Sunday 25 January 2015

ရက်ပေါင်း ၈၀ ကျော်ကြာ ကျင်းပမည့် မန်းရွှေစက်တော်ဘုရားပွဲတော် စတင်ဖွင့်လှစ်ခဲ့ပြီး ယခင်နှစ်များကထက် ဘုရားဖူးများ ပိုမိုစည်ကား

မြတ်ဗုဒ္ဓခြေတော်ရာနှစ်ဆူ တည်ရှိပြီး ၈၃ ရက်ကြာကျင်းပမည့် မကွေးတိုင်းဒေသ ကြီး မင်းဘူးမြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို ဇန်နဝါရီ ၂၄ ရက် နံနက် ၈ နာရီက စတင်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲနေ့တွင် မြန်မာနိုင်ငံဒေသ အများအပြားမှ လာရောက်ကြသော ဘုရားဖူးများဖြင့် ယခင်နှစ်များကထက် ပိုမိုစည်ကားခဲ့ကြောင်း ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။


တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ ကျင်းပလေ့ရှိသည့် မန်းရွှေစက်တော် ဘုရားပွဲတော် ဖွင့်ပွဲနေ့က မန်းချောင်းဝဲဘက်ကမ်းနဖူးရှိ အောက်ခြေတော်ရာကို ဖွင့်လှစ်အပူဇော်ခံခဲ့ကြောင်း မန်းချောင်း၏ယာဘက် သစ္စာဗန္ဓတောင်တော်ပေါ်ရှိ အထက်စက်တော်ရာကိုလည်း ထိုနေ့တွင်ပင် ဖွင့်လှစ်အပူဇော်ခံခဲ့ကြောင်း ဖွင့်ပွဲအခမ်းအနားတွင် ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသည့် စက်လက္ခဏာများပါသော ခြေတော်ရာကြီးတစ်ခုကို ပွဲတော်အတွင်း လှည့်လည်အပူဇော်ခံခဲ့ကြောင်း ဂေါပကအဖွဲ့ဝင် ဦးကျော်စိန်ဝင်းထံမှ သိရသည်။

“ပွဲတော်ကြီးက တစ်နှစ်ထက်တစ်နှစ် ဘုရားဖူးတွေနဲ့ ပိုပြီးစည်ကားလာပါတယ်။ ဒါပေမဲ့ ပွဲတော်အတွင်း လုပ်ငန်းလုပ်ကိုင်ခွင့်တွေကို အာဏာပိုင်တွေနဲ့ နီးစပ်သူတွေကသာ လက်ဝါးကြီးအုပ်ထားပြီး အဆင့်ဆင့် ပြန်လည်ရောင်းချတာတွေက အစဉ်အလာ တစ်ခုလိုဖြစ်နေပါပြီ။ ခုနှစ်မှာဆို ပုဂ္ဂလိက တဲကျောင်း (တည်းခိုဆောင်) ၁၁ လုံးပါတစ်တွဲကို သိန်း ၁၂ဝ အထိဈေးပေါက်သွားတော့ ဖွင့်ပွဲနေ့မှာကိုပဲ တည်းခိုခက တစ်ခန်းကို တစ်ညစာ ကျပ်ငါးသောင်းလောက် ဈေးပေါက်ခဲ့ပါတယ်။ ပွဲတော်တွင်းဝင်ကြေးကလည်း ဆိုင်ကယ်တစ်စီးကိုတောင် ကျပ် ၅ဝဝ တောင်းပါတယ်။ အဲဒီဈေးတွေက ဂေါပကအဖွဲ့ သတ်မှတ်ဈေးတွေထက် အဆမတန်များလွန်းတဲ့ ဈေးတွေပါ။ ပွဲတော်တစ်ခွင်လုံးမှာ ဂေါပကအဖွဲ့ သတ်မှတ်ဈေးထက် အဆမတန်ယူနေသူတွေက များပါတယ်” ဟု ပွဲတော်ဖွင့်ပွဲသို့ နှစ်စဉ် လာရောက်လေ့ ရှိသည့် ဘုရားဖူးတစ်ဦးက ဆိုသည်။

