Tuesday 31 March 2015

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မျှတမှု မရှိပါက ရွေးကောက်ပွဲ မျှတမှုရှိမည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော



        ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မျှတမှု မရှိပါက ရွေးကောက်ပွဲသည်လည်း မျှတမှု ရှိမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။ ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခေတ္တရပ်နားစဉ် အတွင်း လွှတ်တော်သို့ လာရောက် ကြသည့် NLD  ပါတီဝင်များနှင့် တွေ့ဆုံစဉ် ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ တကယ် အရေးကြီးဆုံး ကိစ္စက နောက်လွှတ်တော် မှန်မှန်ကန်ကန် ပေါ်လာ မှာလား။ ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော် ဖြစ်နိုင်တဲ့ အခြေအနေတွေ ဒါပေး သလားဆိုတာ အဲဒါကို စဉ်းစားဖို့ လိုတယ် ဟု ၎င်းက ဆက်ပြောသည်။ ထို့ပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြုပြင်ပြောင်းလဲ လိုခြင်းမှာ ရွေးကောက်ပွဲ တရား မျှတရန်နှင့် လွတ်လပ်ဖို့သာ ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် တစ်ဖက်စောင်း နင်းဖြစ်နေပါ က မည်သည့် ရွေးကောက်ပွဲမှ ညီမျှမှု ရှိမည် မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌက ဆိုသည်။

        တချို့တွေက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ ရွေးကောက်ပွဲနဲ့ ဘာဆိုင်လဲ ပြောကြတယ်။ အများကြီး ဆိုင်တာပေါ့။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက မျှမျှ တတ မရှိရင် ဒီရွေးကောက်ပွဲဟာ မျှမျှတတ မရှိဘူး။ ရွေးကောက်ပွဲ မျှမျှတတ မရှိလို့ရှိရင် ပြည်သူတွေ ကိုယ်စားပြုမှုဟာ မစစ်မှန်ဘူး ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ မရသေးဘဲ ယခုမှ လမ်းအစသာ ရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ တရား ဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဟူသော ဦးတည်ချက် သုံးချက်ဖြင့် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအား ၀င်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment