Thursday 5 February 2015

ပြည်ခိုင်ဖြိုးအမည်တပ် မြို့ရွာဆိုင်းဘုတ်များအား ပြန်ဖြုတ်ပေးမည်ဟု ပါတီဗဟိုကော်မတီဝင် ကတိပြု

မြို့နယ်၊ ကျေးရွာအမည်များ တွင် ပြည်ခိုင်ဖြိုးမြို့ရွာဟုရေးသားစိုက် ထူထားသော ဆိုင်းဘုတ်များကို ပြန် လည်ဖြုတ်သိမ်းပေးမည်ဟု ပြည်ခိုင်ဖြိုး ပါတီ ဗဟိုကော်မတီဝင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသာဝင်းက ပြော ကြားသည်။

''ကျွန်တော်တို့က ကျေးရွာမြို့တွေ မှာ ပြည်ခိုင်ဖြိုးမြို့ရွာဆိုပြီး ဆိုင်းဘုတ် ထူထားတဲ့ဟာ အသင်းဘဝကပါ။ အခု ပါတီအဖြစ် ရပ်တည်ပြီးတဲ့နောက်ပိုင်း မှာ အဲဒီလိုတင်တာမရှိပါဘူး။ ကျွန်တော် တို့ဘက်ကတော့ အခုရှိနေတဲ့ဆိုင်းဘုတ် တွေကိုပြန်လည်ဖြုတ်သိမ်းပေးသွား မှာပါ''ဟု ၄င်းက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသောကျေးရွာအမည်အောက်တွင် ပြည်ခိုင်ဖြိုးရွာ၊ မြို့ဟုဆိုင်းဘုတ် များစိုက်ထူထားမှုကို တည်ဆဲဥပဒေများ နှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်းကိုလည်း ဖေဖော်ဝါရီ ၂ရက် ပြည်သူ့လွှတ်တော်တွင်တရားဝင်ပြော ဆိုခဲ့ပြီးဖြစ်သည်။

ပြည်ထဲရေးဝန်းကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှုးချုပ်ကျော်ဇံမြင့်က ''ပြည်ထဲရေးအနေနဲ့ အမိန့်တွေ၊ ညွှန် ကြား ချက်တွေ ထုတ်ပြန်သွားမယ်။ အဲဒီလို ညွှန်ကြားချက်တွေကို ပါတီက လိုက်နာ မှုမရှိရင် တည်ဆဲ ဥပဒေများနှင့်အရေး ယူဆောင်ရွက်ပါမယ်''ဟု ပြောဆိုခဲ့သည်။

လက်ရှိကျင်းပနေသည့် ပြည်သူ့ လွှတ်တော်(၁၂)ကြိမ်မြောက် အစည်းအဝေးတွင် ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၏မေးခွန်းနှင့်ပတ်သက်ပြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဖြေကြား ခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်း ကြီးမြို့၊ ပုလဲကျေးရွာ၊ ကျောက္ကာမြောက်၊ သရက်ကန် စသည့်ကျေးရွာ များတွင် ပြည်ခိုင်ဖြိုးရွာဟု ဆိုင်းဘုတ်များစိုက် ထူထားမှုကို ပရိုဂျက်တာဖြင့်ပြသကာ ဒေါ်ခင်စန်းလှိုင်က မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသ များရှိ မြို့နယ်ကျေးရွာများ၏အမည် အောက်တွင် ပြည်ခိုင်ဖြိုးရွာ၊ ပြည်ခိုင် ဖြိုးမြို့ဟူသောဆိုင်းဘုတ်များစိုက်ထူ ထားမှုသည် ယနေ့အချိန်အထိ အထင် အရှားရှိနေသည့်အတွက် အရပ်ဘက် အဖွဲ့အစည်း အချို့က လိုက်လံစစ်တမ်း ကောက်ယူမှုများပြုလုပ်လျက်ရှိသည်။

TheYangonTimes
Yangon Media Group

No comments:

Post a Comment