Sunday 25 January 2015

မောင်တောခရိုင်အတွင်း ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ခံရန် လျှောက်ထားနိုင်ကြောင်း အသိပေးထားသော်လည်း ယနေ့အထိ လျှောက်ထားသူ မရှိသေး

မောင်တောခရိုင်အတွင်းရှိ ဘင်္ဂါလီများအား နိုင်ငံသားစီစစ်ခံရန် လျှောက်ထားနိုင်ကြောင်း သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ကြေငြာအသိပေးထားပြီး ဖြစ်သော်လည်း ယနေ့အထိ လျှောက်ထားလာသူ မရှိသေးကြောင်း မောင်တောခရိုင်လဝကမှ သိရသည်။

“နိုင်ငံသားလျှောက်ထား လိုသူတွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် စာရင်းတွေပေးနိုင်တယ်ဆိုပြီး ပြောထားတယ်။ စာရင်းတွေပေးထားရင် စစ်ပေးမယ်။ ဒါပေမဲ့ ဘင်္ဂါလီအမည်နဲ့ စာရင်းပေးရမှာဖြစ်တယ်။ ဇန်နဝါရီ ၁၃ ရက်ကစပြီး နိုင်ငံသားဥပဒေနဲ့ ပတ်သက်လို့ ရပ်ကျေးတာဝန်ခံတွေ၊ ရပ်မိရပ်ဖတွေကို ရှင်းလင်းမှုတွေ လုပ်နေတာဖြစ်ပေမယ့် အခုအထိ လျှောက်ထားသူ မရှိသေးဘူး” ဟု မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစောနိုင်က ပြောကြားသည်။


ယင်းအပြင် တချို့ကျေးရွာများတွင် နိုင်ငံသားစိစစ်ခံရန် တစ်ဦးတစ်ယောက်မျှ မရှိကြောင်း၊ ကျေးရွာအုပ်ချုပ်ရေး တာဝန်ခံများက စာဖြင့်အကြောင်းကြားသည်များပင် ရှိကြောင်းလည်း သိရသည်။

“ဘင်္ဂါလီတွေကို ဘင်္ဂါလီလူမျိုးနာမည်နဲ့သာ စိစစ်ပေးမယ်။ ဒါပေမဲ့ ဘင်္ဂါလီတွေက သူတို့လိုချင်တဲ့နာမည်နဲ့ပဲ စိစစ်ခံချင်တယ်။ ဒါကြောင့် အခုချိန်အထိ လျှောက်လွှာတွေ တစ်စောင်မှ မရောက်သေးဘူး” ဟု မောင်တောမြို့နယ် နိုင်ငံသားစိစစ်ရေးအဖွဲ့ဝင် ဦးလှမြင့်က ပြောကြားသည်။

မောင်တောခရိုင်အတွင်း နိုင်ငံသားစိစစ်ရေး အဖွဲ့များအား ဖွဲ့စည်းထားပြီး အဖွဲ့ ဝင်ခုနစ်ဦးပါဝင်သည့် မြို့နယ်အဆင့် စိစစ်ရေးကော်မတီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ၊ မြို့နယ်လဝကဦးစီးဌာနမှူးက အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေအရာရှိတို့နှင့်အတူ ရခိုင်တိုင်းရင်းသား မြို့မိ၊ မြို့ဖနှစ်ဦးနှင့် ဘင်္ဂါလီဘက်မှ ကိုယ်စားလှယ်တစ်ဦးတို့က အဖွဲ့ဝင်များအဖြစ် ပါဝင်သည်။

ယခုဆောင်ရွက်မည့် နိုင်ငံသားစိစစ်ခြင်း လုပ်ငန်းတွင် စိစစ်ခံရန် လျှောက်ထားသူ ဘင်္ဂါလီများကိုသာ စိစစ်ရမည့်လုပ်ငန်း ဖြစ်ကြောင်းနှင့် ရိုဟင်ဂျာအမည်ဖြင့် လျှောက်ထားမှုကို လုံးဝလက်ခံမည် မဟုတ်ကြောင်း ခရိုင်လဝကဦးစီးဌာနမှူး ဦးစောနိုင်က ပြောကြားသည်။

နိုင်ငံသားစိစစ်ရာတွင် အချိန်ကာလအားဖြင့် ခြောက်လအတွင်း အပြီးသတ် ဆောင်ရွက်ရမည်ဖြစ်ပြီး ဇန်နဝါရီလအတွင်း နိုင်ငံသားဖြစ်ခွင့် လျှောက်ထားလိုသူများ စာရင်းကောက်ခံခြင်းကို အပြီးသတ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ ရမ်းဗြဲနှင့် သံတွဲ မြို့များမှ ကမန်နှင့် ဘင်္ဂါလီအမည်ဖြင့် လျှောက်လွှာများ လက်ခံရရှိနေပြီဖြစ်ကြောင်းလည်း ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ သိရသည်။

Eleven Media Group

No comments:

Post a Comment