Tuesday 27 January 2015

တရုတ်နိုင်ငံဘက်မှ တင်သွင်းလာသည့် ဖောက်ခွဲရေးယမ်းအဖြစ် သုံးနိုင်သော အမိုးနီးယားနိုက်ထရိတ်ပါ ဓာတ်မြေသြဇာအိတ် ၁၀၀၀၀ ကျော်နှင့် ဖုန်း၊ တီဗွီ၊ အီးဗီဒီ၊ ဒီဗီဒီ သောင်းနှင့်ချီ ဖမ်းဆီးရမိ

တရုတ်နိုင်ငံဘက်မှ တင်သွင်းလာသည့် ဖောက်ခွဲရေးယမ်းအဖြစ် သုံးနိုင်သော အမိုးနီးယားနိုက်ထရိတ်ပါ ဓာတ်မြေဩဇာအိတ် ၁ဝဝဝဝ ကျော်နှင့် ဖုန်း၊ တီဗီ၊ အီးဗီဒီ၊ ဒီဗီဒီစက်များ သောင်းနှင့်ချီ ဖမ်းဆီးရမိခဲ့ ကြောင်း တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့ထံမှသိရသည်။

 တရုတ်နိုင်ငံဘက်မှ မန္တလေးလမ်းကြောင်းအတိုင်း သယ်ဆောင်လာသည့် ကုန်တင်ကားကြီး ၁၇ စီးပေါ်မှ နောင်ချိုမြို့တွင် ဇန်နဝါရီ ၂၄ ရက်က တားဆီးစစ်ဆေးပြီး ဖမ်းဆီးနိုင်ခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့မှ ဦးသိန်းဝင်း က ပြောကြားသည်။

ဦးသိန်းဝင်းက “အမိုးနီယားနိုက်ထရိတ်ပေါ့။ သာမန်ဆိုရင်တော့ ဓာတ်မြေဩဇာ ဒါပေမဲ့ ဖောက်ခွဲလို့ရတဲ့ ယမ်းအဖြစ်လည်း သုံးလို့ရတယ်။ အဲဒါကြောင့် ရဲတပ်ဖွဲ့ကလည်း ရောက်ရှိလာပြီး စစ်ဆေးနေဆဲ အဆင့် ပါပဲ။ အမိုးနီးယားနိုက်ထရိတ်အိတ်ကြီးပဲ ၁ဝဝဝဝ ကျော်တယ်။ ပြီးတော့ ဖုန်းအလုံးရေ ၁၅ဝဝဝ ကျော် တယ်။ ပြီးတော့ တီဗီ၊ အီးဗီဒီ၊ ဒီဗီဒီစက်တွေလည်း အများကြီးပဲ။ အခုထိ စစ်ဆေးနေဆဲအဆင့်ပါပဲ”ဟုပြောကြားသည်။

ယင်းဖမ်းဆီးရမိမှုဖြစ်စဉ်မှာ တရားမဝင် ကုန်သွယ်မှုအဖွဲ့၏ အကြီးမားဆုံး ဖမ်းဆီးနိုင်ခဲ့သည့် ဖြစ်ရပ် တစ်ခု လည်း ဖြစ်သည်။သို့သော်လည်း မည်သူမည်ဝါ လုပ်ဆောင်သည်ကို စစ်ဆေးနိုင်ခြင်းမရှိသေးဘဲ ကုန်တင် ကားကြီးများအား မောင်းနှင်သည့် ယာဉ်မောင်းများမှာလည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

“ဒါက ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်တွေထဲမှာ အများဆုံးပဲ။ သာမန်လို့တော့ ထင်ရပေမယ့် ဖောက်ခွဲရေးသုံး ပစ္စည်း တွေ ဖမ်းမိတာ ဒီတစ်ခါနဲ့ဆိုရင် သုံးကြိမ်လောက်ရှိပြီ။ တန်ဖိုးအနေနဲ့ တွက်ချက်လို့ မရသေးပါဘူး”ဟု ဦးသိန်းဝင်းက ဆက်လက်ပြောကြားသည်။

တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးကော်မတီကို ၂ဝ၁၂ ခုနှစ်က သမ္မတမှ ဖွဲ့စည်းပေးခဲ့ပြီး သုံးနှစ် အတွင်း ကျပ် ၁ဝ ဘီလျံခန့်ရှိသော တရားမဝင်ကုန်ပစ္စည်းများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment