Sunday 5 April 2015

ဖမ်းဆီးခံကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာက မြို့နယ်အလိုက် ပုဒ်မ ၁၈ အပြင် ပုဒ်မ ၅၀၅ (ခ) ဖြင့် ထပ်မံတရားစွဲထားခြင်းမှာ မျှတမှုမရှိကြောင်း ဥပဒေပညာရှင်များ ဝေဖန်


အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြနေသည့် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှ အဖမ်းဆီးခံကျောင်းသား ကျောင်းသူများနှင့် ဝန်းရံပြည်သူများအား သက်ဆိုင်ရာမှ မြို့နယ်အလိုက် ပုဒ်မ-၁၈ ဖြင့် တရားစွဲဆိုထားမှုအပြင် ပုဒ်မ- ၅ဝ၅(ခ)ဖြင့် ထပ်မံတရားစွဲထားခြင်းမှာ မျှတမှုမရှိကြောင်း ဥပဒေပညာရှင်များက ဝေဖန်မှုများ ရှိနေသည်။

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှာ အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးရန်အတွက် မန္တလေးတိုင်းဒေသကြီးမှတစ်ဆင့် ရန်ကုန်သို့ ချီတက်ခဲ့ရန်ထွက်ခွာခဲ့ကြပြီး လမ်းတစ်လျှောက်မြို့နယ် အသီးသီးကို ဖြတ်သန်းခဲ့ရာ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်
လက်ပံတန်းမြို့နယ်၌ ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး၍ အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး ယင်းအနက် ကျောင်းသားခေါင်းဆောင်များကို သက်ဆိုင်ရာမှ ဖြတ်သန်းမြို့နယ် ရဲစခန်းများတွင် ပုဒ်မ- ၁၈ ဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ကန်ကြီးဒေါင့်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ မအူပင်မြို့နယ်၊ ဖျာပုံမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဘိုကလေးမြို့နယ်နှင့် ဒေးဒရဲမြို့နယ်များတွင် အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဆန္ဒပြခဲ့ကြသည့် ဧရာဝတီသပိတ်စစ်ကြောင်းမှ သပိတ်ဦးဆောင်သူများကိုလည်း ဖြတ်သန်းခဲ့ရာ မြို့နယ်များတွင် ပုဒ် မ-၁၈ ဖြင့် အမှုဖွင့်ထားမှုများ ရှိသည်။

“ဆန္ဒပြကျောင်းသားတွေကို ပုဒ်မ ၁၈ အပြင် ပုဒ်မ ၅ဝ၅(ခ) နဲ့ ထပ်တပ်ပြီး တရားစွဲဆိုတာက အစိုးရအနေနဲ့ သက်သက်ညစ်ပြီး တရားစွဲတာလို့ ပြောချင်ပါတယ်။ တကယ်တော့ ပုဒ်မ ၁၈ ဆိုတာက အာမခံပေးလို့ရတဲ့ ပုဒ်မပါ။ အဲဒါနဲ့ပဲ တရားစွဲမယ်ဆိုရင် အာမခံပေးရမှာစိုးလို့ အာမခံပေးလို့မရတဲ့ ပုဒ်မ ၅ဝ၅ (ခ) နဲ့ ထပ်တရားစွဲတယ်လို့ ထင်မြင်မိပါတယ်။ တကယ်တော့ လွတ်လပ်စွာ၊ ပြောဆိုတယ် စီတန်းလှည့်လည်တယ်ဆိုတာ ပုဒ်မ ၁၈ နဲ့တင် လုံလောက်ပါတယ်။အခုဟာက လိုတစ်မျိုး၊ မလိုတစ်မျိုး ဟိုလူကျတော့ ၅ဝ၅ (ခ)ထည့်တယ်။ ဒီလူကျတော့ ၅ဝ၅ (ခ) မထည့်ဘူး။ ဒီလိုလုပ်တာကိုက တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတယ်လို့ ကျွန်တော်မြင်တယ်။ ပုဒ်မ ၁၈ နဲ့ ပုဒ်မ ၅ဝ၅ (ခ)နဲ့က ဥပဒေအကြောင်းအရလည်း လုံးဝ ဆက်နွှယ်မှုမရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၅၄ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့် အရေးအရ လွပ်လပ်စွာပြောဆိုခွင့်ပြုထားတာကို ကန့်သတ်ထားတဲ့ ပုဒ်မ ၁၈ နဲ့ ဖမ်းတာဆီးတာကိုက လွန်လှပါပြီ။ အဲဒါကို ၅ဝ၅ (ခ)နဲ့ ထပ်ပြီး တရားစွဲတယ်ဆိုတာက လုံးဝမဖြစ်သင့်ဘူးလို့ ပြောချင်ပါတယ်” ဟု ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောကြားသည်။

လက်ရှိအချိန်တွင် သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသော ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားကျောင်းသူနှင့် ဝန်းရံပြည်သူ ၆၉ ဦးတို့ကို သက်ဆိုင်ရာမှ လက်ပံတန်းတရားရုံး၌ ပုဒ်မ-၁၈၊ ပုဒ်မ -၅ဝ၅(ခ)၊ ပုဒ်မ-၁၄၃၊ ပုဒ်မ-၁၄၅၊ ပုဒ်မ-၃၃၂ စသည့် ပုဒ်မငါးခုဖြင့် တရားစွဲဆိုထားသည်။

ယင်းသို့ ပုဒ်မ-၁၈၊ ပုဒ်မ၅ဝ၅(ခ) အပါအဝင် အခြားသောပုဒ်မများဖြင့် ကျောင်းသူ ကျောင်သားများနှင့် ဝန်းရံပြည်သူများအား တရားစွဲထားမှုနှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က “ကျွန်တော်ပြောချင်တာက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ချင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းထားတယ်ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၅၄ ကို ရည်ညွှန်းပြီး ပြဋ္ဌာန်းတာ။ ဒါပေမဲ့ ငြိမ်းစုစီဥပဒေက မလိုအပ်ဘဲ ပြဋ္ဌာန်းထားတဲ့ ဥပဒေ။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ အခွင့်အာဏာကို သီးခြားဥပဒေတစ်ခုနဲ့ ထိန်းချုပ်ထားတာ။ ဒါကြောင့် အဲဒီဥပဒေက မမှန်ကန်ဘူး။ အခု တရားစွဲတဲ့အခါမှာ ငြိမ်းစုစီပုဒ်မ-၁၈ ထက် ကျော်လွန်ပြီးတော့ သီးခြားမှုအနေနဲ့ အာမခံမရတဲ့ ပုဒ်မ ၅ဝ၅ (ခ) နဲ့ပါ တရားစွဲဆိုတာဟာ လူတစ်ယောက်ကို  ပြစ်မှုနှစ်ခု စွဲဆိုရာရောက်တယ်။ ပုဒ်မ ၅ဝ၅ (ခ) ဆိုတာကလည်း ပုဒ်မ ၁၈ ကို မွမ်းမံထားတာ။ အဲဒီတော့ လူ့အခွင့်အရေး ချိုးဖောက်ရာကျတယ်။ မြန်မာနိုင်ငံမှာ အဲဒီလို လူ့အခွင့်အရေးချိုးဖောက်တာတွေက များပြားနေတယ်။ အဲဒါကို သမ္မတကြီးက မသိဘူး။ အဲဒီတော့ နိုင်ငံတော်သမ္မတကြီးကပဲ ဖြစ်ဖြစ်၊ ပြန်ကြားရေးကပဲဖြစ်ဖြစ် နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ကျွန်တော်တို့ ရှေ့နေတွေကို ခေါ်တွေ့ပြီး ဘာအရာတွေမှားနေလဲ တင်ပြပါဆိုရင် တင်ပြပေးမှာပါ။ အောက်ခြေမှာ ဖြစ်နေတာကတစ်မျိုး အပေါ်ကသိနေတာက တစ်မျိုး၊ ဒါတွေက သမ္မတကြီးကိုယ်တိုင်လည်း ပြောတယ်။ အထက်လူကြီးအကြိုက်တွေကိုပဲ တင်ပြနေတာတွေ ရှိတယ်လို့ မိန့်ခွန်းမှာ ပြောဖူးတယ်။ အခုဖြစ်နေတာတွေက ၅ဝ၅ (ခ)ကို မလိုအပ်ဘဲနဲ့ သုံးစွဲနေတဲ့အတွက် ပြည်သူလူထုက အစိုးရအပေါ်မှာ မကျေနပ်မှုတွေ ပိုများလာအောင် လုပ်သလိုဖြစ်နေတယ်။ နိုင်ငံတကာကလည်း ဝေဖန်လာပြီ။ ဒါတွေက မကောင်းပါဘူး။ ဘယ်လောက်ထိတောင် ဆိုးရွားလဲဆိုရင် ရိုက်နှက်ဖမ်းဆီးရုံတင်မကဘဲ ကျောင်းသားတွေရဲ့ ပစ္စည်းတွေကို တစ်စုံတစ်ရာပြန်မပေးဘဲနဲ့ ပါလာတဲ့ပစ္စည်းတွေ ဖျက်ဆီးပစ်တာဟာ အစိုးရဂုဏ်သိက္ခာကို ကြီးမားစွာထိခိုက်စေတယ်။ အဲဒါတွေအတွက် မြို့တော်ခန်းမရှေ့က မိကျောင်းကန်ဖြိုခွင်းတဲ့ကိစ္စ၊ လက်ပံတန်းကိစ္စတွေက အထူးထင်ရှားတယ်။ ပြီးတော့ လက်ပံတန်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ဗီဒီယိုမှတ်တမ်းတွေကို ကြည့်ချင်းအားဖြင့် ဥပဒေပိုင်းဆိုင်ရာမှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အမှားအယွင်းများတာတွေရှိနေပြီး အရေးယူခံရမှု မရှိတာကို တွေ့ရတယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်နေတာက အရိုက်ခံရတဲ့သူတွေက ထောင်ထဲရောက်ပြီး ရိုက်တဲ့သူက သူရဲကောင်းဖြစ်နေတယ်။ အဲဒါကို ကာကွယ်ပေးဖို့ ပုဒ်မ-၅ဝ၅ (ခ) ကို တပ်လိုက်တယ်။ အဲဒီတော့ ထောင်ထဲရောက်နေတဲ့သူက အာမခံမရတော့ ဘာမှပြောခွင့်မရဘူး၊ လုပ်ခွင့်မရဘူး။ အခွင့်အရေးတွေ ဆုံးရှုံးသွားတယ်။ ပုဒ်မ ၅ဝ၅ (ခ)က လူတွေကို ဒုက္ခပေးတယ်။ လူတွေရဲ့ပစ္စည်းတွေကို ဥပဒေနဲ့အညီ မဟုတ်ဘဲနဲ့ အခွင့်အရေးဆုံးရှုံးနစ်နာမှုတွေ ဖြစ်စေပါတယ်။ ၅ဝ၅(ခ)ကို မလုပ်ဖို့နဲ့ လုပ်ထားတဲ့ အမှုတွေကိုလည်း ပြန်လည်ပယ်ဖျက်ပြီး ဖမ်းထားတဲ့ ကျောင်းသားနဲ့ ဝန်းရံပြည်သူတွေကို ပြန်လွှတ်ပေးဖို့ ပြောချင်ပါတယ်”ဟု ပြောကြားသည်။

ထို့အပြင် သက်ဆိုင်ရာမှ ကျောင်းသားများအား မြို့နယ်အလိုက် ပုဒ်မ ၁၈ များဖြင့် တရားစွဲထားမှုနှင့် ပတ်သက်၍လည်း ၎င်းက “ အခုကျောင်းသားတွေကို မြို့နယ်အလိုက် ပုဒ်မ၁၈နဲ့စွဲထားတာတွေ။ ကျောင်းသားခေါင်းဆောင် ကိုနန္ဒာစစ်အောင်ကို မြို့နယ် ၃၈ မြို့နယ်မှာ ပုဒ်မ-၁၈ နဲ့ တရားစွဲထားတာရှိတယ်လို့ သိရတယ်။ အဲဒီတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၂၃၄ မှာ ပြဋ္ဌာန်းထားတာတွေက အသက်မဝင်တော့ဘူးလားလို့ မေးချင်တယ်။ တုတ်နဲ့ရိုက်ဖို့ကျတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၁၂၇၊ ၁၂၈ အရလို့ပြောပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေကို ကိုးကားတယ်။ တရားစွဲတဲ့အခါကျတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေကို မကိုးကားတော့ဘဲ မျက်ကွယ်ပြုထားတယ်။ မျိုးတူတဲ့ ပုဒ်မတွေကို တစ်ခုတည်း တရားစွဲရမှာကို မစွဲဘဲနဲ့ တစ်မြို့နယ်ကို တစ်ခုနှုန်းနဲ့ တရားစွဲတယ်။ ပြောရမယ်ဆိုရင် ဒီတစ်သက် မောင်မင်း ထောင်ထဲမှာပဲ သေစေတော့ဟဲ့လို့ အမိန့်မျက်လိုက်သလို ဖြစ်နေတယ်။ နောက်တစ်ချက်က လမ်းလျှောက်ဆန္ဒပြလို့ဆိုတော့ ဆန္ဒပြမယ့်သူတွေ က ဝီးချဲနဲ့ ဆန္ဒပြရမလို ဖြစ်နေပြီ။ ဥပဒေကို လက်တစ်လုံးခြားကစားပြီးတော့ အမှုတွေကို ဗလပွဖြစ်နေတော့ တန်ဖိုးရှိတဲ့ တရားရုံးတွေရဲ့အချိန်တွေ ဆုံးရှုံးတယ်။ ဥပဒေအရာရှိတွေ အလုပ်ရှုပ်တယ်။ ရှေ့နေတွေလည်း အလုပ်ရှုပ်တယ်။ ဒါတွေဟာ မြန်မာနိုင်ငံတရား စီရင်မှုရဲ့ ယိုယွင်းချက်တစ်ခုပါပဲ”ဟု ဆက်လက် ပြောကြားသည်။

အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် စီတန်းလှည့်လည် ဆန္ဒပြခဲ့သူများအား မြို့နယ်အလိုက် တရားစွဲခဲ့မှုများရှိခဲ့ပြီး ယင်းအနက် အသိမ်းဆည်းခံမြေ ပြန်လည်ရရှိရေးအတွက် ရန်ကုန်မြို့ အနောက်ပိုင်းခရိုင်အတွင်း ဆန္ဒပြခဲ့သည့် မိကျောင်းကန်သပိတ်ဦးဆောင်သူ ဦးစိန်သန်းကို ၂ဝ၁၄ ခုနှစ်အတွင်း လသာတရားရုံး က ပုဒ်မ ၁၈ ဖြင့် အလုပ်နှင့်ထောင်ဒဏ်လေးလ၊ ပန်းဘဲတန်းတရားရုံးက ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် လေးလ၊ ဗဟန်းတရားရုံးက ပုဒ်မ-၁၈ ဖြင့် ထောင်ဒဏ် လေးလ၊ ကျောက်တံတား ပုဒ်မ-၁၈ ဖြင့် ထောင်ဒဏ် လေးလနှင့် ကျောက်တံတားမြို့နယ်တရားရုံးက ပုဒ်မ ၁၈ ဖြင့် အလုပ်နှင့်ထောင်ဒဏ် လေးလ ကျခံစေရန် ထပ်မံအမိန့်ချမှတ်ခဲ့ကာ ပြစ်ဒဏ်များအား တပေါင်းတည်း ကျခံနိုင်စေရန် ခရိုင်တရားရုံးသို့ အယူခံဝင်ခဲ့သော်လည်း ပလပ်ခြင်း
ခံထားရသည်။

ထို့အတူ ပြည်ထောင်စုအစိုးရအား အလိုမရှိကြောင်း ဆန္ဒပြခဲ့သည့် MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကိုလည်း ၂ဝ၁၄ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တရားရုံး လေးရုံးမှ ပုဒ်မ-၁၈ ဖြင့် စုစုပေါင်းထောင်ဒဏ် တစ်နှစ်နှင့် ၁ဝ လ ချမှတ်ထားပြီး ပုဒ်မ-၅ဝ၅ (ခ)ဖြင့်လည်း မြို့နယ်တရားရုံး ၁၁ ရုံးမှ ပုဒ်မ-၅ဝ၅(ခ)ဖြင့် စုစုပေါင်းထောင်ဒဏ် ၁၂ နှစ်နှင့် ခြောက်လ ချမှတ်ထားသည့်အတွက် အမှုနှစ်ခု၏ ပြစ်ဒဏ် ၁၄ နှစ် လေးလ ကျခံနေရသည်။

ထို့ကြောင့် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေးအတွက်သာ ဆန္ဒပြတောင်းဆိုခဲ့သည့် ကျောင်းသားများအား ယင်းသို့ ပုဒ် မ-၁၈၊ ပုဒ်မ-၅ဝ၅ (ခ) တို့ဖြင့် ပြစ်ဒဏ်အများအပြား ချမှတ်ခံရမည်ကို ဥပဒေပညာရှင်များနှင့် ပြည်သူလူထုက စိုးရိမ်မှုများ ရှိနေကြသည်။

“အမှန်တော့ ပုဒ်မ ၁၈ ဆိုတာ မလိုအပ်ဘူး။ ပြစ်မှုဆိုင်ရာဥပဒေမှာ ပြဋ္ဌာန်းပြီးသား ပုဒ်မ ၁၄ဝ ကျော်မှာ အေးချမ်းသာယာမှုတွေကို ပျက်ပြားစေတဲ့ ဥပဒေတို့ ငြိမ်းစုစီတို့အပြင် ၅ဝ၅ (ခ) တို့ဆိုတာ  ရာဇသတ်ကြီး ပုဒ်မတွေမှာ အကုန်ပါပြီးသားပါ။ အဲဒါရှိပါလျက်နဲ့ကို ဘာကြောင့် ဒီအစိုးရက ပုဒ်မ ၁၈ ကို ထပ်ပြဋ္ဌာန်းထားတာဟာ မလိုအပ်တဲ့ဥပဒေကို ထုတ်ထားသလို ဖြစ်နေတယ်။ ဒီရာဇသတ်ကြီး ဥပဒေတွေရှိသရွေ့ ဒီပုဒ်မ ၁၈ ဆိုတာ လိုကိုမလိုပါဘူး။ ပုဒ်မ ၁၈ နဲ့ စွဲချင်တယ်ဆိုရင် ဒီပုဒ်မတွေကို ဖျက်လိုက်လေ ဟုတ်တယ်မလား။
ဒီပုဒ်မ၁၈နဲ့စွဲပြီး ၅ဝ၅ (ခ) နဲ့ စွဲတာကတော့ အရပ်စကားနဲ့ ပြောရင်တော့ ကုလားကြီးနဲ့ အရာကြီးပါပဲ။ ပုဒ်မ ၁၈ ဆိုလည်း ပြစ်ဒဏ်တစ်ခုပေးလို့ရတယ်။ ၅ဝ၅ (ခ) ကျတော့လည်း ပြစ်ဒဏ်တစ်ခုပေးလို့ရတယ်။ အခြား ၁၄၇ တို့ဆိုတာလည်း ပြစ်ဒဏ်တစ်ခုစီ ပေးလို့ရတယ်။ ဒီလိုမျိုးပုဒ်မတွေ တစ်ခုစီစွဲတာကတော့ အစိုးရက ဆန္ဒပြသူတွေကို နောက်ထပ်မလုပ်ရဲအောင် ရုံးစုရုံးစု မလုပ်ရဲအောင် အစိုးရက လုပ်တယ်လို့ ကျွန်တော်မြင်ပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးနေလင်းအောင်က ပြောကြားသည်။

သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်လိုပါက ခွင့်ပြုမိန့်တောင်းခံရန် ပြောကြားမှုများ ရှိသော်လည်း ခွင့်ပြုမိန့်တင်ရာတွင် ဆန္ဒပြသည့်ရက် ရွှေ့ဆိုင်းခြင်း၊ ဆန္ဒပြမည့်နေရာ ကန့်သတ်သတ်မှတ်ပေးခြင်းများရှိပြီး သတ်မှတ်နေရာတွင် ဆန္ဒပြပွဲ မပြုလုပ်ပါက ပုဒ်မ- ၁၉ဖြင့် တရားစွဲခြင်းတို့ကြောင့် ခွင့်ပြုမိန့် မတင်ရခြင်းဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုသည်။

