အားလုံးရဲ့ကြိုးစားမှုကြောင့်ပါ။ ဒါထက်လည်းပိုပြီးတော့ အောင်မြင်အောင် ဆက်ကြိုးစားဖို့လိုပါတယ်။

တေးသံရှင် ဇော်ပိုင်
ကျွန်တော်တို့ တိုင်းပြည်အတွက် အလားအလာကောင်းတဲ့ လက္ခဏာတွေ အများကြီးဖြစ်ပေါ်လာပြီလို့ ယုံကြည်ပါတယ်။ အဲဒါကြောင့်လည်း တစ်နိုင်ငံလုံးကိုယ်စား ဝမ်းသာပီတိ ဖြစ်မိပါတယ်။
ရုပ်ရှင်သရုပ်ဆောင် ပြေတီဦး
အခုလို ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အောင်မြင်တော့မယ့် အနေအထားတွေ မြင်နေရပြီ ကြားနေရပြီပေါ့နော်။ ဘာပဲဖြစ်ဖြစ် ရာခိုင်နှုန်းတော်တော်များများဟာ အောင်ကိုအောင်မြင်မယ်လို့ ယူဆလို့ရကြပြီဆိုတဲ့အခါမှာ အလွန်ကို ဝမ်းသာတယ်။ အလွန်ကို ပီတိဖြစ်တယ်။ ကျွန်တော်တို့တွေ အလိုချင်ဆုံးကလည်း ငြိမ်းချမ်းရေးပါပဲ။ တိုင်းပြည်တစ်ပြည်ဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုးတိုးတက်တက်နဲ့ တကယ့်ကို ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးမှာ နေထိုင်ရတဲ့ နိုင်ငံသား တစ်ယောက် အလွန်ကို ဖြစ်ချင်ပါတယ်။ အဲဒီအတွက်ကို ငြိမ်းချမ်းရေး မရှိမဖြစ်လိုအပ်ပါတယ်။ ဒါကြောင့်မို့ အားလုံးဟာ တစ်ယောက်အပေါ်မှာ တစ်ယောက်နားလည်မှုနဲ့ ရိုးရိုးသားသားနဲ့ ပေးထားတဲ့ကတိတွေအားလုံးကို ဒီထဲမှာပါတဲ့သူတွေ အားလုံးဟာလေးစားလိုက်နာကြပြီးတော့ တကယ့်ငြိမ်းချမ်းရေးအစစ်ကို တည်ဆောက်နိုင်ပါစေလို့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုပါတယ်။ အလွန်ကို လိုချင်တာပါခင်ဗျာ ငြိမ်းချမ်းရေးကို။ ကျေးဇူးတင်ပါတယ်။
ရုပ်ရှင်သရုပ်ဆောင် လွင်မိုး
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို သဘောတူလိုက်ပြီဆိုတာ ကြားရတဲ့အတွက် တကယ်လည်း ဝမ်းသာမိပါတယ်။ တကယ်လည်း ပီတိဖြစ်မိပါတယ်။ ကျွန်တော်တို့ရဲ့ အနာဂတ် မြန်မာနိုင်ငံဟာ ဒီထက်ပိုပြီး တိုးတက်ဖို့လိုသလို ဒီထက်ပိုပြီး ငြိမ်းချမ်းဖို့လည်း လိုအပ်ပါတယ်။ ဒါတွေဟာ အခု အခြေခံအုတ်မြစ်တစ်ခုအနေနဲ့ လာမယ့်နှစ်တွေမှာ အစစအရာရာ အဆင်ပြေချောမွေ့ပါစေလို့ပဲ ကျွန်တော်တို့ မျှော်လင့်ပါတယ်။
MOIWebportalMyanmar

No comments:

Post a Comment