Sunday 19 October 2014

ထပ်တိုးထီအက္ခရာများ ထီဆိုင်ကြီးအချို့ မရရှိဟုဆို

(၃၁၀) ကြိမ်မြောက် အောင်ဘာလေ သိန်းထီဖွင့်ပွဲအတွက် ထပ်မံတိုးမြှင့် ရိုက်နှိပ်ထားသော မြန်မာ့အောင်ဘာလေထီ အက္ခရာများကို အချို့သော ထီဆိုင်ကြီးများ ရရှိခြင်း မရှိကြောင်း ပြည်တွင်း ထီအရောင်းဆိုင်ကြီးများထံမှ သိရသည်။

မြန်မာအောင်ဘာလေထီကို ယခင်က အက္ခရာ ၃၃ လုံး (က မှ အ) အထိ ရိုက်နှိပ်ထုတ်ဝေရာမှ ယခု အောက်တိုဘာလမှ စတင်၍ (ကက မှ ကဇ အထိ) အက္ခရာခုနှစ်လုံး ထပ်မံရိုက်နှိပ်ခဲ့ပြီး ထပ်တိုးထုတ်ဝေသည့် အဆိုပါ အက္ခရာများကို အချို့သော ထီဆိုင်ကြီးများက ဝယ်ယူရရှိခြင်း မရှိကြောင်း မိတ္ထီလာမြို့နယ်ရှိ ရွှေမြန်မာ ထီအရောင်းကိုယ်စားလှယ် ဦးမင်းစိန်ဝင်းက ပြောကြားသည်။

ရန်ကုန်မြို့ ပန်းဆိုးတန်းတစ်ဝိုက်ရှိ ရွှေမြန်မာထီ အရောင်းဆိုင်များတွင်လည်း အဆိုပါ ထပ်တိုး ထီလက်မှတ်များမှာ ယခုမရရှိသေးဘဲ ရက် ၂၀ ကျော်လွန်ပြီး နောက်ပိုင်းမှသာ ရရှိမည် ဖြစ်သည်ဟု အဆိုပါ ထီဆိုင်များထံမှ စုံစမ်းသိရှိရသည်။

သို့သော်လည်း ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်ကမူ ထီလက်မှတ်များကို မည်သူ့ကိုမှ မျက်နှာလိုက် ရောင်းချခြင်းမရှိဘဲ နည်းလမ်းတကျ ရောင်းချခြင်းသာ ဖြစ်ကြောင်း ဈေးကွက်အတွင်း စွပ်စွဲပြောဆိုမှုများကို ငြင်းပယ်လိုက်သည်။
“သံသယဖြစ်တာမျိုး ရှိရင် ရုံးကိုလာပါ။ ကျွန်တော်တို့ ရှင်းပြပါ့မယ်” ဟု ဆိုသည်။

ထီလက်မှတ်များကို ပါမစ်စနစ်ခေါ် ကိုယ်တိုင်ခံဝန်စနစ်ခြင့် ရောင်းချခြင်းနှင့် ငွေကြိုသွင်းစနစ်ဖြင့် ရောင်းချခြင်း နှစ်မျိုးရှိပြီး ငွေကြိုသွင်းစနစ်တွင် ထီလက်မှတ် အုပ် ၁၀၀ မှ အုပ်ရေ နှစ်သောင်းအကြား ပမာဏကို မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ငွေကြိုသွင်း၍ အောင်ဘာလေသိန်းဆု ဌာနခွဲ (ရန်ကုန်ရုံးချုပ်) အရောင်းကောင်တာတွင် ဝယ်ယူနိုင်သည်ဟု အဆိုပါဌာနခွဲမှ သိရသည်။

“ရွှေမြန်မာက မရတာ မဟုတ်ပါဘူး။ မယူတာပါ။ မိုးယံရွှေလမင်းကတော့တို့ထက် ပိုပြီး ရောင်းအားကောင်းလို့ ထပ်တိုးအက္ခရာတွေကို ယူရောင်းတာပါ” ဟု သာကေတ မြို့နယ်နေ ရွှေမြန်မာထီ အရောင်းကိုယ်စားလှယ် ဦးစံဝိုင်းက ဆိုသည်။

ထီလက်မှတ်များကို ထပ်တိုး ထုတ်ဝေမှုများကြောင့် လက်လီဈေးကွက်ရှိ အချို့သော အရောင်းဆိုင်များတွင် ထီလက်မှတ်ဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး ထီထိုးသူများအတွက် ကောင်းမွန်ကြောင်း ၎င်းကဆိုသည်။

လာမည့် လများတွင်လည်း အောင်ဘာလေသိန်းဆုဌာနခွဲက ထီလက်မှတ်များကို ရောင်းမကောင်းဟု အကြောင်းပြကာ ထုတ်ဝေမှု လျော့ထုတ်၊ မထုတ် စောင့်ကြည့်ရမည် ဖြစ်ကြောင်း ဦးစံဝိုင်းက သုံးသပ်သည်။
thevoiceweekly

No comments:

Post a Comment