ပုဒ်မ-၁၈ ပြစ်ဒဏ်မှာ အမြင့်ဆုံးထောင်ဒဏ် ခြောက်လ၊ ငွေဒဏ် ကျပ် ၃ဝ,ဝဝဝ ချမှတ်နိုင်ပြီး၊ ပုဒ်မ- ၅ဝ၅ (ခ) ပြစ်ဒဏ်မှာ အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်ချမှတ်နိုင်ကြောင်း သိရသည်။

“ကျောင်းသားတွေကို တည်ဆဲဥပဒေတစ်ခုဖြစ်တဲ့ ပုဒ်မ-၁၈နဲ့ တရားစွဲတယ်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေက ပြစ်မှုဥပဒေပုဒ်မ-၅ဝ၅ (ခ) ကို ဖောက်ဖျက်ကျူးလွန်တယ်ဆိုပြီး တရားစွဲတာကတော့ မဖြစ်သင့်ပါဘူး။ ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်တဲ့ကိစ္စမျိုး ရှိခဲ့တာတွေ မတွေ့ရဘူး။ ပြီးတော့ ကျောင်းတွေကို ဖြတ်သန်းတဲ့ မြို့နယ်အလိုက် ပုဒ်မ-၁၈ နဲ့ အမှုဖွင့် တရားစွဲတယ်ဆိုတာလည်း မှားယွင်းတဲ့ စွဲဆိုမှုလို့ ထင်မြင်ပါတယ်။ ပြစ်မှုကျင့်ထုံးဥပဒေမှာဆိုရင် တစ်နှစ်တည်းမှာ တူညီတဲ့ လုပ်ဆောင်ချက်တစ်ခုကို တစ်ဆက်တည်း လုပ်ဆောင်တယ်ဆိုရင် အဲဒီအတွက် စွဲချက်တွေအားလုံးကို တစ်ပေါင်းတည်း ကြားနာရမယ်လို့ ဥပဒေက ဆိုထားတာရှိတယ်။ ဆိုလိုတာက ကျောင်းသားတွေက တစ်နှစ်တည်းမှာပဲ ဆန္ဒပြခြင်းလို့ဆိုတဲ့ လုပ်ရပ်တစ်ခုကို  တစ်ဆက်တည်း ဆောင်ရွက်တာဖြစ်လို့ စွဲချက်တွေကို တပေါင်းတည်း စွဲဆိုသင့်တယ်လို့ မြင်မိပါတယ်။ ကျောင်းသားတွေက အများပြည်သူ တစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စ ကို သူတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့သိတဲ့ တတ်တဲ့အတိုင်း တောင်းဆိုနေတာပါ။ တကယ်တော့ နိုင်ငံတော်အပေါ်မှာရော ပြည်သူအပေါ်မှာရော အထိတ်တလန့် ဖြစ်စေတာမျိုး မရှိခဲ့ပါဘူး။ အများပြည်သူတွေကတောင် ဝန်းရံတဲ့အနေထားတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ကျောင်းသူကျောင်းသားတွေ စွဲဆိုချက်တွေထဲက အမြန်ဆုံးလွတ်မြောက်စေချင်ပါတယ်”ဟု ရှေ့နေ ကိုဖိုးဖြူက ပြောကြားသည်။

ပြီးခဲ့သည့် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်အတွင်း ငြိမ်းစုစီ ပုဒ်မ-၁၈ အား ဖျက်သိမ်းပေးရန်အတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများက တိုင်းဒေသကြီးအသီးသီးတွင် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပုဒ်မ ၁၈၊ ပုဒ်မ ၅ဝ၅(ခ) ၊ ပုဒ်မ ၁၄၇၊ ပုဒ်မ ၁၄၃ စသည်တို့ဖြင့် တရားစွဲခံထားရသည်မှာ ယခုနှစ် မတ်လကုန်ပိုင်းအထိ စုစုပေါင်း၃ဝဝ နီးပါးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှု အသင်း(AAPP) ၏ စစ်တမ်းကောက်ယူမှုအရ သိရသည်။

Eleven Media Group 

No comments:

Post a Comment