Monday 6 April 2015

''ဖြူဖြူပြာပြာ နီနီဝါဝါ ဝေဆာမြူးလို့လွင်...ဟော တစ်ရုံ ဟောတစ်ရုံ ပန်းမျိုးစုံတဲ့အပင်''
မကြာမီ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကြီး ကျရောက် တော့မည်။
သင်္ကြန်ပွဲတော်နှင့်အတူ အသားကျနေသော ရေကစားမဏ္ဍပ်များသည်လည်း အပြိုင် အဆိုင်ဆောက် လုပ်နေကြသည်။ သင်္ကြန်ပျော်လူငယ်များကလည်း အတာသင်္ကြန်ပွဲကို မီးကုန်ယမ်းကုန် ဆင်နွှဲရန် စီစဉ်နေ ကြသည်။
ရန်ကုန်မြို့တော် သင်္ကြန်ရေကစားမဏ္ဍပ်များကား ဒီဇိုင်းစုံ၊ ကာလာစုံ၊ ဝန်ဆောင်မှုအစုံဖြင့် သင်္ကြန်ပျော် လူငယ်များကို ဆွဲဆောင်နေကြသည်။ နာမည်ကျော် အဆိုတော် များ၊ မော်ဒယ်လ်များ၊ ဒီဂျေများနှင့်အတူ မဏ္ဍပ်များကား သင်္ကြန်၏ပျော်ရွှင်မှုကို ပို၍ အရောင် တောက်စေမည်လား။

အဆိုပါမဏ္ဍပ်များ၏ နောက်ဘက်မျက်နှာတွင်ရော မည်သို့ရှိသနည်း။
''ကျွန်မက သင်္ကြန်ဆိုတာကြားတာနဲ့ကို သင်္ကြန် ပျော်မိန်းကလေးတွေအတွက် စိတ်ပူမိတယ်။ ကျွန်မ ကိုယ်တိုင်လည်း ကြုံခဲ့ရတော့ ပိုပြီးစိတ်ပူမိပါတယ်''ဟု သင်္ကြန်မဏ္ဍပ်များ၏ နောက်ခြမ်းဆီက အကျိုးဆက်ကို ကိုယ်တွေ့ ကြုံတွေ့ခံစားခဲ့ရဖူးသည့် မဒါလီက ရင်ဖွင့် လာသည်။
မဒါလီသည် ယခုမူ စင်ကာပူနိုင်ငံတွင် ရောက်ရှိနေ သည်။ သူမသည် ၂ဝ၁၂ ခုနှစ်သင်္ကြန်တွင် သင်္ကြန်ပျော် မိန်းကလေးပီပီ ခေတ်လွန်အဝတ်အစားများ ဝတ်လျက် ရေကစားခဲ့သူများထဲမှ တစ်ယောက်ဖြစ်သည်။
စင်ကာပူနိုင်ငံတွင် အလုပ်တစ်ဖက်နှင့် ကျောင်း တက်နေရာမှ ၂ဝ၁၂ ခုနှစ် တွင် မြန်မာနိုင်ငံသို့ ခေတ္တခဏ ပြန်လည်ရောက်ရှိလာခဲ့ပြီး သင်္ကြန်ပွဲတော်တွင် သူငယ်ချင်း များနှင့်အတူ ဝင်ရောက်နွှဲပျော်ဖြစ်ခဲ့သည်ဟု ဆိုသည်။''အဲဒီနှစ်ကတောင် မဏ္ဍပ်ကြေးကVIP လက်မှတ် ဆိုတော့ တစ်သိန်းနှစ်သောင်းပေးရပါတယ်''ဟု သူမက ဆိုသည်။
ထိုစဉ်က သူမသည် ကန်တော်ကြီးပတ်လမ်းရှိ နာမည်ကျော်မဏ္ဍပ်တစ်ခု တွင် ရေကစားခဲ့ခြင်းဖြစ်သည်။ သူမတို့ရေကစားသည့် နာမည်ကျော်မဏ္ဍပ်ကြီးတွင် အရက်၊ ဘီယာများနှင့် အခြားမူးယစ်စေသည့်အရာ မှန်သမျှကို ငွေပေးကာ ရယူနိုင်ခဲ့သည့်အပြင် မူးယစ်မှု၏အလွန် ကာမဆန္ဒဖြည့်လိုသည့် ချစ်သူစုံတွဲများအတွက် မဏ္ဍပ်၏နောက် ကွယ်တွင်လည်း ဗီနိုင်းစ၊ ဝါးထရံစသည် တို့ဖြင့် ကာရံထားသော ငါးပေပတ်လည် အခန်းငယ်များ ပါရှိကြောင်း သူမကြုံခဲ့ရသည့် မဏ္ဍပ်ဖွဲ့စည်းပုံကို ပြောပြ လာသည်။
''ပထမတစ်နှစ်ကစားတုန်းက မဏ္ဍပ်ပေါ်မှာ အရက်၊ ဘီယာလောက်နဲ့တင် အဆင်မပြေတော့ဘူး။ အရမ်းကဲလို့ကောင်းတာကို။ အဲဒီမှာ မဏ္ဍပ်ပေါ်မှာပဲ ရာဘတွေကလည်း အရောင်းအဝယ်ဖြစ်ကြတော့ ကျွန်မ ကိုယ်တိုင်ကလည်း သူငယ်ချင်းတွေရဲ့ ဆွဲဆောင်မှုကြောင့် သုံးဖြစ်သွားတယ်။
ကျွန်မတို့ ဆေးချတော့လည်း နောက် အခန်းထဲမှာ သွားချတာပေါ့။ အဲဒီမှာ တစ်ဖက်က အခန်း တွေကလည်းSex ပိုင်းဆိုင်ရာတွေ အရှက်မဲ့ပြုမူနေတာကို တွေ့ရတော့လည်း အားလုံးက တစ်မျိုးမဟုတ်တစ်မျိုး မူးနေတော့ မြင်သူရော ယိုသူရော ရှက်ရမှန်းကို မသိ တော့ ပါဘူး''ဟုဆိုကာ မဒါလီတစ်ယောက် မဏ္ဍပ်ပေါ် တွင် ကိုယ်တိုင်တွေ့ကြုံမြင်တွေ့ ခဲ့ရခြင်းများကို အသေး စိတ်ရှင်းပြနေလေသည်။
ထို ၂ဝ၁၂ ခုနှစ်သင်္ကြန်မှစ၍ သူမ၏ဘဝသည် မူးယစ်သားကောင်ဘဝအဖြစ် လုံးဝ ကျရောက်သွားရာ မပြီးပြတ်သေးသည့် ပညာရေးဆက်လက်သင်ကြားရန် အတွက် စင်ကာပူသို့ပင် မပြန်နိုင်တော့။
မဒါလီသည် လူကုံထံအသိုင်းအဝိုင်းမှ မွေးဖွားလာ သူပီပီ ငွေကြေးကို အတိုင်းထက်အလွန် သုံးစွဲနိုင်သူလည်း ဖြစ်ရာ သူမ၏မိဘများကလည်း ပြောဆိုဆုံးမ၍ မရနိုင်တော့ သော သမီးဖြစ်သူကို ရင်ထုမနာဖြစ်ကာ ထိုင်ကြည့်နေရုံမှ အပ မည်သို့မျှမတတ်နိုင်ခဲ့ဟု ဆိုသည်။
''အဲဒီတုန်းက ဆေးတွေလည်းသုံး၊ ဘီယာကလည်း သောက်၊ အဝတ်အစား ဆိုမလုံ့တလုံဆိုတာမျိုးပဲ ရွေးဝတ်၊ မဏ္ဍပ်ပေါ်အပြတ်ကဲ၊ တွေ့သမျှမဏ္ဍပ်ပေါ် က ယောက်ျား တွေနဲ့တွဲက။ ကိုယ့်ကို ဘယ်သူကလာဖက်ပြီး ဘယ်သူက နမ်းမှန်းမသိ။ ဒါကိုပဲ အဲဒီအချိန်ကFeel တစ်မျိုးဖြစ်ခဲ့ တာပေါ့''ဟု သူမက ဆိုသည်။
ယခုအခါ ဂျင်းပင်ကို တီရှပ်လက်တိုနှင့် လုံလုံခြုံခြုံ တွဲဝတ်ထားပြီး အသားအရေ ဝင်းမွတ်ကာ ရွှေအိုရောင် ဆံပင်ကို ကျောလယ်ထိချထားသည့် မဒါလီက အချော အလှစာရင်းဝင်တစ်ယောက်ဖြစ်သည်။ ထို့ပြင် မဒါလီသည် ထိုစဉ်က သင်္ကြန်တွင်း နာမည်ကျော်သွားသော နာမည် ကျော်မင်းသမီးတစ်လက်၏ သူငယ်ချင်း တစ်ဦး လည်း ဖြစ်သည်။
''ကျွန်မက မိမဆုံးမ ဖမဆုံးမလိုကို ဖြစ်သွားတာ။ သင်္ကြန်ပြီးတော့ ဆေးစွဲတယ်။ အိမ်ကလည်း သမီး တစ်ယောက်တည်းပါတော့ ချစ်လည်းချစ်၊ အလိုလည်း လိုက်၊ ဘာမှလည်းမပြောနိုင်တော့ ကျွန်မက အရမ်းဆိုး ခဲ့တာ။ အဲဒီနောက်ပိုင်း ခန္ဓာကိုယ်အနှံ့ တက်တူးတွေထိုး၊ ဘီယာအချိန်ပြည့်သောက်၊ ဆေးချ။ တကယ့်လမ်းဘေး စရိုက်ပဲ''ဟု မဒါလီတစ်ယောက် အတိတ်၏ အရိပ်ဆိုးများ ကို ပြန်လည်တူးဆွလျက် ပြောပြလေသည်။ သူ၏ သင်္ကြန် အတွေ့အကြုံမှာ ၂ဝ၁၂ သင်္ကြန်မှာတင် မရပ်ပါ။
၂ဝ၁၃ ခုနှစ် သင်္ကြန်တွင်မူ ယခင်နှစ်ကဲ့သို့ ဆေးစွဲ သည်ထက် ပိုမိုဆိုးရွားသော အတွေ့ အကြုံကို သင်္ကြန် ရေကစားမဏ္ဍပ်များထံမှ မဒါလီလက်ဆောင်ရလိုက်သည်။သူ့ဘဝနှင့် ခန္ဓာကို သင်္ကြန်မဏ္ဍပ်၏နောက်ကွယ် ဗီနိုင်းစကာထားသော အခန်းလေးများအတွင်း မည်သူ မည်ဝါမှန်းမသိသူ၏ အဖျက်အဆီးကို ခံခဲ့ရခြင်းပင်။
သင်္ကြန်ပြီး နှစ်လကြာသည့်အချိန် ဆေးခန်းပြကြည့် ရာမှာ သူမတွင် ကိုယ်ဝန် ရှိမှန်းသိခဲ့ရသည်။ မည်သူ မည်ဝါ၏လက်ချက်ဆိုသည်ကိုပင် ခေါင်းစဉ်မတပ်နိုင် ခဲ့သည့် အခြေအနေ။
ထိုအဖြစ်အပျက်များကြောင့် ချစ်လွန်း၍ အလို လိုက်ခဲ့သည့် မိဘများကပင် အရှက်လွန် ကာ သေကြောင်းကြံရန် ကြိုးစားခဲ့၍ မဒါလီတစ်ယောက် အသိတရားပြန်ဝင်လာ ခဲ့ခြင်းဖြစ်သည်ဟု မျက်ရည်များ တွင်တွင်စီးကျရင်း ရင်ဖွင့်ဆိုလာသည်။
''အတက်နေ့ အပြတ်ကဲမယ်ဆိုပြီး မူးတာမှန်သမျှ အကုန်ချထားတော့ ကိုယ့်ကို ဘယ်သူက ဘာလုပ်သွား မှန်းတောင် မသိဘူး။ နှစ်လလောက်နေမှ ကိုယ် ဒီလိုဖြစ် တယ်ဆိုတာ သိရတာ။ တကယ့်ကို ဘဝက ရုပ်ဆိုးလွန်း သွားပါတယ်။
တခြားမိန်းကလေးတွေ ကျွန်မလိုဖြစ်မှာ တော့ ကြောက်တာအမှန်ပါ''ဟုဆိုလာချိန်သည် မဒါလီ၏ အသက်အရွယ်က(၂၇)နှစ်သို့ ရောက်ရှိချိန်ဖြစ်ပြီး တစ်ချိန်က ကြုံတွေ့ခဲ့ရသော အဖြစ်ဆိုးလှိုင်းဂယက် အားလုံးလည်း တည်ငြိမ်စပြုနေချိန်ဖြစ်သည့်အပြင် စင်ကာပူရှိ ဆော့ဖ်ဝဲကုမ္ပဏီတစ်ခု၌ပင် တာဝန်ထမ်း ဆောင်နေပြီဖြစ်သည်။
သင်္ကြန်ပွဲတော်သည် မြန်မာတို့၏ တန်ဖိုးမဖြတ်နိုင် သော ရိုးရာယဉ်ကျေးမှု ပွဲတော်တစ်ခု ပင်ဖြစ်သော်လည်း ထိုပွဲတော်ကို အရုပ်ဆိုးအကျည်းတန်အောင် ပြုလုပ်ခဲ့သူ များက သူမကဲ့သို့ ခေတ်လွန်သင်္ကြန်ပျော်လူငယ်များပင် ဖြစ်သည်ဟု သူမက ထပ်မံဆိုပြန်သည်။
စည်းလွတ်ဝါးလွတ် ခေတ်ပေါ်သင်္ကြန်ယဉ်ကျေးမှု နှင့်အတူ ရေကစားမဏ္ဍပ်များ၏နောက်ကွယ်ရှိ နားနေ ခန်းဟူသော ဗီနိုင်းကာအခန်းလေးများတွင် သူမကဲ့သို့ မိန်းကလေးအရေအတွက် မည်မျှအထိ ဘဝပျက်ခဲ့ပြီနည်း။
မကြာခင်ရက်ပိုင်းအတွင်း နှစ်သစ်ကူးအတာသင်္ကြန် ကျရောက်တော့မည်ဖြစ်သည့်အတွက် သင်္ကြန်ပွဲတော် တွင် ပါဝင်နွှဲပျော်မည့်မိန်းကလေးများအနေဖြင့် လိင် စိတ်လှုံ့ဆော် သည့်ဆေးဝါးများကို သတိပြုသင့်ပေသည်။ ထိုဆေးဝါးများသည် ဈေးကွက်တွင် အလွယ်တကူ ဝယ်ယူ၍မရဘဲ တစ်ဖက်နိုင်ငံမှ သင်္ကြန်ပွဲတော် နီးကပ် သည့်ရက်များတွင် သီးသန့် တင်သွင်းလေ့ရှိကြောင်းလည်း ပန်းဆိုးတန်းရှိ လိင်ဆိုင်ရာဆေးဝါးရောင်းချသူ ကိုမန်းနီး က ဆိုသည်။
''ကော်ဖီထုပ်၊ ပီကေရှိတယ်။ နောက်မဏ္ဍပ်တွေက အရက်စပ်ထားတဲ့ပုံးတွေထဲထည့်ဖို့က အနံ့အရသာ မပါတဲ့ တရုတ်ကလာတဲ့ဆေးရှိတယ်။ အထူးသဖြင့်
အမျိုးသမီးတွေ စိတ်ကို ဘာမျှမသိအောင် ဖြစ်စေတာ။
လိင်စိတ်ကြွစေတာမျိုးတွေ''ဟု ကိုမန်းနီးက ဆိုသည်။
၂ဝ၁၄ ခုနှစ် မတိုင်မီ အတာသင်္ကြန်ကာလများ အတွင်း လိင်စိတ်ကြွကော်ဖီ၊ ပီကေများသာ သုံးစွဲမှုများရှိ ခဲ့သော်လည်း ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် သင်္ကြန်ကာလမှ စတင်၍ တရုတ်နိုင်ငံ ထုတ် အနံ့အရသာမရှိသော 1 ml အဖြူရောင်လိင်စိတ်ကြွဆေးပုလင်းများ သုံးစွဲလာသည် ဟု ရန်ကုန်မြို့တော်သင်္ကြန်မဏ္ဍပ်များတွင် ရေကစားခဲ့သူ အသက်(၂၄)နှစ်အရွယ် ကိုသက်မျိုးထွန်း က ဆိုသည်။
အဆိုပါဆေးရည်မှာ ဝယ်ယူရလွယ်ကူသည့်အပြင် သုံးစွဲရာတွင်လည်း သောက်သုံး မည့်အချိုရည်များတွင် ထည့်သုံးရသည့်အတွက် လွယ်ကူသောကြောင့် သင်္ကြန် မဏ္ဍပ်များတွင် အများအားဖြင့် သုံးစွဲခဲ့ကြသည်။ ထိုလိင် စိတ်ကြွဆေးရည်များကို သာမန်အားဖြင့် သုံးစွဲရာတွင် ၁ာူ တစ်ပုလင်းကို နှစ်ကြိမ်သုံးစွဲနိုင်ပြီး သုံးစွဲပြီး မိနစ် ၂ဝ အကြာ လိင်စိတ်ပြင်းပြလာကြောင်း အဆိုပါဆေး ညွှန်းများတွင် တရုတ် ဘာသာဖြင့် ရေးသား ထားသည်။
သို့သော် ထိုဆေးရည်၏ နောက်ဆက်တွဲဆိုးကျိုးမှာ နှလုံးခုန်မြန်ကာ ဝမ်းသွားနိုင်သည့် အတွက် နှလုံးရောဂါ အခံရှိသူများအတွက် အသက်အန္တရာယ်ရှိနိုင်ကြောင်း စိတ်ရောဂါအထူးကုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ဇော်မျိုးအောင်က ရှင်းပြသည်။
အသက်အန္တရာယ်နှင့် မကြုံတွေ့ရပါကလည်း နောက်ဆက်တွဲ လူမှုရေးပြဿနာများဖြစ်သည့် အရွယ် မရောက်သေးမီ အိမ်ထောင်ပြုရခြင်း၊ အတူနေအမျိုးသား က ကူးစက်ရောဂါအခံရှိလျှင် ထိုရောဂါပါကူးစက်ခံရခြင်း၊ မည်သူမည်ဝါမှန်း တိကျစွာမဖော်နိုင်ဘဲ ကိုယ်ဝန်ဆောင် ရခြင်းများဖြစ်လာနိုင်သောကြောင့် သင်္ကြန်ပွဲနွှဲပျော်မည့် မိန်းကလေးများအတွက် အထူးစိုးရိမ်မိကြောင်း ၄င်းက ဆိုသည်။
မဒါလီသည် ပိုက်ဆံရှိအသိုင်းအဝိုင်းမှဖြစ်သည့်အတွက် သူမ၏အရှက်သိက္ခာများ ကို ငွေကြေးဖြင့် ဖြေရှင်း နိုင်ခဲ့သော်လည်း ငွေကြေးမတတ်နိုင်သည့် မိန်းကလေး များ၏ ဘဝသည်ကား ထိုသင်္ကြန်သုံးရက် အပျော်လွန်မှု ကြောင့် လမ်းဘေးရောက် သွားနိုင်သည့်အပြင် အသက် သေဆုံးခြင်းများပါ ဖြစ်ပေါ်နိုင်ကြောင်း ဒေါက်တာဇော် မျိုးအောင်က ဆိုလာသည်။
စိတ်ဓာတ်မြူးကြွပျော်ရွှင်ဖွယ်ကောင်းသော တက္ကနို မြူးဇစ်၊ အရောင်စုံလူငယ် လူရွယ် များဖြင့် ပျော်ရွှင်ဖွယ်ရာ အတိ ဖုံးလွှမ်းနေသော ရေကစားမဏ္ဍပ်များ၏နောက် တွင် မိန်းကလေးများအတွက် ကြောက်မက်ဖွယ်ရာ ထောင်ချောက်များစွာကား ရှိနေသည်။ အရက်၊ ဘီယာ တရားဝင်နီးပါး သုံးစွဲခွင့်ရနေသော စိတ်ကြွဆေးဝါးများ၊ လိင်စိတ်ကြွစေသည့် ဓာတုဆေးဝါးများ၊ မူးယစ်ထုံထိုင်း၍ အသိစိတ်ပျောက်ရှနေသည့် ဖိုမများ၊ မဏ္ဍပ်နောက်ဘက် မှ နားနေခန်းအမည်ခံ ဗီနိုင်းကာ အခန်းလွတ်များ။
ယခုအခါ စင်ကာပူနိုင်ငံ တွင်နေထိုင်ကာ သင်္ကြန် ပွဲတော်တွင် မြန်မာနိုင်ငံ ကို ခေတ္တပြန်လာသော မဒါလီ သည် လွန်ခဲ့သောနှစ်များက ခေတ်လွန်သင်္ကြန်၏ မဏ္ဍပ် ထောင်ချောက်များကို ဘဝနှင့်ရင်း၍ သိလိုက်ရသည်။
ယခုတော့ မဒါလီတစ်ယောက် သင်္ကြန်၏အနှစ် သာရကို တည်ငြိမ်စွာရှာဖွေတွေ့ရှိခဲ့လေပြီ။
''ကျွန်မအခု ဆေးလည်းပြတ်ပြီ။ ဒီနှစ်တရားစခန်း ဝင်မယ်။ ကျွန်မကို ပြီးခဲ့တဲ့သင်္ကြန်တွေက ဘဝသင်ခန်းစာ တွေ အများကြီးပေးလိုက်ပါပြီ''ဟူ၍သာ။ ။
ခက်ဇော်
ဧပြီ ၆ ရက်ထုတ် The Voice Weekly အတွဲ (၁၁) အမှတ် (၁၂) တွင် ဖော်ပြထားသော ဆောင်းပါး အား ဂျာနယ်နှင့် စာရေးသူတို့၏ ခွင့်ပြုချက်အရ ဖော်ပြခြင်းဖြစ်ပါသည်။
++++++++++++++++++++++++
ပုဂ္ဂလိကမီဒီယာနှင့် နိုင်ငံပိုင်မီဒီယာများ၏ သဘောသဘာဝနှင့် ရပ်တည်ချက် မတူညီသော် လည်း အများပြည်သူ ကျယ်ပြန့်စွာ သိရှိစေရန်အလို့ငှာ ဖော်ပြ ခွင့်ပြုခြင်းဖြစ်ပါသည်။
(အယ်ဒီတာThe Voice Weekly)

No comments:

Post a Comment