Sunday 10 August 2014

မန္တလေး ပဋိပက္ခတွင် ပြစ်မှုကျူးလွန်သူ ၁၁ ဦးကို အလုပ်နှင့် ထောင်ဒဏ်လေးနှစ် ချမှတ်

မန္တလေးမြို့တော်၌ ဇူလိုင်လ ၂ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် ဆူပူမှုနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတွင် ပါဝင်သူ ၁၁ ဦးကို ကျူးလွန်သည့် ပုဒ်မအရ သြဂုတ်လ ၈ ရက်နေ့က အောင်မြေသာစံမြို့နယ် တရားရုံးတွင် အလုပ်နှင့် ထောင်ဒဏ်လေးနှစ် အမိန့်ချမှတ်ခဲ့ပြီး တစ်ဦးကို လက်နက်မှုဖြင့် အလုပ်နှင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။ 

အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၆) နယ်မြေ ရဲတပ်ဖွဲ့စခန်း အတွင်းသို့ အမည်မသိ လူ ၅၀ ဦးခန့်သည် ဇူလိုင်လ ၂ ရက်နေ့ ည ၁၁ နာရီအချိန်တွင် ခဲများဖြင့် ပစ်ပေါက်မှုမှ တရားခံလေးဦးကို ပြစ်မှုပုဒ်မ ၁၅၃ အရ ထောင်ဒဏ် တစ်နှစ်စီ၊ ပုဒ်မ ၅၀၅ (ခ) အရ အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်စီ၊ ပုဒ်မ ၃၃၆ အရ အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်၊ စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် လေးနှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး မန္တလေး ပဋိပက္ခအတွင်း သေဆုံးသွားသည့် ဦးထွန်းထွန်းနာရေး ပို့ဆောင်ပြီးနောက် ပြန်လာကာ ဆော်ဟစ်ဆူပူ၍ ရုန်းရင်းဆန်ခတ် ဖြစ်ပွားစေရန် ပြုလုပ်သူ ခုနစ်ဦးကို ပြစ်မှုပုဒ်မ ၁၄၇ အရ အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၅၀၅ (ခ) အရ အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း လေးနှစ် ပြစ်ဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းအရ စုံစမ်းသိရှိရသည်။ 

ယင်းအပြင် ပဋိပက္ခအတွင်း လက်နက်ကိုင်ဆောင်သူ တစ်ဦးကို လက်နက် ပုဒ်မ ၁၉ (င) အရ အလုပ်နှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။ 

“အမှုအနေအထားတော့ မသိရသေးတဲ့အတွက် မှတ်ချက်ပေးဖို့ ခက်တယ်။ အမိန့်ချတာ များတယ် ဆိုရင်တော့ အယူခံဝင်လို့ ရတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။
ဦးထွန်းထွန်း သေဆုံးမှုနှင့် ပတ်သက်ပြီး တရားခံ ၁၁ ဦးကို ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် သြဂုတ်လ ၄ ရက်နေ့တွင် တရားစွဲဆိုခဲ့ပြီး သြဂုတ်လ ၁၁ ရက်နေ့တွင် အမှုစစ်ဆေးရန် ချိန်းဆိုထားကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဦးစိုးမင်း သေဆုံးမှုနှင့် ပတ်သက်၍ ကျူးလွန်သူဟု သံသယရှိသူ သုံးဦးကို ခေါ်ယူစစ်ဆေးနေပြီး တရားရုံးစွဲတင်နိုင်ခြင်း မရှိသေးပေ။ 

ဖြစ်စဉ်အပေါ် အကြောင်းပြု၍ မန္တလေးမြို့၌ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားရာတွင် အရေးယူမှုအဖြစ် လူသတ်မှု နှစ်မှုမှ ဖမ်းဆီးရမိသူ ၁၄ ဦး၊ ထွက်ပြေးသူ ရှစ်ဦး၊ နာကျင်စေမှု လေးမှုမှ ဖမ်းဆီးရမိသူ ရှစ်ဦး၊ ထွက်ပြေးသူ ၂၈ ဦး၊ လက်နက်မှု ခြောက်မှုမှ ဖမ်းဆီးရမိသူ ခုနစ်ဦး၊ မီးရှို့မှု တစ်မှုမှ ဖမ်းဆီးရမိသူ ၁၅ ဦး၊ ကျန်အခြားမှုများ ဖြစ်သည့် အဆောက်အအုံ ဖျက်ဆီးမှု၊ ရုန်းရင်းဆန်ခတ်မှုနှင့် ငြိမ်ဝပ်ပိပြားရေး ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်မှု သုံးမှုမှ ဖမ်းဆီးရမိသူ ၁၁ ဦးနှင့် ရဲအက် ၃၅ (ဃ) ဖြင့် သုံးမှုမှ ဖမ်းဆီးရမိသူ သုံးဦးရှိပြီး စုစုပေါင်း ၁၉ မှု ဖြစ်ပွားခဲ့၍ ဖမ်းဆီးရမိသူ နှစ်ဦးမှာ ပြစ်မှုနှစ်ခုတွင် ပါဝင်ကျူးလွန်ခဲ့သဖြင့် စုစုပေါင်း ဖမ်းဆီးရမိသူ ၅၆ ဦးနှင့် တိမ်းရှောင် ထွက်ပြေးသူ ၃၆ ဦးတို့အား ဥပဒေနှင့်အညီ အရေးယူထားကြောင်း နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက်တွင် သြဂုတ်လ ၂ ရက်နေ့က ထုတ်ပြန်ထားသည်။ 

မန္တလေးခရိုင်အတွင်း ညမထွက်ရ အမိန့်ကို ဇူလိုင် ၃ ရက်နေ့ကတည်းက ထုတ်ပြန်ထားပြီး သတ်မှတ်ချိန်ကို လျှော့ချပေးလျက် ရှိသည်။

The Voice Weekly 

No comments:

Post a Comment