Thursday 12 March 2015

အတင်းအကြပ်လူသစ်စုဆောင်းခြင်းမပြုလုပ်ရန် KIA အဖွဲ့အား ဒေသခံတိုင်းရင်းသားများမှတောင်းဆို

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ မြစ်မှော်ကျေးရွာသို့ မတ်လ ၈ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့ရောက်ရှိလာပြီး အနီးနားဝန်းကျင်ကျေးရွာများတွင် လူသစ်စုဆောင်းမှု များပြုလုပ်သွား ကြောင်း ယင်းဒေသခံရွာသားများထံမှ သိရသည်။
အဆိုပါအဖွဲ့သည် မြစ်မှော်ကျေးရွာ၊ ရုံးချိုကျေးရွာ၊ နန့်စန်း(၁)နှင့် နန့်စန်း(၂)ကျေးရွာများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများကိုခေါ်ယူ၍ KIA အဖွဲ့အတွက် လူသစ်စုဆောင်းပေးရန် ပြောကြားခဲ့ကြောင်း ရုံးချိုကျေးရွာ ရွာသားတစ်ဦးထံမှ သိရသည်။

“ဆက်ကြေးတောင်းတော့လည်းပေးရ၊ အခု လူသစ်ဆိုတော့ အသက် ၁၈နှစ်နှင့် ၄၅ နှစ်ကြားရှိသူ အိမ်ထောင်စု ၁ စုလျှင် ၁ ဦးနှုန်းသတ် မှတ်ထားတယ်ပြောတယ်၊ ရွာမှာရှိတဲ့ လူငယ်လူရွယ်တွေကလည်း တစ်ခြားဒေသမှာရှိ တဲ့ ဆွေမျိုးတွေဆီရောက်ကုန်ပြီ”ဟု ရွာသားတစ်ဦး ကပြောသည်။
မြစ်မှော်ကျေးရွာနှင့် ရုံးချိုကျေးရွာမှ ရွာသူရွာသားများသည် KIA အဖွဲ့၏ ဒေသခံတိုင်းရင်းသားများအား အတင်းအကြပ်လူသစ်စုဆောင်းခြင်း၊ ခြိမ်းခြောက်ခေါ်ဆိုခြင်းများကို မပြုလုပ်ရန် မတ်လ ၉ ရက်နေ့တွင် ဖားကန့်ရှိ KIA ဆက်ဆံရေးရုံးသို့ သွားရောက်တောင်းဆိုခဲ့ကြောင်း ယင်းဒေသခံရွာသားတစ်ဦးထံမှ သိရသည်။
KIA အဖွဲ့အနေဖြင့် လောက်ကိုင်ဒေသတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွား လာပြီးနောက်ပိုင်း ကျေးရွာအုပ်စုများမှ အိမ်ထောင်စု ၁ စုလျှင် ၁ ဦးနှုန်း သတ်မှတ်ထား၍ လူသစ်စုဆောင်းမှုများ ပြုလုပ်လာကြောင်းလည်းသိရသည်။
ထိုကဲ့သို့ KIA အဖွဲ့မှ လူသစ်များ အတင်းအကြပ်စုဆောင်းမှုများပြု လုပ်လာခြင်းကြောင့် ဒေသခံတိုင်းရင်းသား လူငယ်တို့ မှာလည်း ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲများကိုလည်း ထိခိုက် လာနိုင်ကြောင်း မြစ်ကြီးနားမြို့ခံရှေ့နေ တစ်ဦးကပြောကြားသွားသည်။
စိုင်းခွန်စစ်

No comments:

Post a Comment