ယခုနှစ်ပွဲတော်ချိန်တွင် ရွှေစက်တော်ဘုရားသို့ ပုသိမ်-မုံရွာလမ်းမှ ခွဲဝင်သည့် သုံးမိုင်လမ်းကို နှစ်လမ်းသွားအဖြစ်တိုးချဲ့ ဖောက်လုပ်ခဲ့ကြောင်း၊ ပွဲတော်အဝင်ဝတွင် ဘုရားဖူးကားကြီးများရပ်နားရန် ကားကွင်းအသစ် တစ်ခုလည်း တည်ဆောက်ခဲ့ကြောင်း ယခင်နှစ်များက ပွဲတော်ခွင်အတွင်း ဂျီအက်စ်အင်မ်ဖုန်းလိုင်းများ ဆက်သွယ်၍ရခဲ့သော်လည်း ယခုနှစ်တွင် ဖုန်းများဆက်သွယ်ရ ခက်ခဲနေကြောင်း ယခုနှစ်ပွဲတော်ခွင်အတွင်း တဲကျောင်းပေါင်း တစ်ထောင်ကျော်နှင့် ဆိုင်ခန်းပေါင်း ၅ဝဝ ကျော်ပါဝင်ခဲ့ကြောင်း ပွဲတော်တွင်းလုပ်ငန်းရှင်များထံမှ သိရသည်။

“ပွဲတော်ကို ဖွင့်ပွဲနေ့မဟုတ်တောင် နှစ်စဉ်နီးပါး ရောက်ဖြစ်ပါတယ်။ အဓိကတော့ မြတ်စွာဘုရားရဲ့ ခြေတော်ရာနှစ်ဆူကို ကိုယ်တွေ့ဖူးမြော်ချင်လို့ပါ။ ပြီးတော့ ရွှေစက်တော်ဝန်းကျင်က တောတောင်သဘာဝတွေကလည်း စိတ်ကြည်နူးဖို့ ကောင်းပါတယ်။ မန်းချောင်းထဲမှာ ရေချိုးရတာလည်း ပျော်ဖို့ ကောင်းပါတယ်” ဟု ရန်ကုန်မြို့မှလာရောက်သည့် ဘုရားဖူးတစ်ဦးက ပြောကြားသည်။

ရွှေစက်တော်ဘုရားပွဲတော်မှာ တပို့တွဲလပြည့်နေ့၊ အစိုးရရုံးပိတ်ရက်များ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲများပြီးစအချိန်များနှင့် သင်္ကြန်ကာလများတွင် အထူးစည်ကားလေ့ရှိကြောင်း ပွဲတော်သို့ မြန်မာပြည်တွင်း ဘုရားဖူးများသာမက ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် သင်္ဘောဖြင့် လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားများလည်း မကွေးမြို့မှတစ်ဆင့် လာရောက်လည်ပတ် လေ့ရှိကြောင်း၊ ယခုနှစ်ပွဲတော်ဖွင့်ပွဲနေ့က ရန်ကုန်မှဘုရားဖူး ယာဉ်လိုင်းများဖြင့် လာရောက်သူ အဓိကများ ပြားခဲ့ကြောင်း၊ ပွဲတော်တွင်း ဘုရားဖူးအစည်ကားဆုံး နေ့များတွင် ၁ဝ ပေပတ်လည် ဝါးကြမ်းခင်း၊ ထရံကာ၊ သက်ကယ်မိုး တည်းခိုဆောင်တစ်ခန်းလျှင် ကျပ်တစ်သိန်းဝန်းကျင်အထိ ဈေးတောင်းလေ့ရှိသောကြောင့် ဘုရားဖူးများက ဝေဖန်မှုများ ရှိခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment