Thursday 6 November 2014

နေပြည်တော်ကို အဝါရောင် လုံခြုံရေးအဆင့် သတ်မှတ်

နေပြည်တော်တွင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးပွဲကို အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမား တက်ရောက်မည် ဖြစ်သောကြောင့် နေပြည်တော်ကောင်စီ နယ်မြေ၏ လုံခြုံရေးကို အဝါရောင်အဆင့် (အရေးကြီးအဆင့်) သတ်မှတ်ထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ အစည်းအဝေး ကျင်းပသည့်အချိန်တွင် နေပြည်တော်ကောင်စီ၏ နယ်မြေလုံခြုံရေးကို လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းအဆင့် သတ်မှတ်ချက် ငါးချက်ထဲမှ အဝါရောင်အဆင့် သတ်မှတ်ထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ရဲမှူးကြီး ဇော်ခင်အောင်က The Voice သို့ ပြောကြားသည်။

အဆိုပါ အာဆီယံထိပ်သီး အစည်းအဝေးကို နေပြည်တော်တွင် နိုဝင်ဘာလ ၁၂ ရက်နေ့မှ စတင်ကာ ကျင်းပမည် ဖြစ်သည်။

ယင်းအစည်းအဝေး လုံခြုံရေးအတွက် ပြည်တွင်းရဲတပ်ဖွဲ့ဝင် အင်အား၏ ၁၀ ရာခိုင်နှုန်းကို သုံးစွဲ သွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

ယခုလက်ရှိတွင် နေပြည်တော်ကောင်စီ နယ်မြေသို့ ဝင်ရောက်နိုင်သည့် မြို့ဝင်ပေါက် ၆ ပေါက်ကို စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း အာဆီယံထပ်သီး အစည်းအဝေးပွဲအတွက် လုံခြုံရေး တာဝန်ယူထားသူ ရဲမှူးကြီး ဇော်ခင်အောင်က ဆိုသည်။

နေပြည်တော်ကောင်စီ နယ်မြေ အပါအဝင် ဆက်စပ်ခရိုင်များ ဖြစ်သော ရမည်းသင်း၊ တောင်ငူ၊ တောင်ကြီးနှင့် မကွေးခရိုင်များကိုပါ လုံခြုံရေးအဆင့် တိုးမြှင့်သတ်မှတ်ထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

အာဆီယံထိပ်သီး အစည်းအဝေးကို နိုဝင်ဘာလအတွင်း ကျင်းပမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံအတွင်းရှိ ခရီးသွားပြည်သူများ အနေနှင့် မည်သည့်ဒေသသို့ သွားရောက်စေကာမူ မှတ်ပုံတင်လက်တွင်း ကိုင်ဆောင်သွားရန်နှင့် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂ ရက်နေ့က ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment