Sunday 12 October 2014

ATM မှ MPU ကတ်ဖြင့် ငွေထုတ်ယူရာတွင် စက်မှ ငွေဖြတ်တောက်လိုက်သော်လည်း ငွေလက်ခံရရှိခြင်း မရှိသည့် ဖြစ်စဉ်များရှိနေ

ATM မှ MPU ကတ်ဖြင့် ငွေထုတ်ယူရာတွင် စက်မှ ငွေဖြတ်တောက် လိုက်သော်လည်း ငွေလက်ခံရရှိခြင်းမရှိသည့် ဖြစ်စဉ်များရှိနေကြောင်း သိရသည်။

“ကျွန်မ ၂၄ ရက်ကဖြစ်တာ။ ပထမ တော်ဝင်စင်တာမှာရှိတဲ့ ကမ္ဘောဇက ATM မှာ ထုတ်တာ။ ငွေထွက်မလာဘူး။ အဲဒီမှာရှိတဲ့ လုံခြုံရေးက ပြောတယ်။ စက်ကပျက်နေတယ်တဲ့။ ဒါနဲ့ မျက်နှာချင်းဆိုင်က ပြည်လမ်းစိန်ဂေဟာမှာ သွားထုတ်တာ။ သုံးသိန်း သုံးသိန်း နှစ်ကြိမ်ပဲ ထုတ်ရသေးတယ်။ ငွေကlimitပြည့်သွားပြီတဲ့။ တစ်နေ့ ၁ဝ သိန်းအထိ ထုတ်ယူလို့ရတာ နှစ်ကြိမ်နဲ့ပြည့်သွားလို့ အဲဒါနဲ့ စက်ဌာနကို အကြောင်းကြားတယ်။ 

မန်နေဂျာနဲ့တော့ Money Takenဖြစ်နေတယ်ပေါ့။ အစ်မငွေယူသွားတယ်လို့ ပြောတယ်။ အဲ့ဒီတော့ အစ်မယူတာ မြင်လို့လားမေးတယ်။ ဒါဆိုCCTV ပြဆိုပြီးတော့ပြောတယ်။ ပထမသောကြာနေ့ချိန်းတယ်။ Money Takenဖြစ်နေတယ်လို့ ပြောတယ်။ ဒါနဲ့ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ထပ်ချိန်းတယ်။ အဲဒီမှာလည်း CCTVမှတ်တမ်းမပြနိုင်ဘူး။ CCTV မှတ်တမ်း မပြနိုင်တဲ့အပြင် ပြောပုံကလေ ဟိုအစ်မကပဲ ဟိုလိုလို ဒီလိုလိုပြောတယ်။ Customer တစ်ယောက် ပြောတဲ့ပုံမပေါက်ဘူး။ ဟုတ်တယ် KBZ ဆိုတာလည်း နာမည်ကြီးပါ။ အစ်မက သူတို့ကိုယုံပါတယ်။ ဒါပေမဲ့ အဲဒီမှာ သက်သေဆိုလို့ CCTV ပဲ ရှိမယ်လေ။ အခု နှစ်ပတ်ကျော်ပြီ မရသေးဘူး။ အထက်ကို တင်ပြပေးမယ်လို့တော့ ပြေ တယ်” ဟု စမ်းချောင်းမြို့နယ် ဗဟိုလမ်းနှင့် ကြံခင်းလမ်းထောင့်နေ မစီစီလျာက ဆိုသည်။

“အစ်မ သူငယ်ချင်း တစ်ယောက်လည်း အဲဒီလိုဖြစ်ဖူးတယ်။ ဧရာဝတီဘဏ်က ATM မှာ။ သူကတော့ပြောတယ်။ ဆုံးပြီလို့သာ မှတ်လိုက်လို့ ပြောတယ်။ သူဖြစ်တာ တစ်သိန်းခွဲ။ ကျွန်မက ကိုယ့်ပိုက်ဆံကို ပြန်လိုချင်တာပေါ့။ သုံးသိန်းဆိုတာ မများပေမယ့် မနည်းဘူးလေ။ နောက်ပြီးပြောတာ ဆိုတာကလည်း အချိုးမပြေဘူး။ အဲဒီတုန်းက တော်တော်ကို စိတ်တိုခဲ့ရတယ်။ ကျွန်မ သူငယ်ချင်းတွေဆို ကတ်တွေကို သိပ်မယုံကြလို့ သိပ်မသုံးဘူး။ ကျွန်မကတော့ ဘာပဲပြောပြော ၂၄ နာရီ ရတာဆိုပြီးတော့ သုံးနေတာ” ဟု မစီစီလျာက ဆိုသည်။

အလားတူပင် စက်တင်ဘာလလယ်ပိုင်းက သင်္ဃန်းကျွန်းမြို့ Junction (ဇဝန)ရှိ ယူနိုက်တက်အမရာဘဏ် ATM စက်တွင်လည်း ယင်းကဲ့သို့ ဖြစ်စဉ်ဖြစ်ပွား ခဲ့ကြောင်းလည်း သိရသည်။

“ကျွန်တော့်ကတ်ထဲမှာ ငွေ ၁၅ဝ၆ဝဝ ရှိတယ်။ အဲ့ဒီနေ့က ဖုန်းဝယ်မယ်ဆိုပြီးတော့Junctionဇဝနက ယူနိုက်တက်အမရာ ဘဏ်ကATM မှာ ငွေတစ်သိန်းခွဲထုတ်တာ။ ကတ်ပြန်ထွက်လာတယ်။ ငွေထွက်မလာဘူး။ ဒါနဲ့ ဧရာဝတီဘဏ်ကစက်ကို ပြောင်းထုတ်ကြည့်တာ။ ငွေလက်ကျန်မှာ မလုံလောက်ပါသဖြင့် ဆိုပြီးတော့ စာတန်းပေါ်လာတယ်။ ခြောက်ရာပဲ ကျန်တော့တယ်။ ဒါနဲ့ ယူနိုက်တက်အမရာဘဏ်က စက်နံဘေးHotline ဖုန်းကို ဆက်လိုက်တာ။ ဖြစ်ခဲ့တယ်ပေါ့။ အထက်ကို တင်ပြပေးပါမယ်။ ဗဟိုဘဏ်ကို စာတင်ရမယ်။ နှစ်ပတ်လောက်တော့ စောင့်ရမယ်လို့ ပြောတယ်။ အခုတော့ ပြန်ရပါပြီ” ဟု လမ်းမတော် ၁၅ လမ်းနေ လူကြီးမင်း(ဇဝန) ဖုန်းဆိုင်မှ ကိုယ်တွေ့ကြုံ ခဲ့ရသူ တစ်ဦးက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment